ဘာကြောင့် အမြဲတမ်းချမ်းနေရတာလဲ?

တချို့လူတွေက ပတ်ဝန်းကျင်မှာ ပူနေရင်တောင်မှ ခန္ဓာကိုယ်မှာ အမြဲတမ်း ချမ်းနေတတ်ကြတာဟာ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

သွေးအားနည်းခြင်း
ခန္ဓာကိုယ်မှာ သွေးအားနည်းလာတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးဖို့ သွေးနီဥလုံလုံလောက်လောက် မရှိတော့ပါဘူး။ ဒါကြောင့် မောပန်းတာ၊ အားနည်းတာ၊ ခေါင်းမူးတာ၊ အသက်ရှူမ၀တာတွေ ဖြစ်တဲ့ အပြင် ခြေဖျားလက်ဖျားတွေ အမြဲတမ်းအေးနေတတ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး သွေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ သွေးအားနည်းနေရင် အာဟာရပြည့်တဲ့အစာ စားတာ၊ သွေးအားကောင်းဆေးမှီဝဲတာ ဒါမှမဟုတ် လိုအပ်တဲ့ ကုသမှုတွေ ခံယူရပါ မယ်။

သိုင်းရွိုက်အလုပ်လုပ်မှုနည်းခြင်း
သင့်လည်ပင်းအရှေ့က သိုင်းရွိုက်ဂလင်းဟာ ဟော်မုန်းလုံလုံလောက်လောက် မထုတ်နိုင်ခဲ့ရင် တစ်ချိန်လုံး အအေးဒဏ်ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဆစ်အမျက်ကိုက်တာ၊ ၀မ်းချုပ်တာ၊ အရေပြားခြောက်သွေ့တာနဲ့ ကိုယ်အလေးချိန် မြင့်တက်လာတာတွေပါဖြစ်လာတတ်ပါတယ်။ သိုင်းရွိုက်အလုပ်မလုပ်တာက တခြား ရောဂါကို ကုသမှုခံယူတာ ဒါမှမဟုတ် အဖျားရှိတာတွေကြောင့် ဖြစ်တတ်ပြီး ဆရာ ၀န်နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဆေးဝါးမှီဝဲဖို့ လိုအပ်တာ ကြောင့်ပါ။

ကျောက်ကပ်ရောဂါ
ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါကြောင့် ကျောက်ကပ်ရောဂါရရှိနိုင်ပါတယ်။ ကျောက်ကပ်ရောဂါကြောင့် ကျောက်ကပ်ကနေ သွေးထဲက အညစ်အကြေးတွေ စစ် ထုတ်တဲ့ လုပ်ငန်းတွေကို သေသေချာချာ မလုပ်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာတာကြောင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းပြီး တခြား ပြဿနာတွေပါဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါဟာ သွေးအားနည်း ရောဂါနဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် ပတ်ဝန်းကျင်အပူချိန် ပူနွေးနေရင်တောင်မှ ချမ်း သလိုမျိုး ခံစားရနိုင်ပါတယ်။

အမျိုးအစား(၂) ဆီးချိုရောဂါ
ဒီရောဂါရှိသူတွေမှာလည်း သွေးအားနည်းရောဂါ၊ ကျောက်ကပ်ပြဿနာနဲ့ သွေး လှည့်ပတ်မှုပြဿနာတွေဖြစ်နိုင်တဲ့အတွက် အမြဲတမ်းချမ်းနေတတ်ပါတယ်။ ဆီးချို ရောဂါကြောင့် အာရုံကြောပျက်စီးသွားတဲ့အတွက်လည်း ချမ်းတတ်ပါတယ်။ သင်ရဲ့ သွေးတွင်းသကြားဓာတ်ကို ဘ၀နေထိုင်မှုပုံစံပြောင်းလဲတာ၊ ဆေးဝါးမှီဝဲတာတွေနဲ့ ထိန်းချုပ်ပါ။

သွေးကြောရောဂါ
သွေးကြောအတွင်းမှာ သွေးခဲဖတ်တွေ စုဆောင်းမှုများလာတာကြောင့် သွေး ကြောကျဉ်းမြောင်းသွားပြီး ခြေဖျားလက်ဖျားအတွင်း သွေးရောက်ရှိမှုခက်ခဲသွားနိုင်ပါ တယ်။ ခြေထောက်တစ်ဖက်က တခြားတစ်ဖက်ထက် ပိုအေးနေရင် အထူးသဖြင့် အဲဒီခြေထောက်က ထုံတာ၊ အားနည်းတာ၊ နာကျင်တာတွေ ဖြစ်ခဲ့ရင် သွေးကြောရော ဂါရဲ့ လက္ခဏာပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

သွေးကြောများက အအေးဒဏ်ကို တုံ့ပြန်မှုလွန်ကဲခြင်း
Raynauds Phenomenon လို့ ခေါ်ပါတယ်။ သင့်လက်ထဲက သွေးကြောတွေ က အအေးဒဏ် ဒါမှမဟုတ် စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်မှုလွန်ကဲတဲ့ပြဿနာပါ။ များသောအားဖြင့် မိနစ်အနည်းငယ်ကနေ နာရီပိုင်းအထိ ကြာတတ်ပြီး သွေးကြောကျဉ်း မြောင်းသွားတဲ့အတွက် သွေးရောက်ရှိမှု နည်းသွားတာကြောင့် လက်ချောင်းနဲ့ ခြေ ချောင်းထိပ်လေးတွေမှာ ထုံပြီး အေးစက်နေကာ အပြာ ဒါမှမဟုတ် အဖြူရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ သွေးပြန်လည်ရရှိသွားတဲ့အခြေအနေမှာ ကျဉ်တာ ဒါမှမဟုတ် အလွန်အမင်း နာတာတွေ ဖြစ်တတ်ပါတယ်။ ဆေးဝါးမှီဝဲတာကြောင့် ရောဂါလက္ခဏာ သက်သာပြီး တစ်သျှူးပျက်စီးမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ ဆိုးရွားတဲ့အခြေအ နေတွေမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Anorexia Nervosa (အစာစားပြီး အန်ခြင်း)
ဒီပြဿနာဖြစ်ရင် သင့်ခန်္ဓာကိုယ်ထဲ ကယ်လိုရီ ရရှိမှု အလွန်နည်းသွားတဲ့အတွက် အန္တရာယ်ရှိလောက်အောင် ပိန်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အဆီတွေ ခန်း ခြောက်သွားတာကြောင့် တစ်ချိန်လုံး ချမ်းနေတတ်ပါတယ်။ အထူးသဖြင့် ခြေဖျား လက်ဖျားတွေ အေးစက်နေတတ်ပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ဆရာ ၀န်နဲ့ ပြသပါ။

တုပ်ကွေးရောဂါ
ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပြီး နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်အပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ အဖျားကြီးတာနဲ့အတူ တုန်ချမ်း ချမ်းတာ၊ ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံးကိုက်ခဲတာ၊ ချောင်းဆိုးတာနဲ့ အားနည်းတာ တွေ ဖြစ်တတ်ပါတယ်။ အသက်ငယ်ရွယ်သူနဲ့ အသက်ကြီးသူတွေအတွက် တုပ်ကွေး ရောဂါက အခြေအနေဆိုးနိုင်တာကြောင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးထား သင့်ပါတယ်။

အာရုံကြောရောဂါ
သင့်ခြေဖျားတွေ အေးစက်နေတယ်လို့ ထင်ပေမဲ့ ကိုင်ကြည့်လိုက်တဲ့အခါမှာ အေးမနေခဲ့ရင် အာရုံကြောပြဿနာကြောင့် ဖြစ်တာပါ။ ခြေချောင်းလေးတွေက စတင်ပြီး ခြေထောက်အပေါ်ဘက်ကို တဖြည်းဖြည်း ရောက်ရှိလာတာပါ။ ထိခိုက်ဒဏ် ရာရတာ ဒါမှမဟုတ် အာရုံကြောပျက်စီးတဲ့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်ပြီး ဆီးချို ရောဂါကြောင့် အဖြစ်များပါတယ်။ ရောဂါပိုးကူးစက်ခံရတာ၊ အသည်း ဒါမှမဟုတ် ကျောက်ကပ်ရောဂါ၊ ဗီတာမင်ဓာတ် လုံလုံလောက်လောက် မရရှိတာ ဒါမှမဟုတ် ဓာတုအဆိပ်တွေနဲ့ ထိတွေ့မှုများတာကြောင့်လည်း အာရုံကြောပျက်စီးနိုင်ပါတယ်။

ဗီတာမင် ဘီ ၁၂ ချို့တဲ့ခြင်း
ဘီ ၁၂ ဓာတ်ချို့တာကြောင့် သွေးအားနည်းရောဂါရရှိပြီး သွေးအားနည်းတာ ကြောင့် ချမ်းသလိုမျိုး ခံစားရပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး၊ ကွေကာနဲ့ ဗီတာမင် ဘီ ၁၂ အားဖြည့်အစားအစာတွေ စားပေးပါ။ ဒီလိုအစားအစာတွေ စားပေမဲ့ ဗီတာမင် ဘီ ၁၂ ဓာတ်ချို့တဲ့နေသူတွေ ရှိပါတယ်။ သူတို့မှာ ကျန်းမာရေးချို့ယွင်းနေတာကြောင့် အဲဒီဗီတာမင် ဘီ ၁၂ တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်မှု အခက်အခဲရှိတဲ့အတွက်ပါ။

သံဓာတ်ချို့တဲ့ခြင်း
အာဟာရဓာတ်ကို ပြည့်ပြည့်၀၀မစားသုံးနိုင်ရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါရရှိနိုင်ပြီး အမြဲတမ်းချမ်းနေနိုင်ပါတယ်။ သွေးဆုံးရှုံးမှုများတာ ဒါမှမဟုတ် ခန္ဓာကိုယ်က သံဓာတ်ကို မစုပ်ယူနိုင်တာကြောင့်လည်း သံဓာတ်ချို့တဲ့နိုင်ပါတယ်။ သံဓာတ်ပြန်လည်ပြည့်ဝအောင် အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ သံဓာတ်အားဖြည့်ထားတဲ့အစားအစာတွေ စား သုံးပါ။

Hypopituitarism
ဦးနှောက်အတွင်းက ပီကျူထရီအကျိတ်က တချို့ဟော်မုန်းတွေကို လုံလုံ လောက်လောက် မထုတ်လုပ်ပေးနိုင်တဲ့အခြေအနေပါ။ ရောဂါလက္ခဏာအနေနဲ့ အအေးဒဏ်မခံနိုင်တာ၊ သွေးအားနည်းတာ၊ အစာစားချင်စိတ်မရှိတာ၊ ကိုယ်အလေး ချိန်ကျဆင်းတာတွေ ပြတတ်ပါတယ်။ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

ဆေးဝါးအသုံးပြုခြင်း
တချို့ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်မှာ ချမ်းစိမ့်နေတတ်ပါ တယ်။ ဥပမာအားဖြင့် နှလုံးရောဂါအတွက် မှီဝဲရတဲ့ ဘီတာဘလော့ခ်ကာဆေးဝါးတွေ ပါ။ ဆရာဝန်ကို ပြောပြပြီး ဆေးပြောင်းသင့်ရင် ပြောင်းရပါမယ်။

အရက်သောက်ခြင်း
အရက်သောက်ခါစမှာ အယ်လ်ကိုဟောကြောင့် သွေးကြောတွေ ကျယ်လာတဲ့ အတွက် ပူနွေးသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က သွေးတွေက ခြေလက် တွေဆီကို ရောက်ရှိသွားတဲ့အတွက် ကိုယ်ခန္ဓာအပူချိန်ကျဆင်းသွားပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောက ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ချိုးနှိမ်လိုက်တာကြောင့်လည်း ချမ်းစိမ့်နေတတ်ပါတယ်။ အလွန်အေးတဲ့ရာသီမှာ ဒီလိုပြဿနာကြောင့် အန္တရာယ်ရှိလောက်တဲ့အခြေအနေအထိ ကိုယ်အပူချိန်ကျဆင်း သွားပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *