သွေးဆုံးပြီးနောက် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများ

သွေးဆုံးပြီးနောက် မိန်းမသားတွေ ရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေက ရင်ဆိုင်နိုင်ဖို့အတွက် ကြိုသိထားသင့်ပါတယ်။

မျက်လုံးပုံစံပြောင်းလဲခြင်း
မျက်လုံးပုံစံပြောင်းလဲတာက သေးငယ်တဲ့ပြောင်းလဲမှု ဖြစ်ပေမယ့် သတိထားမိနိုင်ပါတယ်။ တချို့တွေမှာ သိသိသာသာ ပြောင်းလဲမှုမရှိပေမယ့် တချို့ တွေမှာတော့ မျက်လုံးခြောက်တာ၊ မျက်လုံးမှာ အစင်းရာဖြစ်တာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

ကိုယ်အလေးချိန်ပြောင်းလဲခြင်း
သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော် မုန်းလျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အဆီတွေစုလာပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ နဂိုထက် ၂-၅ ပေါင်လောက် တက်လာပါတယ်။ အထူးသဖြင့် ဗိုက်နေရာမှာ အဆီစုပြီး ခါးတုတ်လာတတ်ပါတယ်။ ဒီလိုအဆီတွေ စုလာတာကြောင့် ကျန်းမာရေးပြဿနာ တွေကို ဖြစ်ပွားစေပါတယ်။

အရေပြားပြောင်းလဲခြင်း
အရေပြားက ခန္ဓာကိုယ်ရဲ့မျက်စိနဲ့ မြင်တွေ့ရတဲ့ အကြီးမားဆုံးအစိတ်အပိုင်းတစ်ခုပါ။ သွေးဆုံးပြီးချိန်မှာ အရေပြားခြောက်သွေ့တာနဲ့ ယားယံတာတွေ ခံစားရနိုင်ပါတယ်။ နေလောင်ကာခရင်မ်လိမ်းတာနဲ့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်နိုင်ပါတယ်။ ရေများများသောက်ပြီး ဆေးလိပ်နဲ့ အရက်ရှောင်သင့်ပါတယ်။

ရင်သားပြောင်းလဲခြင်း
သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေ ရဲ့ ရင်သားပုံစံပြောင်းလဲပြီး တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။ ရင်သားအနည်းငယ်ကျုံ့လာတာကြောင့် သွေးမဆုံးခင် တစ်နှစ်အတွင်းမှာ သိသိသာသာ ဖြစ်လာတတ်ပါတယ်။ သွေးဆုံးပြီးချိန်မှာတော့ အရင်က ၀တ်ခဲ့တဲ့အတွင်းခံအင်္ကျီ ပုံစံခွက်က ချောင်နေမှာ ဖြစ်ပါတယ်။

အရိုးပြောင်းလဲခြင်း
အီစထရိုဂျင်ဟော်မုန်းက အရိုးတွေ ပုံစံတကျဖြစ်စေဖို့ ကူညီပေးပါတယ်။ အမျိုးသမီးတွေက အသက် ၃၅ နှစ်ဝန်း ကျင်ကစပြီး အရိုးအားနည်းတာ အရိုးပါးတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီကနေစလို့ သွေးမဆုံးခင်အချိန်အထိ အရိုးရဲ့ ပျက်စီးမှုဖြစ်စဉ်တွေက ပိုမိုမြန်ဆန်ပါ တယ်။ အားနည်းလာတဲ့အရိုးက ကျိုးလွယ်တာကြောင့် ကယ်လ်စီယမ် ဖြည့်စွက်သောက်သုံးသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုတတ်ကြပါတယ်။

ခန္ဓာကိုယ်ပုံစံပြောင်းလဲခြင်း
သွေးမဆုံးခင်အချိန်အထိ အမျိုးသမီးအများစုရဲ့ ခန္ဓာကိုယ်ပုံစံက သစ်တော်သီးလေးလို တင်ပါးစွင့်စွင့်ကားကားနဲ့ လှပကြပါတယ်။ တဖြည်းဖြည်းနဲ့ သွေးဆုံးမခင်အချိန်မှာတောင် ဗိုက်နဲ့ခါးနေရာမှာ အဆီတွေစုလာပြီး ပန်းသီးပုံစံဖြစ်လာပါတယ်။

ဆီးသွားပုံပြောင်းလဲခြင်း
မီးယပ်သွေးဆုံးချိန်မှာ ဆီးအိတ်ကနေ အပြင်ကိုဆီးစွန့်တဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ခြောက်သွေ့တာ၊ နံရံပါးလာတာနဲ့ ကျုံ့ဆန့်နိုင်မှု အားနည်းလာတာ စတာတွေကြောင့် မကြာခဏဆီးသွားတာ ဖြစ်လာနိုင်ပါတယ်။ ချောင်းဆိုးတာ၊ ရယ်မောတာ ဒါမှမဟုတ် အလေးအပင် မ.တာတွေ လုပ်ပါက ဆီးထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တင်ပါးဆုံပိုင်း ကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

လိင်မှုကိစ္စပြောင်းလဲခြင်း
မီးယပ်သွေးဆုံးပြီးနောက်မှာ မိန်းမကိုယ် ခြောက်သွေ့တာနဲ့ အီစထရိုဂျင် လျော့နည်းတာကြောင့် တင်ပါးဆုံပိုင်း သန်မာမှုလည်း အားနည်းလာပါတယ်။ မိန်းမကိုယ်စွတ်စိုအောင် ခရင်မ်လိမ်းတာ နဲ့ အီစထရိုဂျင်ဟော်မုန်းကုသမှုတွေနဲ့ ကုသနိုင်ပါတယ်။ အမျိုးသားနဲ့ ပုံမှန် အတူနေပေးတာကြောင့်လည်း သွေးစီး ဆင်းမှုကောင်းစေပြီး မိန်းမကိုယ်ကြွက် သားတွေကို သန်မာစေပါတယ်။ တကယ်တော့ သွေးဆုံးပြီးချိန်မှာ ကလေးရမှာ ပူစရာမလိုတော့တာကြောင့် အမျိုးသားနဲ့ ပူပန်မှုမရှိ ပျော်ရွှင်တဲ့အိမ်ထောင်သာယာရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

နှလုံးကျန်းမာရေးပြောင်းလဲခြင်း
နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာနဲ့ နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တာ စတာတွေက သွေးဆုံးချိန်မှာ ဟော်မုန်းတွေ လျော့နည်းတာကြောင့် ပိုဖြစ်လွယ်စေပါတယ်။ အသက်ငယ်ငယ် နဲ့ သွေးဆုံးသူတွေ၊ သားဥအိမ် ခွဲစိတ်ဖယ်ရှားပြီးကုသမှုခံယူထားသူတွေမှာ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ အစာစားသုံးတာနဲ့ ဆေးလိပ်ငွေ့တွေနဲ့ အဝေးမှာနေတာတွေကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားမှုမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း
သွေးဆုံးချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း သက်ရောက်မှုရှိစေပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာနဲ့ လူမှုကူညီရေးတွေလုပ်ဆောင် ပြီး စိတ်ကျန်းမာအောင် လုပ်ဆောင်သင့်ပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *