ရောဂါပိုးအများဆုံးခိုအောင်းနိုင်သော လူအများနှင့်ထိတွေ့မှုများသည့်ပစ္စည်းများ

Covid-19 ရောဂါက ကူးစက်မှုမြန်တဲ့ ကမ္ဘာ့ကပ်ရောဂါအသွင်အဖြစ် ရှိနေ စဉ်မှာ ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် မိမိလက်ကို မကြာခဏဆေးကြော တာ၊ လူအများအသုံးပြုတဲ့ ပစ္စည်းတွေကို သတိနဲ့ကိုင်တွယ်တာ၊ သူတို့ကို ကိုင်တွယ် အပြီး လက်ဆေးတာ၊ လူထူထပ်တဲ့နေရာတွေကို မသွားတာ၊ လက်မဆေးဘဲ မျက်နှာ နှာခေါင်း ပါးစပ် မျက်လုံးကို မကိုင်တွယ်တာလိုမျိုးတွေ ပြုလုပ်ရပါမယ်။ ဒါ့အပြင် မိမိနေ့စဉ်အသုံးပြုနေတဲ့ ဖုန်းကိုလည်း မကြာခဏ သန့်စင်ပေးရပါမယ်။ ရောဂါပိုး အများဆုံးခိုအောင်းနိုင်တဲ့ လူအများနဲ့ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တဲ့အတွက် သူတို့နဲ့ မလွဲမသွေထိတွေ့ရတော့မယ်ဆိုရင် သတိ ထားမိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

♦ အားကစားခန်းမ
လေ့လာမှုအရ အားကစားခန်းမမှာရှိတဲ့ အလေးမပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ ပေါ်မှာ အိမ်သာထဲက ရောဂါပိုးမွှားတွေလိုမျိုး ပိုးမွှားတွေကပ်ငြိနေတယ်လို့ သိရပါ တယ်။ အားကစားခန်းမက ပစ္စည်းတွေကို ထိတွေ့ရာကတစ်ဆင့် သင့်အရေပြားပေါ်ကို ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အားကစားခန်းမက ပစ္စည်းတွေကို အ သုံးမပြုခင်မှာ သန့်ရှင်းရေးသေချာပြုလုပ်ပြီးမှ ကိုင်တွယ်ပါ။

♦ သောက်ရေပန်းစက်
လေဆိပ်တွေမှာ ထားရှိတဲ့ အများသုံးသောက်ရေပန်းစက်တွေက ရေတွေက အများသုံးအိမ်သာထက် ပိုပြီးညစ်ပတ်ပါတယ်။ အိမ်သာကို သန့်ရှင်းရေးပုံမှန်လုပ်သူ တွေရှိနေပေမယ့် ဒီသောက်ရေပန်းကိုတော့ သန့်ရှင်းရေးလုပ်လေ့မရှိကြလို့ပါလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် သွားလေရာမှာ ရေသန့်ဘူးသာ သယ်ဆောင် သွားပါ။

♦ ဆပ်ပြာရည်ထုတ်စက်
ဒီစက်တွေက ပိုးမွှားတွေ ပေါက်ဖွားရာနေရာဖြစ်ပါတယ်။ အဲဒီကဆပ်ပြာတွေ အသုံးပြုပြီး သင့်လက်ကို ဆေးကြောတဲ့အခါမှာ စက္ကန့် ၂၀ ကြာအောင် ဆေးကြော ပါ။ လက်ဆေးအပြီး အိမ်သာတံခါးပြန်ဖွင့်ထွက်မယ်ဆိုရင်လည်း တံတောင်ဆစ်ကို သာ အသုံးပြုပါ။ လေ့လာမှုတွေအရ အိမ်သာသွားပြီး လက်မဆေးတဲ့ အမျိုးသားပေါင်း ၃၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီးပေါင်း ၆၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

♦ ဓာတ်လှေကားခလုတ်
ဓာတ်လှေကားခလုတ်ကလည်း လူအများရဲ့ လက်နဲ့ ထိတွေ့ရဆုံးပစ္စည်းဖြစ်တာ မို့ အဲဒီမှာ ကျန်ရှိခဲ့တဲ့ ပိုးမွှားပေါင်းများစွာက သင့်ဆီကို ရောဂါကူးစက်နိုင်ပါတယ်။ လက်ဆစ်ခေါက် ဒါမှမဟုတ် တံတောင်ဆစ်ကို အသုံးပြုပြီး ခလုတ်နှိပ်ပါ။

♦ ဈေးဝယ်တွန်းလှည်း
ကုန်တိုက်တွေက ဈေးဝယ်တွန်းလှည်းလက်ကိုင်မှာ ပိုးမွှားတွေက ၁၁ သန်း လောက် ရှိနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အဲဒီတွန်းလှည်းတွေကို ပိုးသန့် စင်တဲ့ Wet Tissue နဲ့ အရင်သန့်စင်ပြီးမှ ကိုင်တွယ်ပါ။

♦ ATM စက်
ATM စက်ထဲက ပိုက်ဆံထုတ်ဖို့ ဘယ်သူကမှ လက်အိတ်တွေ၊ တစ်ရှူးတွေ အသုံးပြုလေ့မရှိပါဘူး။ ဘယ် ATM ကုမ္ပဏီကမှလည်း အဲဒီ Touch Screen ကို ပုံမှန်သန့်စင်ပေးလေ့မရှိပါဘူး။ အကောင်းဆုံးကတော့ ဘောပင်ကို အသုံးပြုပြီး နှိပ်ပါ။

♦ သစ်သီးစိတ်များ
စားသောက်ဆိုင်က သစ်သီးဖျော်ရည်ထည့်တဲ့ ဖန်ခွက်ပေါ်မှာ သစ်သီးစိတ်တွေကို အလှဆင်ထားတတ်ကြပါတယ်။ အဲဒီသစ်သီးစိတ်တွေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှား ၇၀ ရာခိုင်နှုန်းနီးပါး ပါဝင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကောင်းဆုံးက တော့ ဖျော်ရည်မှာသောက်တဲ့အခါမှာ သစ်သီးစိတ်တွေ အလှမဆင်ခိုင်းပါနဲ့။

♦ စားသောက်ဆိုင်မှ Menu များ
ဒီ Menu စာရွက်တွေ၊ စာအုပ်တွေပေါ်မှာရှိတဲ့ ပိုးမွှားတွေက အိမ်သာအိုးမှာရှိတာ ထက် အဆတစ်ရာ ပိုများပါတယ်။ လူပေါင်းများစွာ ကိုင်တွယ်ထားတဲ့အတွက်ကြောင့် ပါ။ အဲဒီစာအုပ်တွေကို ကိုင်ပြီးတာနဲ့ သင့်လက်တွေကို သေချာဆေးကြောပါ။ အဲဒီ Menu တွေကို သင်စားမယ့် ပန်းကန်ပေါ်မှာ မတင်မိပါစေနဲ့။

♦ Touch Screen
လေ့လာမှုအရ လက်နဲ့တို့ပြီး အသုံးပြုရတဲ့ ဖုန်း၊ Tablet ၊ ကွန်ပျူတာမျက်နှာ ပြင်လိုမျိုး Touch Screen ပေါ်မှာ ရောဂါပိုးမွှားစုံ ကပ်ငြိနေတယ်လို့ သိရပါတယ်။ စားသောက်ဆိုင်တချို့ကို စစ်ဆေးခဲ့ရာ အစားအစာမှာကြားရာမှာ သူတို့အသုံးပြုတဲ့ Touch Screen ပေါ်မှာ သွေးဆိပ်တက်စေတဲ့ ပိုးမွှားတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် တဲ့ ဘက်တီးရီးယားတွေလည်း စုပုံနေတတ်ပါတယ်။ အကောင်းဆုံးကတော့ Touch Screen ကို အသုံးမပြုဘဲ ကောင်တာမှာ တန်းစီပြီး အော်ဒါမှာပါ။

♦ လက်ခြောက်ခံစက်
အိမ်သာအိုးထဲက ရေကို ဆွဲချတဲ့အခါမှာ ဘက်တီးရီးယားတွေက အိမ်သာထဲက လေထုထဲကို ပျံ့နှံ့သွားပါတယ်။ အဲဒီထဲက တချို့တွေက လက်ခြောက်ခံစက်ပေါ် ကပ်ငြိသွားပါတယ်။ လက်ဆေးအပြီး လက်ခြောက်ခံစက်ကို အသုံးပြုတာက လေထဲ ရောက်နေတဲ့ ပိုးမွှားတွေ၊ အခြောက်ခံစက်မှာရှိတဲ့ ပိုးမွှားတွေက မိမိရဲ့ လက်ကို အ လျင်အမြန်ကပ်တွယ်သွားနိုင်တယ်လို့ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။ အ ကောင်းဆုံးကတော့ တစ်ရှူးနဲ့သာ သုတ်ပါ။

♦ တည်းခိုခန်းမှ အိပ်ခန်း
လူတကာ အသုံးပြုနေတဲ့ တည်းခိုခန်းရဲ့ အိပ်ခန်းမှာရှိတဲ့ တီဗီရီမုဒ်၊ မီးခလုတ်၊ ဆံပင်အခြောက်ခံစက်၊ တယ်လီဖုန်းနဲ့ ဖန်ခွက်တွေမှာလည်း ရောဂါပိုးမွှားတွေ ကျန်ရှိ နေတတ်ပါတယ်။ သူတို့ကို အသုံးမပြုခင်မှာ သေချာ သန့်စင်ပါ။

♦ ကလေးကစားကွင်း
ကလေးကစားကွင်းမှာရှိတဲ့ လျှောတွေ၊ ဒန်းတွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်လေ့မရှိပါဘူး။ ဒါ့အပြင် ပင်လယ်ကမ်းစပ်မှာ ကလေးတွေ ကစားတဲ့ သဲနဲ့ ရွှံ့တွေ ထည့်တဲ့ ပလတ်စတစ်ခွက်တွေမှာ ရှိနေတဲ့ ပိုးမွှားတွေက စားသောက်ဆိုင်က လင်ဗန်း တွေထက် ၃၆ ဆ ပိုများတယ်လို့ သိရပါတယ်။ အဲဒီပစ္စည်းတွေကို Hand Sanitizer တွေ၊ Anti Bacterial ပါတဲ့ Wet Tissue တွေနဲ့ သန့်စင်ပေးပါ။

♦ ရေကူးကန်
ရေကူးကန်နဲ့ Water Park တွေက ကလေးတွေ အများကြီးရှိတဲ့နေရာပါ။ ကလေးတွေက အီးပါပြီးရင် ကိုယ့်ဘာသာကိုယ် စင်အောင် မပြုလုပ်တတ်ပါဘူး။ ဒါ ကြောင့် သူတို့အီးပါအပြီး ရေကူးကန်ထဲ ဆင်းလိုက်တဲ့အခါမှာ သူတို့ရဲ့ မစင်တွေက ရေထဲမှာ ကျန်ရှိနေတတ်ပါတယ်။ လေ့လာမှုအရ ရေကူးကန်ထဲမှာ ကလေးငယ်တွေ ရဲ့ မစင်တွေက ၁၀ ဂရမ်အထိ ရှိတယ်လို့သိရပါတယ်။ ရေကူးကန်ထဲက ကလိုရင်း တွေကလည်း ပိုးမွှားအားလုံးကို သုတ်သင်နိုင်စွမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ရေကူးကန်ထဲက ရေကို ပါးစပ်ထဲ မဝင်မိအောင် သတိထားဖို့ပဲဖြစ်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal