ကွမ်းစားခြင်းနှင့် ကျန်းမာရေး

ကွမ်းစားတာက အာရှတိုက် တောင်ပိုင်းကနေ အစပြုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ၊ အာဖရိက အရှေ့ပိုင်း နဲ့ အိန္ဒိယ အနောက်ပိုင်းတွေမှာလည်း တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကွမ်းစားတဲ့သူ ခြောက်ရာမီလီယမ်လောက်ရှိတယ်လို့ WHO က ခန့်မှန်းထားပါတယ်။ ကွမ်းဟာ နီကိုတင်း၊ အရက်နဲ့ ကဖင်းဓာတ်ပြီးရင် လေးနေရာမြောက်မှာ Psychoactive Substance အနေနဲ့ သုံးစွဲမှု အများဆုံး ဖြစ်ပါတယ်။

ကွမ်းသီးစေ့ကို ဆေးအဖြစ် အသုံးပြုနိုင်ပေမယ့် ပုံမှန် ကြာရှည်စားသူတွေမှာတော့ ကျန်းမာရေး ဆိုးကျိုးတွေ ရရှိစေပါတယ်။ ကွမ်းယာမှာ ကွမ်းသီးစေ့၊ ကွမ်းရွက်၊ ထုံးနဲ့ နီကိုတင်းတွေ ပါဝင်ပါတယ်။

ကွမ်းပင် (Areca)
– ကွမ်းပင်ဟာ တစ်ကယ်တော့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး စိတ်ကစဉ့်ကလျားရောဂါ၊ မျက်လုံးတွင်း ဖိအားတိုး မျက်စိရောဂါ၊ အစာမကြေဝေဒနာ အတွက် ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။
– ကျွဲ၊ နွား၊ ခွေး၊ မြင်း စတဲ့ တိရစ္ဆာန်တွေမှာ တုတ်ကောင်ချဆေး၊ မြင်းတွေမှာ ဗိုက်ရစ်နာတာအတွက် ဆေးအဖြစ် အသုံးပြုပါတယ်။
– ဒါပေမယ့် ကွမ်းယာစားတာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
– အမေရိကန် အာဟာရပညာရှင်အဖွဲ့က ပြုစုထားတဲ့ သုတေသနအရ ကွမ်းစားတာဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ စတဲ့ ဇီဝတွင်း ဖြစ်ပျက်မှုပုံမမှန်ရောဂါ (Metabolic Syndrome) ဖြစ်စေမှုနဲ့ ဆက်စပ်နေပါတယ်။

ကွမ်းသီးစေ့ (Betel Nut) က ဘယ်လို အာနိသင်တွေ ပေးနိုင်လဲဆိုတော့ –

 လှုံ့ဆော်မှု
– ကွမ်းသီးစေ့က စိတ်လှုံ့ဆော်ဆေး တစ်မျိုးဖြစ်ပါတယ်။
– ကွမ်းသီးစေ့ ပမာဏ နည်းနည်းဟာ ကဖင်းဓာတ်၊ နီကိုတင်းတွေရဲ့ အာနိသင်လိုမျိုး ပေးနိုင်ပါတယ်။
– ပမာဏများလာမယ်ဆိုရင် ကိုကင်းဆေးလိုမျိုး နှလုံးခုန်နှုန်း မြင့်တက်တာ၊ သွေးဖိအားတက်တာ၊ မျက်စိသူငယ်အိမ် ကျယ်လာတာ၊ စိတ်လှုပ်ရှားတာ၊ အိပ်မပျော်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်လာစေပါတယ်။

ဝမ်းသာပီတိဖြစ်မှု
– ကွမ်းသီးစေ့ဟာ စိတ်ခံစားမှု ကောင်းစေတဲ့ အဒရီနယ်လင်းကို ထုတ်ပေးနိုင်ပါတယ်။
– ပျော်ရွှင်ပီတိဖြစ်မှု ပေးနိုင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့သူတွေမှာ Recreational Drug အဖြစ် ပေးတာဖြစ်ပါတယ်။

အာရုံကြောဟန့်တားမှု
– ကွမ်းသီးစေ့ရဲ့ အာနိသင်ဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောပေါ် သက်ရောက်နိုင်ပြီး ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။
– ဆိုးကျိုးတွေအနေနဲ့ တံတွေး အလွန်အကျွံထွက်တာ၊ ဆီး၊ ဝမ်း မထိန်းချုပ်နိုင်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ၊ အန်တာတွေ ဖြစ်စေပါတယ်။

 သန္ဓေသားထိခိုက်မှု
– ကွမ်းသီးစေ့ဟာ Teratogen ဖြစ်ပါတယ်။
သန္ဓေသားကို ပုံမမှန် ဖွံဖြိုးစေပါတယ်။
– ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကွမ်းစားတာကို လုံးဝ ရှောင်ရပါမယ်။

ကင်ဆာဖြစ်မှု
– ကွမ်းသီးအဆံနဲ့ ကွမ်းရွက်တွေကို တိရစ္ဆာန်ဆဲလ်တွေမှာ စမ်းသပ်ခဲ့ရာ မျိုးရိုးဗီဇ DNA ကို ပြောင်းလဲပစ်နိုင်ပြီး ဆဲလ်တွေကို ကင်ဆာဖြစ်စေတာ တွေ့ရှိခဲ့ပါတယ်။
– ကွမ်းယာစားတာက ပါးစပ်၊ လည်ချောင်း၊ လည်မျို၊ အစာပြွန်၊ အသည်း၊ အဆုတ်၊ သုက်ရည်ဂလင်း ကင်ဆာတွေ ဖြစ်စေမှုနဲ့ ဆက်စပ်နေပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *