အထိုင်များတာက ဘာကြောင့် ကျန်းမာရေးဆိုးရွားရပါသလဲ ?

နှလုံးကျန်းမာရေးထိခိုက်နိုင်
သိပ္ပံပညာရှင်တွေက တစ်နေ့တာလုံး ထိုင်ပြီး အလုပ်လုပ်ရတဲ့ အဝေးပြေးကား ယာဉ်မောင်းတွေနဲ့ တစ်နေ့တာလုံး မတ်တတ်ရပ်ပြီး အလုပ်လုပ်ရတဲ့ လုံခြုံရေးလုပ် သားတွေကို လေ့လာမှုပြုလုပ်ရာမှာ ထိုင်ပြီး အလုပ်လုပ်ရသူတွေက မတ်တတ်ရပ် ပြီး အလုပ်လုပ်ရသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကို တွေ့ရှိခဲ့ပါတယ်။

အသက်တိုနိုင်
အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်ရသူတွေက အရွယ်မတိုင်ခင် အသက် သေဆုံးနိုင်ခြေ များပါတယ်။ သင် လေ့ကျင့်ခန်းလုပ်တာ၊ မလုပ်တာနဲ့ မသက်ဆိုင်ပါ ဘူး။ ဒီလိုပြောလို့ လေ့ကျင့်ခန်းမလုပ်ဘဲနဲ့ မနေလိုက်ပါနဲ့။ လေ့ကျင့်ခန်းမလုပ်ရင် ပိုပြီးတော့တောင် အသက်တိုနိုင်ပါတယ်။

သူငယ်ပြန်နိုင်
အချိန်အကြာကြီးထိုင်သူတွေက သူငယ်ပြန်နိုင်ခြေမြင့်မားပါတယ်။ ဒါ့အပြင် အထိုင်များတာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ သွေးတိုးရောဂါနဲ့ ကိုလက်စထရောတွေ မြင့်တက်လာနိုင်ပြီး ဒါတွေအားလုံးကြောင့်လည်း သူငယ်ပြန်နိုင် ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အကျိုးကျေးဇူး မခံစားရနိုင်
အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်သူတွေက လေ့ကျင့်ခန်းလုပ်တဲ့အကျိုးကျေး ဇူးကို မခံစားရနိုင်ပါဘူး။ တစ်ပတ်ကို ၂-၃နာရီလုပ်ဖို့ အကြံပေးထားပေမယ့် တစ်ပတ်ကို ခုနစ်နာရီကြာအောင် လေ့ကျင့်ခန်းလုပ်ရင်တောင် ခုနစ်နာရီလောက်ကြာအောင် ထိုင်ပြီး အလုပ်လုပ်ရတဲ့ဆိုးကျိုးတွေကို ပြန်ပြီး မပြုပြင်နိုင်ပါဘူး။

ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မားနိုင်
တစ်နေ့တာလုံး ထိုင်နေတဲ့အတွက် ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါ့အပြင် စွမ်းအင်ရရှိဖို့အတွက် သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ကို လောင်ကျွမ်းစေတဲ့ ဟော်မုန်းအင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်မှု ပြောင်းလဲသွားတာကြောင့်လည်း ဆီးချိုရောဂါဖြစ်နိုင်တာပါ။

သွေးပြန်ကြောသွေးခဲမှုဖြစ်နိုင်
အချိန်အကြာကြီးထိုင်တာကြောင့် ခြေထောက်အတွင်းမှာရှိတဲ့ သွေးပြန်ကြောသွေးခဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီသွေးခဲတုံးက ပြုတ်ထွက်သွားပြီး အဆုတ်ထဲ ကို ၀င်ရောက်သွားရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကိုယ်အလေးချိန်မြင့်တက်နိုင်
တစ်ချိန်လုံး တီဗီထိုင်ကြည့်နေတာ၊ ဖေ့စ်ဘွတ်ခ်သုံးစွဲနေတာက သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို အလွန်မြင့်တက်စေနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာ တောင်မှ ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။

စိုးရိမ်စိတ်များနိုင်
ညဘက်မှာ တစ်ချိန်လုံး ဖုန်းအသုံးပြုတာ၊ ကွန်ပျူတာကြည့်တာတွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိုးရိမ်စိတ်တွေ ပိုများနိုင်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရင်းနှီးနွေးထွေးမှုမရှိတော့တဲ့အတွက် အထီးကျန်တာကြောင့်လည်း စိုးရိမ်စိတ်များလာနိုင်ပါတယ်။

ခါးနောက်ကျောနာကျင်နိုင်
ထိုင်တဲ့အနေအထားက ခါးနောက်ကျောကြွက်သား၊ လည်ပင်းနဲ့ နောက်ကျော ရိုးမပေါ်မှာ ဖိအားအလွန်သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ခါးကုန်းပြီး ထိုင်မိရင်ပါ။ ထိုင်ပြီး နာရီဝက်ကြာတိုင်း တစ်မိနစ်ကနေ နှစ်မိနစ်လောက် လမ်းထလျှောက်ပါ။

သွေးပြန်ကြောထုံးဖွဲ့မှုဖြစ်နိုင်
အချိန်အကြာကြီးထိုင်တာကြောင့် ခြေထောက်ထဲမှာ သွေးတွေ စုဆောင်းမှု ဖြစ်လာတဲ့အတွက် သွေးပြန်ကြောအပေါ်မှာ ဖိအားတွေ သက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် သွေးပြန်ကြောရောင်ရမ်းပြီး သွေးကြောထုံးတွေဖောင်းကြွလာနိုင်ပါတယ်။

အရိုးပါးရောဂါဖြစ်နိုင်
အသက်ကြီးပြီး လှုပ်လှုပ်ရှားရှားမရှိသူတွေက အရိုးပွရောဂါဖြစ်လာပြီး တဖြည်းဖြည်းနဲ့ ရေချိုးတာ၊ အိမ်သာသွားတာလိုမျိုး လှုပ်ရှားမှုမျိုးကိုတောင် ပြုလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ကင်ဆာရောဂါဖြစ်နိုင်
အထိုင်များသူတွေက အူမကြီး၊ သားအိမ် ဒါမှမဟုတ် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ များများထိုင်လေလေ၊ ဖြစ်နိုင်ခြေမြင့်မားနိုင်လေလေပါ။ အသက်ကြီးသူအမျိုးသမီးတွေအနေနဲ့တော့ သားမြတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။

TIPS!
ထိုင်ပြီး အလုပ်လုပ်ရသူတွေအနေနဲ့ တတ်နိုင်သမျှ လမ်းထလျှောက်ပါ။ နာရီဝက်ကြာတိုင်း သင့်ရုံးခန်းပတ်ဝန်းကျင်တစ်ဝိုက်မှာ မတ်တတ်ရပ်ပြီး ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာ(လက်နဲ့ ခြေမကို ကုန်းပြီးထိတာ)လိုမျိုး ပြုလုပ်ပေးပါ။

♦ ဒေါက်တာခင်မိုးမိုး ♦

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *