ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ၂၈ ပတ်အတွင်းမှာ မိန်းမကိုယ်ကနေ သွေးတွေဆင်းလာတာမျိုး ဟာ မေမေတွေကြုံရလေ့ရှိပါတယ်။ ဒါဟာ သားအိမ်ထဲက အချင်းမကောင်းတာကြောင့်ဖြစ်နိုင်သလို မိခင်ရဲ့မွေး လမ်းကြောင်းတဝိုက်မှာ တခုခုဖြစ်နေတာကြောင့်လည်း သွေးတွေဆင်းတတ်ပါတယ်။ တခါတလေကျတော့ လည်း အကြောင်းရင်းမယ်မယ်ရရ ရှာမရတာတွေရှိတယ်။ သွေးမတိတ်တဲ့ရောဂါရှိသူတွေမှာလည်း အခုလို မျိုးသွေးတွေ ဆင်းတတ်ပါတယ်။
ဘာတွေက ကိုယ်ဝန်ဆောင်ကာလမှာ သွေးဆင်းစေလဲ?
- အချင်းရှေ့ရောက်တာ
- အချင်းကွာတာ
- ကလေးရဲ့သွေးကြောက မွေးလမ်းကြောင်းအဝနားအထိရောက်နေတာ
- သားအိမ်ခေါင်းကင်ဆာ
- သားအိမ်မှာ အသားလုံးဖြစ်တာ
- မိန်းမကိုယ်မှာ သွေးကြောတွေဖောင်းနေတာ
- ထိခိုက်ဒဏ်ရာရတာ
- ရောဂါပိုးဝင်တာ
ဒီထဲမှာမှ အချင်းရှေ့ရောက်တာနဲ့ အချင်းကွာတာကတော့ အဖြစ်များဆုံးအကြောင်းရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုအကြောင်းကို မေမေတွေကောင်းကောင်းသိထားဖို့ လိုပါတယ်။
အချင်းရှေ့ရောက်တာ (Placenta Previa)
အချင်းရှေ့ရောက်တယ်လို့ပြောရင် အချင်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ တစိတ်တပိုင်းပဲဖြစ်ဖြစ်ရှေ့ရောက်နေရင် သွေးသွန်တတ်ပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန် ၂၈ ပတ်နဲ့ အဲဒီနောက်ပိုင်းလောက်မှာ ဖြစ်လေ့ရှိပါတယ်။
ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေလဲ?
- အမြွာကိုယ်ဝန်ဆောင်တာ
- သားသမီးများများမွေးထားတာ
- မိခင်အသက်ကြီးတာ (၃၅နှစ် နောက်ပိုင်း)
- အရင်ကိုယ်ဝန်မှာ ခွဲမွေးထားတာ
- သားအိမ်ခွဲဖူးတာ၊ သားအိမ်ခြစ်ဖူးတာ
- သားအိမ်ပုံမှန်မဟုတ်တာ
- အငှားကိုယ်ဝန်ဆောင်တာ
အချင်းရှေ့ရောက်တာကိုမှ အမျိုးစားထပ်ခွဲပါသေးတယ်။ သားအိမ်ခေါင်းရဲ့အတွင်းပိုင်းအဝကို အချင်းက အုပ်ကာထားရင် Major Placenta Previa လို့သတ်မှတ်ပြီး သားအိမ်ရဲ့သားအိမ်အဝကိုမအုပ်ရင် Minor Placenta Previa လို့သတ်မှတ်ပါတယ်။ Major မှာမှ Type I posterior, III, IV လို့ထပ်ခွဲထားပြီး Minor မှာဆိုရင် Type I and II anterior လို့ခွဲထားပါတယ်။
အချင်းရှေ့ရောက်နေတာ ဘယ်လိုသိနိုင်သလဲ
လက္ခဏာတွေအနေနဲ့ကတော့
- အကြောင်းရင်းမယ်မယ်ရရမရှိဘဲ မကြာခဏသွေးဆင်းမယ်။ ကိုက်ခဲနာကျင်တာတွေတော့ မရှိတတ်ဘူး။ ဆင်းတဲ့သွေးကလည်း နီနီရဲရဲဖြစ်နေမယ်။
- သွေးဆင်းတာများသလောက် လူကလည်း ရင်တုန်တာ၊ မူးဝေတာ၊ ဖြူဖျော့တာ၊ သွေးပေါင်ကျတာတွေ ခံစားရပါတယ်။
- စမ်းကြည့်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ကာလအတိုင်း သားအိမ်အရွယ်အစားရှိပါတယ်။ သားအိမ်က ခပ်ပျော့ပျော့ဖြစ်ပြီး နာကျင်တာတွေမရှိပါဘူး။ သနေသားရဲ့ အစိတ်ပိုင်းလေးတွေကိုတောင် စမ်းမိတတ်ပါတယ်။ ဒါပေမယ့် ကလေးအနေထားမမှန်တာတော့ရှိတတ်တယ်။ အချင်းက ခံနေတဲ့အတွက် ခေါင်းလာမစိုက်သေးပါဘူး။
- နားထောင်ကြည့်ရင် ကလေးနှလုံးခုန်သံကို ကြားရပါတယ်။ အာထရာဆောင်းနဲ့ အတည်မပြုရသေးသရွေ့ မိန်းမကိုယ်ထဲ လက်ထည့်စမ်းတာတော့ မလုပ်ရပါဘူး။
အချင်းရှေ့ရောက်နေတာက နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်သလဲ?
အမေမှာဆိုရင် –
- သွေးတွေဆင်းတာများလာရင် ရှော့ရသွားနိုင်ပါတယ်။
- သွေးအားနည်းလာမယ်။
- မွေးပြီးရင်လည်း သွေးသွန်မယ်။
- မီးတွင်းမှာ သွေးဆိပ်တက် တတ်တယ်။
- ခွဲမွေးရနိုင်ခြေများတယ်။
- တခါဖြစ်ဖူးရင် နောက်တကြိမ် ထပ်ဖြစ်တတ်တယ်။
- အချင်းကပ်နေတာ၊ ကျန်နေတာတွေ ရှိနေနိုင်တယ်။
ကလေးမှာဆိုရင်တော့ –
- ကလေးအနေထားမမှန်တာ
- လမစေ့ဘဲမွေးတာ
- ကလေးကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာ
- မွေးရာပါချို့ယွင်းမှုတွေပါလာတာ
- ကလေးအသေမွေးတာ
အချင်းကွာတာ (Abruptio Placenta)
ပုံမှန်အတိုင်းရှိနေတဲ့အချင်းက အချိန်မတိုင်ဘဲ သားအိမ်နံရံကနေ ကွာလာတာကလည်း ကိုယ်ဝန်ဆောင်ကာလမှာ သွေးဆင်းရခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုပါပဲ။ သူ့မှာမှ သုံးပုံနှစ်ပုံလောက်က Revealed Type (သွေးချည်းပဲဆင်းတာ) ၊ သုံးပုံတစ်ပုံကတော့ Concealed Type (အပြင်ဘက်ကို သွေးမဆင်းဘဲ သားအိမ်ထဲမှာ သွေးတွေစုပြီး အချင်းအောက်မှာ သွေးခဲတွေဖြစ်နေတာ) နဲ့ Mixed Type သွေးဆင်းတာရော၊ သွေးခဲစုတာပါဖြစ်တဲ့ အရောကတော့ တချို့တလေတွေ့ရတတ်ပါတယ်။
ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေလဲ?
- သွေးပေါင်တက်တာ
- ကိုယ်ဝန်ဆိပ်တက်တာ
- ဆေးလိပ်သောက်တာ
- ဗိုက်ကို ထိခိုက်မိတာ
- ကိုကင်းလိုဆေးတွေ သုံးတာ
- သွေးကြဲဆေးသောက်နေရတာ
- ရေမြွာရေများတာ
- ကလေးမွေးတာများတာ
- အာဟာရချို့တဲ့တာ (အထူးသဖြင့် ဖောလိတ်ဓာတ် ? )
အချင်းကွာတာ ဘယ်လိုသိနိုင်သလဲ
လက္ခဏာတွေအနေနဲ့ကတော့
- ပြင်းပြင်းထန်ထန်ဗိုက်အောင့်လာမယ်
- တကယ်လို့ Revealed Type ဆိုရင် မိန်းမကိုယ်ကနေ သွေးခဲမပါဘဲ မဲညစ်ညစ်သွေးတွေ ဆင်းလာမယ်။
- ပျို့မယ်၊ မူးမယ်၊ ဂဏာမငြိမ်ဖြစ်မယ်။
- ကိုယ်ဝန်ဆောင်ကာလသွေးတိုးတာ၊ ဗိုက်ကို ထိခိုက်မိတယ်ဆိုတာမျိုး ကြုံထားမယ်။
လူနာကို စမ်းကြည့်တဲ့အခါ
- သွေးအဆင်းမများပေမယ့် လူက ဖျော့တော့အားနည်းနေတတ်ပါတယ်။
- သားအိမ်နံရံမှာ သွေးခဲတွေစုနေတဲ့အတွက် သားအိမ်ကိုကိုင်လိုက်ရင် မာမာတင်းတင်းဖြစ်နေပြီး အထိမခံနိုင်အောင် နာနေတတ်ပါတယ်။
- ကိုယ်ဝန်ဆောင်ကာလထက် သားအိမ်အရွယ်အစားက ပိုကြီးနေတတ်တယ်။
- သားအိမ်ကို စမ်းရတာလည်း ခက်ပါတယ်။
- ကလေးကတော့ ခေါင်းစိုက်နေပါပြီ။
- အခြေနေအရမ်းဆိုးရင်တော့ သနေသားက အထဲမှာ သေနေတတ်ပါတယ်။
အချင်းကွာတာက နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်သလဲ?
အမေမှာဆိုရင် –
- သားအိမ်ကြီးမာတောင့်နေတတ်ပါတယ်။ ဒါကို Couvelaire Uterus လို့ခေါ်ပါတယ်။
- မွေးပြီးသွေးသွန်တာ
- ရှော့ရတာ
- ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ဘဲ ဆီးသွားနည်းတာ၊ ဆီးမထွက်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။
- DIC ခေါ် တကိုယ်လုံးမှာ ပြန့်ကြဲပြီးသွေးခဲတာ
- သားအိမ်ကွဲထွက်တာ
- သွေးဆိပ်တက်တာ
- Sheehan’s Syndrome ခေါ်တဲ့ မီးတွင်းကာလမှာ ပစ်ကျူထရီဂလင်းလေး ပုပ်သွားတာ
- အမေအသက်ဆုံးရှုံးတာ
- တခါဖြစ်ထားရင် ပြန်ဖြစ်တတ်ပါတယ်။
ကလေးမှာဖြစ်လာနိုင်တာတွေကတော့ အချင်းရှေ့ရောက်ရင် ဖြစ်တာတွေနဲ့တူပါတယ်။
- ကလေးအနေထားမမှန်တာ
- လမစေ့ဘဲမွေးတာ
- ကလေးကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာ
- မွေးရာပါချို့ယွင်းမှုတွေပါလာတာ
- ကလေးအသေမွေးတာ တွေအပြင် သနေသားအသက်ရှူမဝတာကြောင့် အောက်ဆီဂျင်လုံလုံလောက် လောက်မရတာပါ ဖြစ်နိုင်ပါတယ်။
ဘာတွေ စစ်ဆေးပြီး ဘယ်လိုကုသမှုခံယူရမလဲ?
ဒီအခြေနေနှစ်ခုစလုံးဟာ ဆေးရုံသွားကို သွားရပါမယ်။ ဆေးရုံမှာတော့ အာထရာဆောင်းရိုက်တာ၊ သွေးစစ် တာ၊ ဆီးစစ်တာ၊ ကလေးနှလုံးခုန်နှုန်းတိုင်းတာ စတဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပေးပါလိမ့်မယ်။
သွေးတွေဆင်းထားတဲ့ဖြစ်တဲ့အတွက် လိုအပ်ရင် သွေးသွင်းတာ၊ ဆေးချိတ်တာတွေ လုပ်ပေးပါလိမ့်မယ်။ သွေးအားနည်းနေရင်လည်း ဖြည့်စွက်ဆေးတွေတိုက်မယ်။ မွေးရတော့မယ်ဆိုရင်လည်း ခွဲမွေးမလား၊ ရိုးရိုးမွေးမလားဆိုတာတွေ သေချာဆုံးဖြတ်ရပါတယ်။ ဒါတွေက ဆရာဝန်တွေက လုပ်ပေးသွားမှာတွေဖြစ်လို့ အသေးစိတ်မပြောတော့ပါဘူး။
အရေးကြီးတာက မေမေတွေကို မိသားစုဝင်တွေက စောင့်ရှောက်မှုဘယ်လိုပေးမလဲဆိုတာ၊ မေမေတွေက ဘာတွေလိုက်နာမရမယ်ဆိုတာ သိထားဖို့ပါပဲ။
- ကလေးကို မိခင်နို့တိုက်ကျွေးပါ။
- ကလေးကို သေချာဂရုစိုက်ပါ။
- သွေးအားနည်းနေမှာဖြစ်တဲ့အတွက် သွေးအားကောင်းစေမယ့် အစားစာတွေ၊ ဆေးတွေကို သေချာစားသောက်ပါ။
- Family Plan နဲ့ Birth Spacing လို့ခေါ်တဲ့ ဘယ်လောက်အကြာမှာမှ ကလေးယူမယ်၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ဘယ်လောက်ခြားမယ်၊ မွေးလာတဲ့ကလေးအတွက် ဘယ်အချိန်မှာ ဘာတွေဖြည့်ဆည်းပေးဖို့  အဆင်သင့်လုပ်ထားရမယ် ဆိုတာတွေကို အတိအကျပြင် ဆင်ထားဖို့လိုပါတယ်။
- တကယ်လို့ ကလေးအသေမွေးတာမျိုးတွေ ရှိရင်တော့ မိခင်ဖြစ်သူကို Bromocriptine လို နို့ခမ်းဆေးတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ၊ ဂရုစိုက်မှုတွေ ပေးကိုပေးရပါမယ်။
- ပြီးတော့ မိခင်ဖြစ်သူကိုကျန်းမာရေးအသိပေးတာမျိုး၊ နောက်ထပ်မဖြစ်အောင် ဖြစ်တေဲ့အချက်လေးတွေကနေ ကြိုတင်ကာကွယ်တာမျိုးတွေ ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။
မေတ္တာဖြင့်…
ဒေါက်တာစိမ့်