ယနေ့ခေတ်မှာ အလှကုန်ပစ္စည်းတွေကို စွဲလမ်းသူတွေ အတော်များလာတာကို တွေ့ရပါတယ်။ နိုင်ငံတကာက အမှတ်တံဆိပ်မျိုးစုံနဲ့ အလှကုန်ပစ္စည်း တွေကိုလည်း ပြည်တွင်းမှာတင် စုံစုံလင်လင် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်တာကြောင့် တကယ်လို့ သင်ဟာ ခုမှ မိတ်ကပ်ပစ္စည်းတွေ စသုံးမှာဆိုရင် ဘယ်ဟာတွေက ဘာအတွက် လိုအပ်ပြီး သင်နဲ့ အဆင်ပြေ၊ မပြေ ဆိုတာကို စမ်းတဝါးဝါး ဖြစ်နေနိုင်ပါတယ်။ ဒီအခါ မလိုအပ်ဘဲ ဝယ်မိတာတွေကနေ ငွေကုန်ကြေးကျ များသွားနိုင်ပါတယ်။ ဒါကြောင့် သင်ဘာလိုအပ်လဲဆိုတာ သေချာဆန်းစစ် ပြီးမှဝယ်ယူဖို့ အထောက်အကူပြုနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်ခုံးအတွက် ♥
သင်ဟာ မျက်ခုံးမွေးထူထူ ရှိပြီးသားဆိုရင် ပုံသွင်းဖို့ပဲလိုပါတယ်။ ဒါကို ကျွမ်းကျင်တဲ့ အလှပြင်ဆိုင်မှာ သင့်မျက်နှာနဲ့ လိုက်ဖက်မယ့် မျက်ခုံးပုံစံရအောင် ဖန်တီးနိုင်ပါတယ်။ မျက်ခုံးမွေး သိမ်းတယ်လို့လည်း ခေါ်ပါတယ်။ မျက်ခုံးမွေး ပိုပေါ်လွင်ဖို့ဆို ပုံသွင်းတဲ့ မျက်ခုံးမွေးဂျယ်လ်ကို သင့်ဆံကေသာ အရောင် နဲ့ လိုက်ဖက်တာကို ရွေးဝယ်ပါ။ သင်ဟာ မျက်ခုံးမွေးပါးသူဖြစ်တယ်ဆိုရင် ကိုယ်တိုင် မျက်ခုံးမွေး ဆွဲပေးဖို့ လိုပါတယ်။ ဒီအတွက် မျက်ခုံးမွေးဆွဲတဲ့ ခဲတံ၊ ရှဲဒိုး၊ ဂျယ်လ် မျိုးစုံရှိတာမှာ သင်အားသန်တာကို ရွေးရမှာပါ။ အလွယ်ဆုံးကတော့ မျက်ခုံးမွေးဆွဲတဲ့ ခဲတံနဲ့ ရေးရေးလေးထပ်ပြီး ဘရပ်ရှ်နဲ့ သဘာဝကျအောင် ခြစ်ပေးပါ။
မျက်လုံးအတွက် ♥
အိုင်းရှဲဒိုးတွေကို အမှတ်တံဆိပ်မျိုးစုံနဲ့ အသစ်အသစ်တွေ နေ့စဉ်၊ လစဉ် ထွက်နေတာ တွေ့ရမှာပါ။ ဒီထဲမှာမှ သင်ဘာဝယ်ရမလဲဆိုတာ စဉ်းစားရ ခက်မှာပါ။ အိုင်းရှဲဒိုးခြယ်ဖို့ အရောင် ရွေးတဲ့အခါ သင့်အသားရောင်ကို ပိုလင်းသွားစေတဲ့ အရောင်တွေကို ဦးစားပေး ရွေးဝယ်ပါ။ တချို့ Warm Tones တွေနဲ့လိုက်ပြီး တချို့က Cool Tones တွေနဲ့ ပိုလိုက်တာရှိပါတယ်။ နေ့စဉ် ခြယ်ဖို့အတွက်ဆိုရင် Natural ဒါမှ မဟုတ် Nude ဘက်သွားတဲ့ အရောင်လေးတွေက သဘာဝကျကျ လှစေပါတယ်။ အိုင်းလိုင်နာရွေးတဲ့အခါမှာ Soft Pen လိုင်နာ၊ ဂျယ်လ်လိုင်နာ၊ လိုင်နာခဲတံ ဆိုပြီးရှိတာမှာ သင်ဆွဲရလွယ်ကူတဲ့ အမျိုးအစားကိုရွေးပါ။ မျက်ဝန်းအိမ် ကျယ်တဲ့သူဆိုရင် လိုင်နာကို လျှော့သုံးပြီး မျက်ဝန်းအိမ် ကျဉ်းတဲ့သူဆိုရင် လိုင်နာကို ပိုပြီး ထင်းထင်း ခြယ်လို့ရပါတယ်။
မိတ်ကပ်ရွေးချယ်တဲ့အခါ ♥
အပြစ်အနာအဆာကင်းပြီး ဝင်းပတဲ့ မျက်နှာအသားအရေရဖို့ဆိုရင် Foundation က အဓိက ပါပဲ။ ဒီအတွက် သင်ရဲ့ အရေပြားအကြောင်းကို သိထားဖို့ လိုပါတယ်။ အရေပြားခြောက်တဲ့သူဆိုရင် အစိုဓာတ်ထိန်းပေးတဲ့ မိတ်ကပ်ရည်မျိုး ရွေးပါ၊ အဆီပြန်တတ်တဲ့သူဆိုရင် Oil-free မိတ်ကပ်ကို ရွေးပါ၊ ဝက်ခြံထွက်တတ်သူဆိုရင် Chemical ပြင်းပြင်းတွေ မပါတဲ့ မိတ်ကပ်မျိုး ရွေးချယ်ရပါမယ်။ မိတ်ကပ် Foundation မလိမ်းခင်မှာ လိမ်းဖို့ Primer ကိုလည်း အသားအရေကို လိုက်ပြီး ရွေးချယ်ပါ။ ပါးနီရွေးတဲ့အခါ အနီဘက်သမ်းတာ၊ လိမ္မော်ဘက်သမ်းတာ၊ ပန်းရောင်ဘက်သမ်းတာ စသဖြင့် ရှိတာမှာ သင့်မျက်နှာကို ပိုဝင်းသွားစေမယ့် အရောင်ကို ရွေးပါ။ ကိုရီးယား မင်းသမီးတွေလို ပြောင်ပြောင်လေး ဖြစ်ချင်ရင် Highlighter တွေ၊ Illuminator Cream တွေ ရှိပါတယ်။ ဒါတွေကို အပေါ်ကနေ ခပ်ပါးပါး ထပ်လိမ်းရုံပါပဲ။ နောက်ပြီး နှာတံနဲ့ မေးရိုး ဖော်ဖို့ အတွက် ကိုယ့်အသားရောင်ထက် နှစ်ဆင့်၊ သုံးဆင့်လောက် ပိုညိုတဲ့ Shade ကို Contour အတွက် အသုံးပြုပါ။ မျက်ကွင်းညိုတတ်သူဖြစ်ရင်တော့ သင့်အသားရောင်ထက် နှစ်ဆင့်လောက် ပိုဖြူတဲ့ Concealer နဲ့ ဖုံးပေးဖို့ မမေ့ပါနဲ့။
နှုတ်ခမ်းအတွက်ဆိုရင် ♥
နှုတ်ခမ်းနီ အရောင်ရွေးတဲ့အခါမှာလည်း အရေပြားရဲ့ Color Tone (Cool၊ Warm၊ Neutral)ကို လိုက်ပြီး ရွေးချယ်တာက သင့်ရဲ့ အသားအရေကို ပိုပြီး လင်းစေမှာပါ။ နှုတ်ခမ်းအလှကို ပိုပေါ်လွင်ဖို့ဆိုရင် နှုတ်ခမ်းနီဆိုးပြီး အနားသတ်ပုံဖော်ဖို့ Lip Liner ကို အသုံးပြုပါ။ ကိုရီးယားမလေးတွေလို ရောင်ပြေးနှုတ်ခမ်းလိုချင်ရင် အရင်ဆုံး ကွန်ဆယ်လာ ဒါမှမဟုတ် မိတ်ကပ် ဖောင်ဒေးရှင်းကို နှုတ်ခမ်းအပေါ်မှာ အရင်လိမ်းပါ။ ဆိုးမယ့် နှုတ်ခမ်းနီကို နှုတ်ခမ်းအလယ်မှာပဲဆိုးပြီး ဘေးဘက်တွေ ညီညီလေးပျံ့သွားအောင် လက်နဲ့ ဖိပေးပါ။ ဒီအတွက်က Lip Tint ဒါမှမဟုတ် Liquid Lip Stick တွေက ပိုပြီး အဆင်ပြေပါတယ်။ နှုတ်ခမ်းသား မခြောက်အောင်ဆိုရင် နှုတ်ခမ်းနီ မဆိုးခင်မှာ Lip Balm တစ်မျိုးမျိုးကို အရင် လိမ်းပြီးမှ နှုတ်ခမ်းနီကိုအပေါ်ကနေ ထပ်ဆိုးပါ။
♥ #Darliko (Mahidol University) ♥