သွေးလှူတော့မယ်ဆိုရိုးသားပါ

သွေးလှူတယ်ဆိုတာ အင်မတန်မှ မွန်မြတ်တဲ့ အလှူဒါနတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း မွေးနေ့၊ မင်္ဂလာနှစ်ပတ် လည်၊ အဲ့ဒီလို အထိမ်းအမှတ်နေ့တွေမှာ ဒီလိုကုသိုလ်မျိုးကို ယူတတ်ကြတယ်။ သင့်သွေးဖြင့် အသက်ကယ်ပါဆိုတဲ့ ဆောင်ပုဒ်လိုပဲ သူတစ်ပါးရဲ့ အသက်ကို ကယ်ရာလည်းရောက်တယ်။ သွေးရောဂါ ရှင်တွေ၊ နောက်ပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ခွဲစိတ်ရတာမျိုးတွေမှာဆို သွေးက တကယ် လိုအပ်တာ။ လူနာရှင်တွေမှာ အရေး အကြောင်းဆို သွေးလှူရှင်ရှာရတာ ဒုက်္ခ တွေကိုရောက်လို့။ ဒီအတွက် ခုနောက် ပိုင်းမှာ သွေးလှူရှင်တွေ၊ သွေးလှူရှင် အသင်းတွေလည်း ခပ်များများပေါ်လာ ကြတယ်။ ၀မ်းသာစရာလည်း ကောင်း ပါတယ်။
ဒါပေမဲ့ အဲဒီလိုသွေးလှူတော့မယ် ဆိုရင် သတိထားသင့်တာတစ်ခု ရှိတယ်။ အဲဒါ ဘာလဲဆိုရင် ကိုယ်ရဲ့သွေးဟာ သန့်နေဖို့တော့ လိုတယ်ဆိုတာပဲ။ တစ်ဖက် လူရဲ့ ကျန်းမာရေးကို ကူညီပေးဖို့ ကိုယ် တိုင်အရင်ကျန်းမာအောင် လုပ်ရတယ်။ ပေါင်ချိန်နည်းလွန်းရင်၊ သွေးအားနည်း နေရင် စတဲ့အခြေအနေမျိုးတွေဆို သွေး လှူလို့ မရနိုင်ဘူး။ အဲဒီလိုပဲ၊ ကျန်းမာ ကြံ့ခိုင်နေအောင်အပြင် ကိုယ့်ဆီမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ HIV ပိုးတွေ ရှိမနေအောင်လည်း သတိ ထားရမယ်။ ဒါမှ ကိုယ့်အလှူက မွန်မြတ် မယ်၊ ကူညီရာရောက်မယ်၊ မဟုတ်ရင် တော့ ပိုပြီးတော့တောင် ဒုက္ခပေးသလို ဖြစ်သွားနိုင်သေးတယ်။
ဒါဆို ဘာတွေ သတိထားရမလဲ။ ဘီပိုး၊ စီပိုးကတော့ ကူးနိုင်တဲ့ပုံစံများ တယ်။ ကာကွယ်ဖို့ကလည်း နည်းနည်း ခက်တယ်။ လုပ်လို့ရနိုင်တာကတော့ ဘီပိုးအတွက်ဆို ကာကွယ်ဆေးထိုးထား။ နောက်ပြီး တက်တူထိုးတာမျိုး မလုပ်နဲ့။ လုပ်မယ်ဆိုလည်း စိတ်ချရတဲ့နေရာမှာပဲ လုပ်။ ဘုရားပွဲလို၊ ပွဲဈေးလိုမျိုးမှာ သွား ထိုးလိုက်ရင် ဒီပိုးတွေ ကူးသွားနိုင်တယ်။
နောက်တစ်ခုက လိင်မှုဆိုင်ရာနဲ့ ပတ်သက်ရင် စောင့်ထိန်းဖို့ပဲ။ လူအတော် များများ ကြောက်ကြတဲ့ HIV ပိုး ဆိုတာက ဒီလိုအကာအကွယ်မဲ့ လိင် ဆက်ဆံရာကတစ်ဆင့် အဓိက ကူးစက် တယ်။ ဒါကြောင့် သွေးသန့်သန့်လှူချင် ရင် ကိုယ်ရဲ့လိင်မှုကိစ္စကိုလည်း စောင့် ထိန်းသင့်တယ်။ မထိန်းနိုင်ဘူးဆိုလည်း ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လို မယ်။ တစ်ခါတည်းပါဆိုပြီး ပေါ့လိုက်လို့ မရဘူး။
နောက်ပြီး HIV ပိုးမှာက Window period ဆိုတာ ရှိတယ်။ ဘာလဲဆိုတော့ ရောဂါပိုးကူးစက်ခံရပြီးချိန်နဲ့ သွေးစစ် ဆေးလို့ပေါ်တဲ့အချိန် ကြားကာလကို ခေါ်တာ။ များသောအားဖြင့် ၃ လ လို့ ပြောကြတယ်။ သဘောက အကာအကွယ် မဲ့ လိင်ဆက်ဆံမိလို့ဖြစ်ဖြစ် ရောဂါပိုးကူး သွားပြီဆိုရင် ချက်ချင်းသွေးစစ်ကြည့်၊ မပေါ်သေးဘူး၊ ၃ လနေလို့စစ်မှပဲ ပေါ် နိုင်မယ်။ အဲဒါကိုမသိဘဲ ငါ့မှာရောဂါ မရှိဘူးလို့ထင်ပြီး လိင်ဆက်ဆံမိရင် အဲဒီလူဆီ ကိုယ့်ဆီကပိုး ကူးသွားမယ်။ သွေးလှူလိုက်ရင် လက်ခံတဲ့သူဆီ ပိုးကူး သွားမယ်။ ဒါကြောင့် ဒီလို ၃ လနေမှပေါ် နိုင်တယ်ဆိုတာကို သိထားဖို့ လိုတယ်။ မတော်တဆ အကာအကွယ်မဲ့ လိင်ဆက် ဆံထားမိတာ ရှိတယ်ဆိုရင် ဒီ ၃ လ အတွင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုတယ်။ တခြားသူနဲ့ အကာအကွယ်မဲ့ ဆက်ဆံမှုမပြုဖို့၊ ဆက်ဆံခဲ့မယ်ဆိုလည်း ကွန်ဒုံးသုံးဖို့၊ နောက်ပြီး သွေးမလှူဖို့ အရေးကြီးတယ်။
ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ သွေးလှူမယ်ဆိုရင်တော့ မလှူခင် မေး ခွန်းတွေမေးတယ်။ HIV ပိုးကူးစက်နိုင် ခြေ ရှိမရှိ သိဖို့ပေါ့။ ဒါပေမဲ့ များသော အားဖြင့်က အမှန်မဖြေကြဘူး။ ဥပမာ ကိုယ် ဘယ်တုန်းက အကာအကွယ်မဲ့ လိင်ဆက်ဆံမိတယ်၊ ပျော်ပါးမိတယ်ဆို တာမျိုးပေါ့။ မရှိဘူး၊ မလုပ်ဘူးပဲ ဖြေလိုက် ကြတာပဲ။ သွေးစစ်ဆေးကြည့်တော့လည်း သွေးထဲမှာ ပိုးကရှိမနေဘူး။ ဒီတော့ သွေးသန့်တယ်ဆိုပြီး တစ်ဖက်လူဆီ သွင်းလိုက်ကြတာပေါ့။ အဲဒီမှာတင်ပဲ ကိုယ့်ဆီက ပိုးက သူ့ဆီရောက်သွားမယ်။ ကိုယ်ရဲ့သွေးကိုတောင် တကူးတက သွားလှူကြတဲ့ စိတ်ထားပိုင်ရှင်တွေဖြစ် လို့ ဘယ်သူမှတော့ ဒီလိုအခြေအနေမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး။ ကိုယ်ရဲ့မိသား စုဝင်တစ်ယောက် သွေးသွင်းရင်း ဒီလို ကူးသွားတယ်ဆိုလည်း ဘယ်သူမဆို စိတ်မကောင်းဖြစ်ကြမှာပဲ။ ဒါကြောင့် ရိုးသားပါ။ ဒီလိုအခြေအနေမျိုး ရှိနေ တယ်ဆို မလှူပါနဲ့။
နားတော့လည်ပါတယ်၊ ဘယ်သူက မှ ကိုယ်ဘယ်တုန်းက ပြည့်တန်ဆာနဲ့ ဆက်ဆံထားတယ် ဘာညာ ပြောထွက်မှာ လဲ။ ဒါကြောင့် ကိုယ့်အခြေအနေကိုယ် သိရင် အကြောင်းတစ်ခုခုပြပြီး အစောက တည်းက ငြင်းပေါ့။ တခြားလှူနိုင်မယ့် လူနဲ့ ချိတ်ဆက်ပေးလိုက်ပေါ့။ ဒီလိုကြိုး စားပေးလိုက်တာသည်လည်း တကယ် တော့ ပရဟိတပါပဲ။ ကိုယ့်ဆီမှာ ရှိနေနိုင် တဲ့ ရောဂါပိုးကို တခြားလူဆီ မရောက် အောင် သတိထားပေးလိုက်တာသည် လည်း ပရဟိတပဲ။
အဲဒီလိုအခြေအနေမျိုး၊ ကိုယ်အင် မတန်မွန်မြတ်တယ်လို့ ခံယူထားတဲ့ သွေးလှူဒါန်းခြင်းကို တစ်သက်လုံး ဘယ် တော့မှ လုပ်လို့မရတော့မယ့် အနေအထား မျိုး မဖြစ်ချင်ရင်တော့ ကိုယ်ရဲ့လိင်မှုကိစ္စ တွေကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။ အကာအကွယ်မဲ့ ဆက်ဆံတာမျိုး လုံးဝ မလုပ်မိဖို့လိုတယ်။ ကိုယ့်ဆီကနေ ရောဂါ ပိုးကို ဖြန့်လိုက်သလို ဖြစ်သွားတာမျိုး မဖြစ်သွားဖို့လည်း ရိုးသားပါ။ HIV ပိုးမှာ လူ့ခန္ဓာကိုယ်ထဲ ၀င်သွားပေမယ့် သွေးစစ်လို့ မပေါ်နိုင်သေးတဲ့ ကြားကာလ(Window Period) ဆိုတာ ရှိမှန်း သိထားပါ။ နောက်ပြီး အန္တရာယ်ရှိ အပြု အမူလုပ်ပြီး ၃ လအတွင်း သွေးမလှူပါနဲ့။ ဘယ်သူနဲ့မှ အကာအကွယ်မဲ့ ဆက်ဆံ တာမျိုး ထပ်မလုပ်ပါနဲ့။
အားလုံးကတော့ ကူညီချင်လို့ ဒီလိုသွေးလှူကြတာပါပဲ။ ဒါပေမဲ့ သိထား ရမှာတွေ မသိရင်၊ သတိထားရမှာတွေ မထားရင်တော့ ကိုယ်ရဲ့ကူညီမှုက ဒုက္ခ ပေးသလို ဖြစ်သွားနိုင်တာမို့ ဒီဆောင်း ပါးလေးရေးပြီး ပြောပြလိုက်ရတာပါပဲ။

◘ ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *