ဘာကြောင့် ဒူးနာနေရတာလဲ ?

ကျွန်မတို့ဟာ အသက်ကြီးလာတဲ့အခါမှာ ဒူးနာတဲ့ဝေဒနာကို အနည်းနဲ့အများ ခံစားကြရမှာ မလွဲပါဘူး။ တချို့ဆိုရင် ဒူးနာတာကြောင့် လမ်းမလျှောက်နိုင်တာ၊ အထိုင်အထ ခက်တာ၊ လှေကားအတက်အဆင်းမှာ ဒုက္ခရောက်တာတွေဖြစ်ကြပြီး ချိုင်းထောက်ကို အသုံးပြုရတာ၊ ဒူးကိုခွဲစိတ်ကုသမှုခံယူရတာတွေအထိတောင် ဖြစ်တတ်ကြပါတယ်။ ဒူးနာရတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ ဒူးခေါင်းချို့ယွင်းချက်ဖြစ်တာ၊ အဆစ်ရောင်ရောဂါကြောင့်ဖြစ်တာတွေအပြင် တခြား ပြဿနာတွေကြောင့်လည်း ဒူးနာတဲ့ဝေဒနာခံစားရတတ်ပါတယ်။ ဒူးနာရတဲ့အကြောင်း ရင်းနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(က) ထိခိုက်ဒဏ်ရာရတာကြောင့် ဒူးနာခြင်း
ဒူးခေါင်းကို ထိခိုက်ဒဏ်ရာရတာကြောင့် ဒူးခေါင်းပတ်လည်မှာရှိတဲ့ အရွတ်၊ အကြော၊ အရည်အိတ်တွေ ပျက်စီးနိုင်သလို ဒူးခေါင်းရိုး ဒါမှမဟုတ် ဒူးဆစ်အတွင်းက အရိုးနုလည်း ပျက်စီးနိုင်ပါတယ်။ အောက်ပါတို့ဟာ ဒူးခေါင်းဒဏ်ရာရနိုင်တဲ့၊ အဖြစ် များတဲ့ အကြောင်းရင်းတွေပါ။ 

အရိုးနုစုတ်ပြဲတာကြောင့်ပါ
ဒူးဆစ်ကို ဖြစ်ပေါ်စေတဲ့ ပေါင်ရိုးထိပ်နဲ့ ခြေသလုံးရိုးထိပ်တွေမှာ တည်ရှိပြီး Shock Absorber လိုမျိုး ပြုမူတဲ့ Menicus ခေါ်တဲ့ အရိုးနုစုတ်ပြဲတာကြောင့် ဒူးနာနိုင်ပါ တယ်။ လိမ့်ကျတာ၊ ခြေချော်သွားတာကြောင့် ဒူးခေါင်း ရုတ်တရက် လိမ်သွားအပြီးမှာ အရိုးနုစုတ်ပြဲသွားတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီးပြီးချင်းမှာ ဒူးခေါင်း ရောင်ရမ်းနေ ပေမဲ့လည်း လမ်းလျှောက်နိုင်ပါတယ်။ ဒူးခေါင်းကွေးလိုက်တဲ့အခါမှာ (ဥပမာ ကားပေါ်၊ လှေကားပေါ်မှအဆင်းမှာ) နာကျင်မှုဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ အားကစားသမား တွေနဲ့ အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ အ၀လွန်သူတွေ၊ ဆီးချိုရောဂါရှိသူ တွေနဲ့ အဆစ်ရောင်ရောဂါရှိသူတွေမှာလည်း အရိုးနုစုတ်ပြဲနိုင်ခြေ အလွန်မြင့်မားပါ တယ်။ 

ACL (Anterior Cruciate Ligament) စုတ်ပြဲတာကြောင့်ပါ
ပေါင်ရိုးနဲ့ ခြေသလုံးရိုးကို ဆက်နွှယ်ထားတဲ့ အရွတ်လေးခုရှိပါတယ်။ အဲဒီလေး ခုထဲက အရှေ့ဘက်ခြမ်းက အရွတ်ဟာ ဒူးခေါင်းအနေအထားကို ရုတ်တရက်အလှည့် အပြောင်းလုပ်လိုက်တာ(ဥပမာအားဖြင့် ဘတ်စကက်ဘောကစားတာ၊ ဘောလုံးကစား တာ၊ တင်းနစ်ရိုက်တာနဲ့ စကိတ်စီးတာလိုမျိုး ကစားနည်းတွေ)ကြောင့် စုတ်ပြဲနိုင်ပါ တယ်။ ဒူးခေါင်းကို ရုတ်တရက်အဆန့်လွန်တဲ့အခါမှာလည်း အဲဒီ Ligament စုတ်ပြဲနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။

Bursitis ကြောင့်ပါ
Bursas ဆိုတာက အဆစ်အတွင်းမှာ အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုလျော့နည်း အောင် ကူညီတဲ့ အရည်အိတ်လေးတွေဖြစ်ပါတယ်။ ဒူးခေါင်းဒဏ်ရာရတာ၊ လေးဖက် နာရောဂါ ဒါမှမဟုတ် ဂေါက်ရောဂါကြောင့် ဒူးခေါင်းအတွင်းက အရည်အိတ်လေး ရောင်ရမ်းလာတာကို Bursitis လို့ ခေါ်ပါတယ်။ ဒူးခေါင်းကို အသုံးပြုရဖန်များတာ၊ လိမ့်ကျတာ၊ မကြာခဏ ဒူးကွေးရတာနဲ့ ဒူးထောက်ထားတာ များတာကြောင့်လည်း Bursitis ဖြစ်နိုင်ပါတယ်။ ရေပိုက်ပြင်သူ၊ အိမ်ခေါင်မိုးသူ၊ မိုင်းအလုပ်သမား၊ ကြမ်းပြင် ကော်ဇောခင်းသူနဲ့ ဥယျာဉ်ခြံစိုက်သူတွေလိုမျိုး အသက်မွေးဝမ်းကျောင်းလုပ်သူတွေမှာ Bursitis ကြောင့် ဒူးနာနိုင်ပါတယ်။ ဒူးခေါင်းရောင်ရမ်းပြီး နာကျင်နေတာ၊ ထိလိုက် ရင် အထိမခံနိုင်တာနဲ့ ကိုင်ကြည့်မိရင် ဒူးခေါင်းပူနွေးနေတာ စတဲ့ လက္ခဏာတွေ ပြ တတ်ပါတယ်။

အရိုးကျိုးတာကြောင့်ပါ
ဒူးဆစ်မှာ Patella ခေါ်တဲ့ ဒူးဆစ်ဖုံး(ခုံညင်း)ပါဝင်ပြီး ဒီခုံညင်းဟာ မော်တော် ဆိုင်ကယ်အက်စီးဒင့်ဖြစ်တာ ဒါမှမဟုတ် လိမ့်ကျတာလိုမျိုးကြောင့် ကျိုးသွားနိုင်ပါ တယ်။ အရိုးပါးရောဂါကြောင့်လည်း ခုံညင်းလုံးက အားပျော့သွားကာ ခြေချော်လဲကျရုံ နဲ့တင် ခုံညင်းလုံးကျိုးနိုင်ပါတယ်။ ခုံညင်းလုံးအပြင် ခုံညင်းလုံးမှာရှိတဲ့ အရွတ်ဟာ လည်း ပြေးတာ၊ စကိတ်စီးတာ၊ စက်ဘီးစီးတာနဲ့ အမြင့်ခုန်တာလိုမျိုးကစားနည်းတွေ ကို ပြုလုပ်တာ များလာတဲ့အခါမှာ ရောင်ရမ်းလာပြီး ဒူးဆစ်နာတဲ့ဝေဒနာခံစားရနိုင်ပါ တယ်။

(ခ) ဒူးခေါင်းချို့ယွင်းချက်ကြောင့် ဒူးနာခြင်း

အဆစ်အတွင်း အရိုးစတွေ ပျက်စီးနေတာကြောင့်ပါ
တစ်ခါတစ်ရံမှာ ဒူးခေါင်းအတွင်း ထိခိုက်ဒဏ်ရာရအပြီး ဒါမှမဟုတ် သက်ကြီး ဖြစ်စဉ်ကြောင့် ဒူးဆစ်အတွင်းက အရိုး ဒါမှမဟုတ် အရိုးနုတွေ ပျက်စီးစပြုလာတဲ့အခါ မှာ အရိုးစလေးတွေက ပြုတ်ထွက်သွားပြီး အဆစ်ထဲမှာ ပေါလောမျောနေတတ်ပါ တယ်။ တကယ်လို့ အဲဒီအရိုးစလေးတွေဟာ ဒူးဆစ်ရွေ့လျားမှုကို အနှောင့်အယှက် ပေးနေခဲ့ရင် အဆစ်အတွင်း တစ်ခုခုနဲ့ ထိုးမိနေသလိုမျိုး နာကျင်နိုင်ပါတယ်။

ခုံညင်းလုံးနေရာလွဲနေတာကြောင့်ပါ
ဒူးခေါင်းရှေ့မှာ ဒူးဆစ်ဖုံးလိုမျိုး တည်ရှိနေတဲ့ Patella ခေါ်တဲ့အရိုးဟာ သူ့ နေရာကနေ ပြုတ်ထွက်သွားပြီး ဒူးဆစ်ပြင်ပကို ရောက်သွားတာကြောင့် ဒူးဆစ်နာ ကျင်နိုင်ပါတယ်။

Iliotibial Band ပြဿနာကြောင့်ပါ
တင်ပါးအပြင်ဘက်နဲ့ ဒူးခေါင်းအပြင်ဘက်နေရာကို ဆက်နွှယ်ထားတဲ့ အရွတ် (Iliotibial Band) ဟာ တင်းမာလွန်းသွားတာကြောင့် ပေါင်ရိုးနဲ့ ပွတ်တိုက်မိဖန်များ တဲ့အတွက် ဒူးခေါင်းနာကျင်တာပါ။ တာဝေးအပြေးသမား (အထူးသဖြင့် တောင်ပေါ် က ဆင်းပြေးတာလိုမျိုး အခြေအနေ)တွေမှာ ဒူးခေါင်းအပြင်ဘက်နေရာက နာကျင် တတ်ပါတယ်။

တင်ပဆုံရိုး ဒါမှမဟုတ် ခြေဖ၀ါးနာကျင်တာကြောင့်ပါ
သင်ရဲ့ တင်ပါး ဒါမှမဟုတ် ခြေဖ၀ါးနာနေရင် သင် လမ်းလျှောက်တဲ့ပုံစံက ပြောင်းလဲသွားပြီး အဲဒီတင်ပါး ဒါမှမဟုတ် ခြေဖ၀ါးကို ညှာနေရတာကြောင့် ဒူးခေါင်း ဆစ်ပေါ်မှာ ဖိအားပိုမိုသက်ရောက်သွားတဲ့အတွက် ဒူးခေါင်းနာကျင်ရတာဖြစ်ပါတယ်။

(ဂ)အဆစ်ရောင်တာကြောင့် ဒူးနာခြင်း
အဆစ်ရောင်တဲ့ဝေဒနာအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိတဲ့အနက် ဒူးနာတာ အဖြစ်များတဲ့ အဆစ်ရောင်ဝေဒနာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရိုးအဆစ်ရောင်ရောဂါကြောင့်ပါ
သက်ကြီးဖြစ်စဉ်နဲ့ ဒူးကို တောက်လျှောက်အသုံးပြုခဲ့ရတာကြောင့် ဒူးအတွင်းမှ အရိုးနုပျက်စီးသွားပြီး အရိုးအဆစ်ရောင်ရောဂါရတာပါ။

သွေးလေးဖက်နာရောဂါကြောင့်ပါ
အဆစ်ရောင်ရောဂါထဲမှာ အဆိုးရွားဆုံးအခြေအနေဖြစ်ပြီး ခန္ဓာကိုယ်အတွင်းက ဒူးဆစ်အပါအ၀င် အဆစ်အများစုအပေါ် သက်ရောက်မှုရှိပါတယ်။

ဂေါက်ရောဂါကြောင့်ပါ
ယူရစ်အက်စစ်ပုံဆောင်ခဲတွေက အဆစ်အတွင်း စုဆောင်းမှုများလာတဲ့အခါမှာ အဆစ်တွေ နာကျင်လာနိုင်ပါတယ်။ ဂေါက်ရောဂါဟာ များသောအားဖြင့် ခြေမမှာ အဖြစ်များပေမဲ့ တစ်ခါတလေမှာ ဒူးဆစ်မှာလည်း ဖြစ်တတ်ပါတယ်။

ဆူဒိုဂေါက်(ဂေါက်အတု)ရောဂါကြောင့်ပါ
ဂေါက်ရောဂါနဲ့ ရုတ်တရက် မှားတတ်ပါတယ်။ ဒူးဆစ်အတွင်းမှာ ယူရစ်အက်စစ်ပုံ ဆောင်ခဲအစား ကယ်လ်စီယမ်ပုံဆောင်ခဲတွေ စုဆောင်းနေတာကြောင့် ဖြစ်တာပါ။ ဒူးဆစ်၊ တင်ပဆုံဆစ်၊ လက်မောင်းနဲ့ လက်တွေမှာလည်း ဖြစ်တတ်ပါတယ်။ မျိုးရိုး လိုက်တတ်ပြီး အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ဟိုက်ပိုသိုင်းရွိုက်ရောဂါရှိသူ နဲ့ အဆစ်ဒဏ်ရာရသူတွေ၊ ကိုယ်တွင်း သံဓာတ်အလွန်အများအပြားရှိသူ၊ သွေးယိုစိမ့် မှုပြဿနာရှိသူတွေမှာ ဆူဒိုဂေါက်ဖြစ်နိုင်ခြေများပါတယ်။ ဒူးဆစ်၊ ခြေဖနောင့်ဆစ်၊ တင်ပဆုံဆစ်၊ လက်ကောက်ဝတ် ဒါမှမဟုတ် ပခုံးဆစ် အစရှိတာတွေမှာ အဆစ် တစ်ဆစ်ထက်ပိုပြီး အလွန်အမင်းနာကျင်တာ၊ ပူနွေးနေတာ၊ ရောင်ရမ်းတာ၊ နီရဲနေ တာတွေ တွေ့ရှိနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့ရင် နာကျင်မှုဝေဒနာ ပိုမိုဆိုးရွားနိုင်ပါ တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အနည်းငယ်အဖြစ်ပိုများပါတယ်။

အဆစ်အတွင်း ရောဂါပိုးဝင်ရောက်တာကြောင့်ပါ
ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ အဆစ်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင် ပြီး အဆစ်ရောင်ရမ်းတာက အဆစ်အတွင်း ရောဂါပိုးဝင်ရောက်တာကြောင့် ဖြစ်နိုင် ပါတယ်။ အဆစ်ရောင်တာနဲ့အတူ ကိုယ်အပူချိန်မြင့်တက်တတ်ပါတယ်။ ချက်ချင်း ကုသမှုမခံယူရင် အရိုးနဲ့အဆစ် လုံးဝပျက်စီးသွားနိုင်ပါတယ်။ များသောအားဖြင့် ဘက်တီးရီးယားပိုးမွှား (အထူးသဖြင့် Staphylococcus Aureus) ကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းတစ်နေရာက၀င်ရောက်လာတဲ့ ပိုးတွေက သွေးကတစ်ဆင့် အဆစ် ထဲကို ရောက်ရှိလာတာပါ။ အဆစ်မှာ စုတ်ပြဲဒဏ်ရာရတာ၊ ခွဲစိတ်ကုသမှုခံယူထားရ တာ ဒါမှမဟုတ် ပိုးမွှားမသန့်စင်တဲ့အပ်နဲ့ ဆေးထိုးခံရတာကြောင့်လည်း အဆစ် အတွင်းကို ဘက်တီးရီးယားတွေ တိုက်ရိုက်ရောက်ရှိလာနိုင်ပါတယ်။ ပဋိဇီဝဆေးဝါး နဲ့ ကုသမှုခံယူတာ၊ အဆစ်အတွင်းက အရည်တွေကို စုပ်ထုတ်တာတွေပြုလုပ်နိုင်ပါ တယ်။ စောစောစီးစီးကုသမှုခံယူလေလေ၊ ပျောက်ကင်းနှုန်း ကောင်းလေးလေပါ။

(ဂ) တခြားပြဿနာတွေကြောင့်ပါ

Baker’s cyst  ဖြစ်နေတာကြောင့်ပါ
အရိုးအဆစ်ရောင်ရောဂါရှိသူ လေးယောက်မှာ တစ်ယောက်နှုန်းလောက်က Baker’s Cyst ဖြစ်ပေါ်တတ်ပါတယ်။ အဆစ်အတွင်းမှာရှိတဲ့ အရည်တွေ စိမ့်ထွက် လာပြီး ဒူးခေါင်းအနောက်နေရာမှာ အရည်ကျိတ်လိုဖြစ်လာတာပါ။ ဒူးခေါင်းရွေ့လျား ရခက်ခဲတာနဲ့ ဒူးခေါင်းနာကျင်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။ Baker’s Cyst ရှိသူ တစ်ယောက်အနေနဲ့ မတ်မတ်ရပ်တဲ့အခါမှာ သူ့ဒူးခေါင်းနောက်ဘက် နှစ်ဖက်ကို ယှဉ်ကြည့်ရင် ဖောင်းကြွနေတဲ့အရည်အိတ်လေးကို တွေ့မြင်နိုင်ပါတယ်။ များသော အားဖြင့် ဘာပြဿနာမှ မပေးနိုင်ပါဘူး။ ဒူးခေါင်းအတွင်းမှ အရိုးနုဒဏ်ရာရတာ ကြောင့် ဒါမှမဟုတ် အဆစ်ရောင်တာကြောင့် Baker’s Cyst လေးထွက်လာတာပါ။ များသောအားဖြင့် သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။

ဒူးနာနိုင်ခြေများသည့် အကြောင်းအချက်များ
အသက်ကြီးလို့ ဒူးနာကြတယ်ဆိုပေမဲ့ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အသက်ကြီးလာတာတောင် ဒူးမနာတဲ့သူတွေလည်း ရှိသလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒူးနာတတ်သူတွေလည်း ရှိပါတယ်။ အောက်ပါတို့ဟာ ဒူးနာနိုင်ခြေများတဲ့အချက်အ လက်တွေဖြစ်ပါတယ်။

အ၀လွန်ခြင်း
ခန္ဓာကိုယ်အလေးချိန်များလွန်းတာကြောင့် ဒူးခေါင်းပေါ်မှာ ဒဏ်ပိနိုင်ခြေ ပိုများ သွားပါတယ်။ အ၀လွန်သူတွေက လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းပြုလုပ် တာလိုမျိုး နေ့စဉ် ပုံမှန်လှုပ်ရှားမှုတွေကြောင့် ဒူးမှာ ဒဏ်ပိပြီး အရိုးအဆစ်ရောင်ရောဂါ ရတာ၊ အရိုးနုပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။

ကြွက်သားအားပျော့ခြင်း
ကြွက်သားတွေ ကွေးနိုင်ဆန့်နိုင်အားလျော့နည်းတာ၊ ကြွက်သားအားပျော့တာ တွေက ဒူးခေါင်းဒဏ်ရာရနိုင်စေတဲ့အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ကြွက်သား တွေ အားပျော့နေတာကြောင့် ဒူးကို အထောက်အပံ့ပေးနိုင်မှုနည်းသွားတဲ့အတွက်ပါ။

တချို့အားကစားပြုလုပ်ခြင်း
တချို့အမျိုးအစားအားကစားတွေက ဒူးခေါင်းပေါ်မှာ ဒဏ်ပိနိုင်ခြေ ပိုများပါ တယ်။ စကိတ်စီးတာ၊ အမြင့်ခုန်ရတဲ့ ဘတ်စကက်ဘောလိုအားကစားနည်းတွေ ကစားတာ၊ ရွရွပြေးတာ၊ ကခုန်တာလိုမျိုး ဒူးခေါင်းကို ကြိမ်ဖန်များစွာ ဆောင့်ရတဲ့ ကစားနည်းတွေက ဒူးခေါင်းဒဏ်ရာရနိုင်ခြေ အလွန်များပါတယ်။

ယခင်က ထိခိုက်ဒဏ်ရာရဖူးခြင်း
ယခင်က ဒူးခေါင်းထိခိုက်ခံရဖူးသူတွေက နောက်ထပ်ဒူးခေါင်းထိခိုက်ဒဏ်ရာရ နိုင်ခြေ ပိုများပါတယ်။

ကုသနည်း
♦ RICE ဆိုတဲ့ နည်းလမ်းကို အသုံးပြုရပါမယ်။R= Rest (ဒူးခေါင်းကို အနား ပေးတာ)၊I=Ice(ဒူးခေါင်းကို ရေခဲကပ်တာ)၊ C=Compress (ဒူးခေါင်းကို အီလက် စတစ်ပတ်တီးနဲ့ ပတ်ထားတာ)၊ E=Elevate (ထိုင်နေစဉ် ဒါမှမဟုတ် အိပ်နေစဉ်မှာ ဒူးခေါင်းကို မြှင့်တင်ထားတာ)လိုမျိုး ပြုလုပ်ရပါမယ်။
♦ နာကျင်မှုဝေဒနာပျောက်ကင်းအောင်နဲ့ ရောင်ရမ်းမှုကျသွားအောင် ပါရာစီတမော လိုမျိုး အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
♦ အရွတ်စုတ်ပြဲတာက အလွန်ဆိုးရွားနေရင် ခွဲစိတ်ကုသမှုခံယူပြီး ပြုပြင်ရပါမယ်။
♦ Bursitis ကြောင့်ဖြစ်ရင် Bursas ထဲက အရည်တွေကို လိုအပ်ရင် ဆရာဝန်က အပ်နဲ့ စုပ်ထုတ်ပေးပါလိမ့်မယ်။
♦ အဆစ်ရောင်ရောဂါကြောင့်ဖြစ်ရင် ရောင်ရမ်းမှုပျောက်အောင် ဒူးခေါင်းအတွင်း စတီးရွိုက်ဆေးဝါးကို ထိုးပေးနိုင်ပါတယ်။
♦ အရွတ်စုတ်ပြဲတာ ဒါမှမဟုတ် ဒူးခေါင်းအတွင်း ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်ရင် ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။
♦ ကာယကုထုံးနဲ့ ကုသနိုင်ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ ဒူးခေါင်းသန်မာတဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ပေးရပါမယ်။
♦ အဆစ်အတွင်း ရောဂါပိုးဝင်ရောက်တာကြောင့်ဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေးဝါး အသုံးပြုရပါမယ်။

ကာကွယ်နည်း
ဒူးခေါင်းနာရတဲ့အကြောင်းရင်းအားလုံးကို မကာကွယ်နိုင်ပေမဲ့ အောက်ပါတို့ဟာ ဒူးခေါင်းနာကျင်နိုင်ခြေနည်းပါးအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းတွေပါ။

♦ ကိုယ်အလေးချိန်လျှော့ပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့စံအလေးချိန်ရှိတာက သင့်ဒူးခေါင်းအတွက် အ ကောင်းဆုံး လုပ်နိုင်တဲ့နည်းလမ်းတစ်ခုပါ။

♦ အားကစားပြုလုပ်ဖို့ အသင့်အနေအထားရှိပါစေ
သင် ပြုလုပ်ရမယ့်အားကစားအတွက် အသုံးပြုမယ့် ကြွက်သားတွေ သန်မာ အောင် အားကစားနည်းပြဆရာနဲ့ လေ့ကျင့်ထားပါ။

♦ ကြွက်သားတွေ သန်မာပါစေ
ကြွက်သားတွေ အားပျော့တာကြောင့် ဒူးခေါင်းဒဏ်ရာရနိုင်တာမို့ ဒူးခေါင်းကို အထောက်အပံ့ပေးတဲ့ ပေါင်အတွင်းအပြင်ကြွက်သားတွေကို သန်မာအောင် လေ့ကျင့် ပါ။ ကြွက်သားသန်မာတဲ့အပြင် ကွေးနိုင်ဆန့်နိုင်အားလည်း ကောင်းမွန်ရပါမယ်။

♦ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကို ရွေးချယ်ပါ
သင့်မှာ အရိုးအဆစ်ရောင်ရောဂါရှိတာ၊ ဒူးနာတာ ဒါမှမဟုတ် မကြာခဏ ထိခိုက် ဒဏ်ရာရခဲ့ရင် လမ်းလျှောက်လေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်းတွေ ပြုလုပ်မယ့်အ စား ရေကူးလေ့ကျင့်ခန်းကို ပြောင်းလုပ်ပါ။

♦ ဒူးထောက်ပြီး ပြုလုပ်ရမယ့်အလုပ်တွေကို လုပ်မယ်ဆိုရင် ဒူးစွပ်ဝတ်ပါ
ရေပိုက်ပြင်သူ၊ အိမ်ခေါင်မိုးသူ၊ မိုင်းအလုပ်သမား၊ ကြမ်းပြင် ကော်ဇောခင်းသူနဲ့ ဥယျာဉ်ခြံစိုက်သူတွေလိုမျိုး အသက်မွေးဝမ်းကျောင်းလုပ်သူတွေအနေနဲ့ Bursitis မဖြစ်အောင် ကာကွယ်ဖို့အတွက် ဒူးစွပ်ဝတ်ပြီးမှသာ အလုပ်လုပ်ပါ။

♦ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆွဲဆန့်လေ့ကျင့်ခန်း အရင်ပြုလုပ်ပါ

♦ ဒူးနာနေရင် လေ့ကျင့်ခန်းပြုလုပ်တာကို ရပ်လိုက်ပါ

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *