ဘာကြောင့် ငါ့နားအူတာ ပိုဆိုးရွားလာရတာလဲ ?

ဆူညံသံကြောင့်
နားအူ(နားလေထွက်)တာကို ပိုမိုပြီးဆိုးရွားစေတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ ဒီအထဲက သိသာလှတဲ့အကြောင်းတစ်ခုက ဆူညံသံတွေ ဖြစ်ပါတယ်။ စက်ရုံ၊ ကပွဲ၊ Stage Show နဲ့ Head Phone တွေလိုမျိုးက ရတဲ့ ဆူညံသံတွေကြောင့် နားလေထွက်တာ ဒါမှမဟုတ် နားအကြားအာရုံဆုံးရှုံးတာတွေ ဖြစ်နိုင်ပါတယ်။
ဖြေရှင်းနည်း ► ဆူညံသံကျယ်လွန်းတဲ့ Stage show ပွဲတွေကို သွားမယ်ဆိုရင် Earplug တပ်သွားပါ။

ဆေးဝါးများကြောင့်
ပဋိဇီဝဆေးဝါး၊ စိတ်ဓာတ်ကျပျောက်ဆေးဝါး၊ အကိုက်အခဲပျောက်ဆေး၊ ကင်ဆာကုသဆေး၊ ဆီးဆေးနဲ့ အက်စပရင်ဆေးဝါးတွေကြောင့် နားထဲ လေထွက်နိုင်ပါတယ်။ ဆေးသုံးရတဲ့ ပမာဏများလေလေ၊ ဝေဒနာခံစားရနိုင်ခြေများလေလေပါ။
ဖြေရှင်းနည်း ► ဆေးဝါးသောက်တာ ရပ်တန့်လိုက်တာနဲ့ နားအူတာ သက်သာသွားနိုင်ပါတယ်။ ဒီဆေးဝါးတွေ သောက်အပြီး နားအူနေရင် ဆရာဝန်ကို ပြောပြပါ။ မိမိသဘောနဲ့မိမိ ဆေးမသောက်ဘဲ မနေပါနဲ့။

စိတ်ဖိစီးမှုကြောင့်
စိတ်ဖိစီးမှုများတာကြောင့် နားအူတာ ပိုဆိုးလာနိုင်ပါတယ်။
ဖြေရှင်းနည်း ► စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းတွေ အသုံးပြုပါ။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် အနှိပ်ခံတာမျိုးတွေ ပြုလုပ်ပါ။

မေးရိုးပြဿနာကြောင့်
သင်ရဲ့ မေးရိုးအဆစ်နဲ့ သင်ရဲ့ နား(အလယ်ပိုင်း)ဟာ အာရုံကြောနဲ့ အရွတ်တွေကို မျှဝေသုံးစွဲရပါတယ်။ ဒါကြောင့် မေးရိုးပြဿနာဖြစ်ရင် နားနာတာနဲ့ နားထဲမှာ အသံကြားရတာတွေ ဖြစ်လာပါတယ်။
ဖြေရှင်းနည်း ► မေးရိုးရောဂါအတွက် သွားဆရာဝန်နဲ့ ပြရမှာ ဖြစ်သလို နားအူတာအတွက် နား၊ နှာခေါင်း အထူးကုဆရာဝန်နဲ့ ပြရပါမယ်။

နားဖာချေးကြောင့်
နားဖာချေးက နားထဲကို ဝင်ရောက်လာတဲ့ ဖုန်မှုန့်တွေ နားအတွင်းပိုင်းကို မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ နားဖာချေးတွေ စုဆောင်းမှု များလာရင် နားလေထွက်တာနဲ့ ယာယီအကြားအာရုံဆုံးရှုံးတာတွေ ဖြစ်လာပါတယ်။
ဖြေရှင်းနည်း ► နား နှာခေါင်း အထူးကုဆရာဝန်နဲ့ ပြပါ။ ဝါဂွမ်းနားကျပ်တံနဲ့ မိမိ ဘာသာ နားဖာချေး မဖယ်ရှားပါနဲ့။

ရောဂါပိုးဝင်ရောက်ခြင်းကြောင့်
အအေးမိရောဂါ ခံစားရတာကြောင့် နားအူရင် ခေတ္တသာ ဖြစ်တာပါ။ တစ်ပတ်ကျော်ကြာတဲ့အထိ နားအူတာ မပျောက်ခဲ့ရင် နားထဲ ရောဂါပိုးဝင်တာ ဒါမှမဟုတ် ထိပ်ကပ်နာရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်းကြောင့်
ဓာတ်မတည့်မှုပျောက်ဆေးဝါးအသုံးပြုတာ ဒါမှမဟုတ် ဆရာဝန်နဲ့ ဆွေးနွေးတာတွေ ပြုလုပ်ရပါမယ်။

သွေးဖိအားကြောင့်
သင့်မှာ သွေးတိုးရောဂါရှိရင် နားအူနိုင်တာမို့ မကြာခဏ သွေးပေါင်ချိန်ကြည့်ပါ။ ဆရာဝန်က သင့်သွေးဖိအား ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန် လျော့ကျသွားရင်လည်း နားအူနိုင်ပါတယ်။

အိပ်စက်မှုပြဿနာကြောင့်
အိပ်ရေးမဝတာကြောင့် တစ်ချိန်လုံး သမ်းနေတာကလည်း နားအူတဲ့အခြေအနေကို ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
ဖြေရှင်းနည်း ► အိပ်ချိန် ညစဉ် ရှစ်နာရီ ရရှိအောင် အိပ်ပါ။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကြောင့်
ခေါင်းကိုက်တာကြောင့် နားအူတာ ပိုဆိုးစေနိုင်သလို ခေါင်းကိုက်တဲ့အတွက် အိပ်မပျော်နိုင်တာနဲ့ စိတ်ဖိစီးမှုတွေ မြင့်တက်လာတာကြောင့်လည်း နားအူဝေဒနာ ပိုဆိုးရွားနိုင်ပါတယ်။

အရက်ကြောင့်
အရက်သောက်တာကြောင့် သွေးပေါင်ချိန်မြင့်တက်လာပြီး နားအူဝေဒနာ ပိုဆိုးရွားနိုင်ပါတယ်။
ဖြေရှင်းနည်း ► အရက်မသောက်ပါနဲ့။

ဆေးလိပ်သောက်ခြင်းကြောင့်
စီးကရက်မှာ ပါဝင်တဲ့ နီကိုတင်းတွေကြောင့် နားအူဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ ဆေးလိပ်က နားအတွင်းက သွေးကြောတွေကိုလည်း ကျဉ်းမြောင်းစေနိုင်တဲ့အပြင် သွေးဖိအားလည်း မြင့်တက်စေနိုင်ပါတယ်။

ကဖင်းကြောင့်
ကဖင်းက သွေးပေါင်ချိန်မြင့်တက်စေနိုင်တာကြောင့်ပါ။
ဖြေရှင်းနည်း ► ကော်ဖီ ဒါမှမဟုတ် ကိုလာဖျော်ရည်တွေကို မသောက်ပါနဲ့။

စိုးရိမ်စိတ်များခြင်းနှင့် စိတ်ဓာတ်ကျခြင်းကြောင့်
စိုးရိမ်စိတ်များတာနဲ့ စိတ်ဓာတ်ကျနေတာတွေကြောင့် နားအူတဲ့ ဝေဒနာ ပိုမိုဆိုးရွားစေနိုင်သလို နားအူတဲ့ ဝေဒနာကြောင့်လည်း စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ် များတာတွေဖြစ်လာနိုင်ပါတယ်။
ဖြေရှင်းနည်း ► ဆရာဝန်နဲ့ ပြသပါ။

အခြားအခြေအနေများကြောင့်
သိုင်းရွိုက်ရောဂါ၊ သွေးအားနည်းရောဂါ၊ auto immune ရောဂါနဲ့ အတွင်းနားရဲ့ တည်ဆောင်ပုံပြဿနာတွေကြောင့်လည်း နားအူနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *