ဆော်ဒါကဲ့သို့ ကယ်လိုရီများသည့် ဖျော်ရည်များ

ဆော်ဒါသံဘူးတစ်ဘူးမှာ ၁၂၅-၁၈၀ ကယ်လိုရီအထိ ပါဝင်ပါတယ်။ ဒီကယ်လိုရီတွေအကုန်လုံးက သကြားကနေ ရရှိတာဖြစ်ပြီး သံဘူးတစ်ဘူးစာဆော်ဒါမှာ သကြားက လက်ဖက်ရည်ဇွန်း ၈-၁၁ ဇွန်းအထိ ပါဝင်တာမို့ ဆော်ဒါပါတဲ့ဖျော်ရည်တွေကို နေ့စဉ် သုံးလေးဘူးလောက် သောက်တာက သင် တခြားအစာတွေ မစားရင်တောင် ၀ိတ်တက်လာမှာ မလွဲပါဘူး။ ဒါကြောင့် သင်ဟာ ၀ိတ်တက်မှာစိုးလို့ ဆော်ဒါပါတဲ့ဖျော် ရည်တွေကို မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသလား။ အောက်ပါဖျော်ရည်တွေ ဟာလည်း ဆော်ဒါလိုမျိုး ကယ်လိုရီများတဲ့ဖျော်ရည်တွေ ဖြစ်တဲ့အတွက် ၀မှာစိုးသူတွေ ရှောင်ကြဉ်သင့်ပါတယ်။

သစ်သီးဖျော်ရည်
ပန်းသီး၊ လိမ္မော်သီးနဲ့ တခြားသစ်သီးဖျော်ရည်တွေမှာ ဗီတာမင်တွေ များစွာ ပါဝင်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာလို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီဖျော်ရည်တစ်ခွက်စာမှာ ကယ်လိုရီက ၁၀၀-၁၅၀ အထိ ပါဝင်ပါတယ်တဲ့။ သစ်သီး ၁၀၀ ရာခိုင်နှုန်းပါဝင်တဲ့ဖျော်ရည်သောက်ရင်တောင်မှ ဒီဖျော်ရည်ထဲက ကယ်လိုရီအ များစုဟာ သကြားကနေ ရရှိတာဖြစ်ပါတယ်။ ဒါကြောင့် သစ်သီးဖျော်ရည်သောက်မယ့် အစား သစ်သီးကိုပဲ ဒီအတိုင်း စားလိုက်ပါ။

လက်ဖက်ရည်
လက်ဖက်ရည်တစ်ခွက်စာမှာ ကယ်လိုရီ ၁၅၀ ပါဝင်ပါတယ်။ မလိုင်ထည့်ရင် ထည့်သလို ကယ်လိုရီပါဝင်တာက ပိုများသွားနိုင်ပါတယ်။

ဖျော်ရည်စုံများ
ဖျော်ရည်တစ်ခွက်စာမှာ ကယ်လိုရီ ၁၅၀-၁၈၀ အထိ ပါဝင်ပြီး အဓိကက သကြားလက်ဖက်ရည်ဇွန်း ခုနစ်ဇွန်းစာကနေ ရရှိတာဖြစ်ပါတယ်။

ချောကလက်ဖျော်ရည်
မလိုင်မပါတဲ့ နွားနို့နဲ့ ဖျော်ထားတဲ့ ချောကလက်ဖျော်ရည်တစ်ခွက်စာ (လက်ဖက် ရည်ပန်းကန်နဲ့) ၈၀-၉၀ ကယ်လိုရီပါဝင်ပေမဲ့ စားပွဲဇွန်းတစ်ဇွန်းစာ ချောကလက် အရည်မှာတော့ ဆော်ဒါတစ်ဘူးစာနဲ့ ကယ်လိုရီပါဝင်နှုန်း တူညီပါတယ်။ ချောကလက် ဖျော်ရည်သောက်တဲ့အခါမှာ မလိုင်ပါတာ မပါတာပေါ် မူတည်ပြီး ကယ်လိုရီက ၁၄၀-၂၅၀ အထိ ရရှိနိုင်ပါတယ်။

ကော်ဖီ
ဘလက်ခ်ကော်ဖီတစ်ခွက်မှာ ကယ်လိုရီ လုံးဝမပါဝင်ပါဘူး။ ဒါပေမဲ့ ကော်ဖီ ကြိုက်နှစ်သက်သူတွေအနေနဲ့ သကြားနဲ့နို့ထည့်သောက်တဲ့အပေါ်မှာ မူတည်ပြီး ရရှိ နိုင်တဲ့ ကယ်လိုရီက ၁၅၀-၄၀၀ ကြားအထိ ဖြစ်သွားနိုင်ပါတယ်။

နို့သစ်သီးဖျော်ရည်
နို့သစ်သီးဖျော်ရည် တစ်ခွက်စာမှာ ၂၀၀-၄၀၀ ကယ်လိုရီအထိ ပါဝင်ပါတယ်။ မလိုင်ထည့်တာ၊ ပျားရည်ထည့်တာနဲ့ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီ အ နည်းအများကွာခြားသွားနိုင်ပါတယ်။

Energy Drink
ရှစ်အောင်စခွက်တစ်ခွက်စာမှာ ပါဝင်တဲ့ ကယ်လိုရီဟာ ဆော်ဒါ ၁၂ အောင်စ မှာ ပါဝင်တဲ့ ၁၅၀ ကယ်လိုရီနဲ့ ညီမျှပါတယ်။ ကယ်လိုရီအများစုက သကြားကရရှိပြီး တစ်ခွက်စာမှာ သကြား လက်ဖက်ရည်ဇွန်း ရှစ်ဇွန်းအထိ ပါဝင်နိုင်ပါတယ်။

ဘီယာ
ဘီယာသံဘူးတစ်ဘူးစာမှာ ၁၅၀ ကယ်လိုရီပါဝင်ပါတယ်။ အယ်လ်ကိုဟောပါဝင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး ကယ်လိုရီအနည်းအများ ကွာခြားသွားနိုင်ကာ ၂၀၀ ကယ်လိုရီအထိ ပါဝင်နိုင်ပါတယ်။

ဝိုင်
ငါးအောင်စစာ အဖြူရောင်ဝိုင်တစ်ခွက်မှာ ၁၂၀ ကယ်လိုရီပါဝင်ပြီး အနီရောင် ၀ိုင်တစ်ခွက်မှာ ၁၂၅ ကယ်လိုရီပါဝင်ပါတယ်။ ၀ိုင်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သကြား နဲ့ သစ်သီးတွေပေါ်မှာ မူတည်ပြီး ၁၄၀-၂၀၀ ကယ်လိုရီအထိ ပါဝင်နိုင်ပါတယ်။

ဆော်ဒါခါး
ဆော်ဒါကိုယ်တိုင်က ကယ်လိုရီများစွာ ပါဝင်တဲ့အတွက် အရက်နဲ့တွဲလိုက်တဲ့ အခါမှာ ကယ်လိုရီက အလွန်များသွားနိုင်ပါတယ်။ ဆော်ဒါခါးသံဘူးတစ်ဘူးစာမှာ ၁၇၅-၂၆၀ ကယ်လိုရီအထိ ပါဝင်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *