သောကစိတ်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုကမောက်ကမတွေ ဖြစ်စေလဲ

လူတိုင်း စိုးရိမ်ပူပန်တာ၊ စိုးရိမ်သောကရောက်တာမျိုးတွေ တစ်နေ့မဟုတ်တစ်နေ့ တစ်ချိန်မဟုတ်တစ်ချိန်တော့ ခံစားဖူးကြပါတယ်။ တချို့လည်း စိုးရိမ်စိတ်ရှိပေမယ့် နိစ္စဓူဝအလုပ်တွေကို ပုံမှန်လုပ်ကိုင်နိုင်ကြပြီး တချို့မှာ မရပ်တည်နိုင် လောက်အောင် ဆောက်တည်ရာမရ ဖြစ် တာမျိုးလည်း ရှိပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်စိတ်ဖြစ်ပေါ်လဲ၊ အချိန်ကာလ ဘယ်လောက်အထိ ကြာလဲ ဆိုတာကတော့ တစ်ယောက်နဲ့ တစ် ယောက် တူချင်မှ တူပါလိမ့်မယ်။

အာရုံကြောစနစ်
အာရုံကြောစနစ်မှာ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီး၊ အာရုံကြောနဲ့ အာရုံကြောဆဲလ်တွေ ပါဝင်ပါတယ်။ စိုးရိမ်စိတ်တွေ လွန်ကဲတဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်းထွက်လာပြီး နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာတွေဖြစ်ပြီး သွေးတွင်း သကြားဓာတ်လည်း မြင့်တက်လာပါ တယ်။ အဲဒီလိုအချိန်မှာ ခန္ဓာကိုယ်ရဲ့ သွေးတွေက ခြေထောက်နဲ့ လက်တွေဆီ ကို ပိုမိုစီးဆင်းတတ်ပါတယ်။ အချိန်ကြာ ကြာ စိုးရိမ်သောကဖြစ်နေမယ်ဆိုရင် နှလုံး၊ သွေးကြော၊ ကြွက်သားနဲ့ ခန္ဓာ ကိုယ်ရဲ့ တခြား အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။

ကြွက်သား
စိုးရိမ်ပူပန်မှုတွေဖြစ်တဲ့အခါ ကြွက်သားတွေအပေါ်မှာလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ပုခုံးပေါ်က ကြွက်သားတွေ တင်းလာပြီး ခေါင်းကိုက်တာနဲ့ ခေါင်း တစ်ခြမ်းကိုက်တာတွေ ဖြစ်စေပါတယ်။ ညင်သာစွာ နှိပ်နယ်ပေးတာ ဒါမှမဟုတ် အနားရစေတဲ့နည်းလမ်းတွေဖြစ်တဲ့ ယောဂကျင့်တာ၊ တရားထိုင်တာတွေ လုပ်ဆောင်ပေးပါ။

အသက်ရှူလမ်းကြောင်း
စိုးရိမ်သောကဖြစ်တဲ့အခါ သတိမထားမိပါဘဲ အသက်ရှူတာတွေ မြန်နေ တတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါရှိသူတွေမှာ ပိုမိုဆိုးရွား တတ်ပါတယ်။ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းရှူထုတ်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

နှလုံး
စိတ်ခံစားမှုတွေက အသေးအဖွဲဆုရင်တောင် နှလုံးအပေါ် ရိုက်ခတ်မှု ကြီး မားစေပါတယ်။ စိုးရိမ်သောကဖြစ်တဲ့အခါ သွေးဖိအားမြင့်တက်တာ၊ နှလုံးတိုက်ခိုက် ခံရတာ ဒါမှမဟုတ် လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။ စိုးရိမ်မှုတွေ အလွန်မြင့်မားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး နှလုံးခုန်မြန်တာ ဒါမှ မဟုတ် နှလုံးက ခက်ခက်ခဲခဲနဲ့ ပင်ပန်း ကြီးစွာ အလုပ်လုပ်ရတာတွေ ဖြစ်နိုင်ပါ တယ်။ ဒီလိုဖြစ်တာ အချိန်ကြာလာမယ် ဆိုရင်တော့ သွေးကြောနံရံတွေ မာကျောလာပြီး သွေးတွင်းအဆီဓာတ်တွေ များ လာတာ၊ တခြားပြဿနာတွေ ဖြစ်ပွားလာတာတွေ ဖြစ်နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်
ခန္ဓာကိုယ်မှာ သကြားဓာတ်တွေကို သိုလှောင်မှုများလာတဲ့အခါ ကိုယ်အလေး ချိန်များလာပြီး သွေးတွင်းမှာ သကြား ဓာတ်တွေ များလာတဲ့အခါ ဆီးချိုသွေးချို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။

စိုးရိမ်သောကတွေ များတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါ တယ်။ ဒီဟော်မုန်းက သွေးတွင်းမှာ သကြားဓာတ် များလာစေပါတယ်။

ခုခံအားစနစ်
စိုးရိမ်သောကတွေဖြစ်နေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောဂါပိုးမွှားတွေကို ခုခံကာ ကွယ်တဲ့စနစ်က အားနည်းသွားပါတယ်။ ဒေါသဖြစ်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျ တာတွေ ခံစားရတဲ့အခါမှာလည်း ဒီလိုပါ ပဲ။ ခုခံကာကွယ်တဲ့စနစ် အားနည်းသွား တဲ့အခါ ဗိုင်းရပ်စ်ပိုးတွေ ဝင်လာပြီး တုပ် ကွေးရောဂါ၊ ရေယုန် စတာတွေ ဖြစ်လာ နိုင်ပါတယ်။

အစာအိမ်
စိတ်တွေ ဂနာမငြိမ်ဖြစ်တဲ့အခါ အစာစားချင်စိတ်တွေ ပျောက်ပြီး အစာအိမ်က နာသလို၊ ပျို့ချင်သလို၊ အန်ချင်သလိုတွေ ဖြစ်တတ်ပါတယ်။ မကြာခဏ ဖြစ်ပါက အစာအိမ်နံရံမှာ အနာဖြစ်လာတတ်ပါတယ်။ တချို့လည်း စိတ်ဖိစီးမှု တွေ များတဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ သကြားပါဝင်မှုများတာတွေ စားသုံးတာကြောင့်လည်း အစာအိမ်ကို အလုပ်ပိုလုပ်ရစေပါတယ်။ အစာအိမ်က ခက်ခက်ခဲခဲ အစာချေဖျက်ရသလို အက် စစ်လည်း ပိုထွက်စေပါတယ်။ အစာနဲ့ အက်စစ်အရောတွေ နောက်ပြန်ထွက်တာကြောင့် စားချဉ့်ပြန်တာလည်း ဖြစ်နိုင်ပါ တယ်။

အူလမ်းကြောင်း
စိုးရိမ်စိတ်ကြောင့် အူလမ်းကြောင်းရဲ့အကျင့်လည်း ပြောင်းလဲသွားတတ်ပါတယ်။ ဝမ်းသွားတာ ဒါမှမဟုတ် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ဆေးဝါး သုံးစွဲပြီး ဖြေရှင်းနိုင်ပါ တယ်။

လိင်ကျန်းမာရေး
စိုးရိမ်သောကဖြစ်နေချိန်မျိုးမှာ လိင်စိတ်လည်း အားနည်းတတ်ပါတယ်။ စိုးရိမ်သောကတွေ ကြာရှည်ခံစားရပါက အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်း လျော့နည်းသွားပါတယ်။ ဒါဟာ သုက်ကောင်တွေ ထုတ်လုပ်မှု၊ ဖွံ့ဖြိုးမှုနဲ့ သူတို့ရဲ့ လှုပ်ရှားကူးခတ်မှုတွေကို အားနည်းသွားစေပါတယ်။ အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးခံစားရတဲ့ ပူလိုက်အေးလိုက် ဖြစ်တာ၊ အိပ်မပျော်တာ စတဲ့ ဝေဒနာမျိုး တွေ ခံစားရနိုင်ပါတယ်။

#ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
#GoodHealthJournal

Post Author: Good Health Journal