သောကများခြင်းကြောင့်ဖြစ်နိုင်သည့် ကျန်းမာရေးဆိုးကျိုးများ

လူတိုင်းမှာ စိုးရိမ်သောကရှိတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး စိုးရိမ်စိတ်များ နေတာ၊ စိုးရိမ်စိတ်ကြောင့် အလုပ်မလုပ်နိုင်တာ ဒါမှမဟုတ် မိသားစုအတွင်း တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုတွေပျောက်ဆုံးပြီး ပျော်ရွှင်မှုကင်းမဲ့တာတွေဖြစ်သွားခဲ့ရင် သင့် ကျန်းမာရေးအတွက် ပြဿနာရှိနိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။

♦ အာရုံကြောစနစ်အပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတာကြောင့် ဦးနှောက်ကနေ စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြားထွက်လာပါတယ်။ ဒီလိုထွက်လာရင် နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေ မြန်ဆန်လာတဲ့အပြင် သွေးတွင်းသကြားဓာတ်တွေပါ မြင့်မားလာကာ လက်နဲ့ခြေ ထောက်ဆီ သွေးတွေပိုမိုရောက်ရှိသွားပါတယ်။ အချိန်ကြာလာတဲ့အခါမှာ နှလုံး၊ သွေး ကြော၊ ကြွက်သားနဲ့ တခြားခန်္ဓာကိုယ်တွင်းအင်္ဂါစနစ်တွေကို ထိခိုက်လာနိုင်ပါတယ်။

♦ ကြွက်သားအပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတာကြောင့် ပခုံးနဲ့ လည်ပင်းကြွက်သားတွေ တောင့်တင်း လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အနှိပ်ခံ တာ၊ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာနဲ့ ယောဂကျင့်စဉ်တွေ ပြုလုပ်ပေးပါ။

♦ အသက်ရှူမှုအပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတဲ့အခါမှာ သင့်အနေနဲ့သင်မသိလိုက်ဘဲ ပုံမှန်ထက်အ သက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်နေတတ်ပါတယ်။ အကယ်၍များ သင့်မှာရင်ကျပ် ပန်းနာရောဂါ၊ အဆုတ်ရောဂါနဲ့တခြားရောဂါတွေရှိနေရင် ဝေဒနာပိုမိုဆိုးရွားနိုင်ပါတယ်။

♦ နှလုံးအပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတာကြောင့် စိတ်ဖိစီးမှုဟော်မုန်းထွက်ရှိလာပြီး နှလုံးခုန် နှုန်း ပိုမိုမြန်ဆန်လာပါတယ်။ ဒီလိုမျိုး မကြာခဏဖြစ်နေရင် သွေးကြောတွေ ရောင် ရမ်းလာပြီး သွေးကြောမာကျောကျစ်လျစ်တာ၊ သွေးတွင်းကိုလက်စထရောမြင့်မားတာ နဲ့ တခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

♦ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု
တစ်စုံတစ်ခုကို စိုးရိမ်စိတ်ဖြစ်ပေါ်နေရင် စိတ်ဖိစီးမှုဟော်မုန်းတွေကနေ လောင် စာအဖြစ်အသုံးပြုဖို့ သွေးတွင်းသကြားဓာတ်တွေမြင့်တက်လာအောင် လှုံ့ဆော်လိုက်ပါ တယ်။ ဒီလောင်စာကို အသုံးမပြုခဲ့ရင် အဝလွန်တာ၊ ဆီးချိုရောဂါတွေဖြစ်လာပြီး နောက် ပိုင်းမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ လေဖြတ်ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

♦ ခုခံအားစနစ်အပေါ်သက်ရောက်မှု
သင့်ခန္ဓာကိုယ်က စိုးရိမ်သောကကြောင့် ကာယကျန်းမာရေးကို ထိခိုက်မှုရှိရင် ပိုးမွှားတွေကို သေချာမတွန်းလှန်နိုင်တော့ပါဘူး။ ဒါကြောင့် အအေးမိတာ၊ တုပ်ကွေး ရောဂါ၊ ရေယုန်နဲ့ တခြားဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ အလွယ်တကူ ရရှိနိုင်ပါတယ်။

♦ အစာအိမ်အပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတဲ့အချိန်မှာ ပျို့တာအန်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုမကြာခဏဖြစ်နေရင် အစာအိမ်အမြှေးပါးမှာ အနာဖြစ်လာပြီး ဗိုက်အောင့်ဝေဒ နာခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ချိန်မှာ သင့်အနေနဲ့ အဆီနဲ့အချိုများတဲ့အစားအစာတွေ ကို စားမယ်ဆိုရင် အစာအိမ်က အစာခြေဖို့အတွက် ခက်ခက်ခဲခဲအလုပ်လုပ်ရတာ ကြောင့် အက်စစ်ဓာတ်တွေ ပိုမိုထွက်ရှိလာပါတယ်။ ဒီအက်စစ်တွေက လည်ချောင်း ထဲကို ဆန်တက်လာခဲ့ရင် ရင်ပူနာ(စားချဉ့်ပြန်တာ)ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

♦ အူအပေါ်သက်ရောက်မှု
စိုးရိမ်သောကများလွန်းတာကြောင့် မကြာခဏဝမ်းသွားတာ ဒါမှမဟုတ် ဝမ်းချုပ် တာတွေ ဖြစ်နိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့အစာစားတာ၊ လေ့ကျင့်ခန်းလုပ် တာ၊ ဝမ်းပျော့ဆေးသောက်တာမျိုးတွေ ပြုလုပ်ရပါမယ်။

♦ လိင်မှုကိစ္စအပေါ် သက်ရောက်မှု
စိုးရိမ်သောကများလွန်းတာကြောင့် လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုလျော့နည်းသွားပါ တယ်။ အချိန်ကြာလာတဲ့အခါမှာ အမျိုးသားရဲ့ Sex ဟော်မုန်း တက်စထရိုစတီရုန်းတွေ လျော့ကျသွားပြီး သုက်ပိုးမအောင်တာ၊ ပန်းသေပန်းညှိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ မီးယပ်သွေးဆုံးတဲ့အမျိုးသမီးတွေမှာတော့ စိုးရိမ်သောကများတာကြောင့် မျက်နှာပူ စပ်ပူလောင်ဖြစ်တာနဲ့ အိပ်မပျော်တဲ့ဝေဒနာဖြစ်တာတွေ ပိုမိုဆိုးရွားနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal