ဘာကြောင့် ပခုံးတောင့်တင်းပြီး ပခုံးကပ်တဲ့ ဝေဒနာခံစားနေရတာလဲ?

သင့်ပခုံးနာကျင်နေခဲ့ရင် သင့်အနေနဲ့ လေ့ကျင့်ခန်းအလုပ်လွန်လို့ ဒါမှမဟုတ် ဥယျာဉ်ခြံအလုပ်တွေ အလုပ်လွန်လို့ဖြစ်တာလို့ သင် ထင်မိနိုင်ပါတယ်။ ဒါပေမဲ့ နာ ကျင်တဲ့ဝေဒနာက မသက်သာဘဲ ပိုမိုဆိုးရွားလာပြီး လက်မောင်းကို အလျင်အမြန် ရွှေ့တဲ့အခါမှာ အလွန်အမင်း ခံရဆိုးနေရင် ဒါမှမဟုတ် သင်ရဲ့ လက်မောင်းကို ခါးအ ဆင့်အထိ ရောက်အောင် မ,မနိုင်ခဲ့ရင် ဒါမှမဟုတ် နောက်ကျောနေရာကို ဆပ်ပြာမ တိုက်နိုင်ခဲ့ရင် သင့်မှာFrozen Shoulder (ပခုံးကပ်တဲ့ဝေဒနာ)ခံစားနေရပါပြီ။
ပခုံးဟာ လက်ပြင်ရိုး၊ ညှပ်ရိုးနဲ့ အပေါ်လက်မောင်းရိုးလို့ခေါ်တဲ့ အရိုးသုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။Ball-and-Socket အမျိုးအစားအဆစ်ဖြစ်ပါတယ်။ လက် မောင်းအပေါ်ရိုးရဲ့ ထိပ်ခေါင်းလုံးက Socket ထဲမှာ အံဝင်ခွင်ကျဝင်နေတာပါ။ တွယ် ဆက်တစ်သျှူးတွေက အဆစ်ပတ်ဝန်းကျင်မှာ ရှိနေကာ အဆစ်အလွယ်တကူ လှုပ် ရှားနိုင်ပြီး ပွတ်တိုက်မှု လျော့နည်းစေတဲ့ ချောဆီရည် (Synovial Fluid) တွေက အဆစ်အတွင်းမှာ ရှိပါတယ်။ ပခုံးအဆစ်ပတ်လည်မှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေ က ရောင်ရမ်းထူထပ်လာပြီး တောင့်တင်းလာတဲ့အခါမှာ ပခုံးကပ်တဲ့အခြေအနေ ဖြစ် လာပါတယ်။ အလွန်အမင်းနာကျင်တဲ့အတွက် သင်က ပခုံးကို အသုံးမပြုတော့ရင် ဒီတွယ်ဆက်တစ်သျှူးတွေက ပိုမိုထူထပ်တောင့်တင်းလာပြီး ပခုံးရွေ့လျားရ ပိုမိုခက် ခဲလာနိုင်ပြီး ပခုံးကို လုံးဝလှုပ်ရှားလို့ ရမှာ မဟုတ်တော့ပါဘူး။

ဘာကြောင့်ဖြစ်သလဲ
ပခုံးကို ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းကို ထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်ကုသမှုခံရတာနဲ့ တခြားကျန်းမာရေးအခြေအနေတွေ ကြောင့် ပခုံးကပ်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။
ဆီးချိုရောဂါရှိသူ ငါးယောက်မှာ တစ်ယောက်နှုန်းကလည်း ပခုံးကပ်တဲ့ဝေ ဒနာခံစားရနိုင်ပါတယ်။ ဒီအခြေအနေက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စွမ်း နဲ့ ဆက်စပ်မှုရှိတာကြောင့်ပါ။
သိုင်းရွိုက်ရောဂါရှိသူ (သိုင်းရွိုက်အလုပ်လွန်တာ ဒါမှမဟုတ် သိုင်းရွိုက်အလုပ် နည်းတာ)တွေမှာလည်း ပခုံးကပ်နိုင်ခြေ မြင့်မားပါတယ်။
အသက် ၄၀ ကျော်အမျိုးသမီးတွေမှာလည်း ပခုံးကပ်နိုင်ခြေ မြင့်မားပါတယ်။ ပခုံးကပ်တဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
လေဖြတ်ထားသူ၊ နှလုံးသွေးကြောရောဂါရှိသူ၊ ပါကင်ဆန်ရောဂါရှိသူတွေမှာ လည်း ပခုံးကပ်နိုင်ခြေမြင့်မားပါတယ်။

ပခုံးလုံးဝကပ်မသွားအောင် ဘယ်လိုကာကွယ်မလဲ
ပခုံးကပ်နေရင် ပခုံးအဆစ်မှာ တစ်ချိန်လုံး နာနေတတ်တဲ့လက္ခဏာ ပြပါတယ်။ ဒီအခြေအနေမှာ ပခုံးလုံးဝကပ်မသွားအောင် ကာကွယ်ဖို့အတွက် ဆွဲဆန့်လေ့ကျင့် ခန်းကို ပြုလုပ်ပေးရပါမယ်။
Crossover Arm Stretch
သင့်လက်တစ်ဖက်နဲ့ နာကျင်တဲ့လက်မောင်းဘက်ကို ကိုင်တွယ်ပြီး မေးစေ့ အောက်ရောက်အောင် ဆန့်ကျင်ဘက်အခြမ်းဆီသို့ ဆွဲပေးပါ။ စက္ကန့် ၃၀ ခန့် ထားပြီး သက်သောင့်သက်သာ ပြန်နေပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။
Pendulum Stretch
မတ်တတ်ရပ်ပါ။ ရှေ့ဘက်ကို နည်းနည်းကုန်းပြီး ဘာမှမဖြစ်တဲ့ပခုံးဘက်က လက်ကို စားပွဲပေါ်တင်ထားပါ။ ပခုံးကပ်နေတဲ့အခြမ်းက လက်ကို အောက်သို့ လွှဲပြီး အချင်း တစ်ပေ ပတ်လည်ခန့် စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပေးပါ။ တစ်နေ့ထက် တစ်နေ့ တိုးတိုးပြီး လှည့်နိုင်အောင် ကြိုးစားပါ။
Tower Stretch
မျက်နှာသုတ်ပ၀ါကို သင့်နောက်ကျောနေရာမှာ ထားပြီး လက်နှစ်ဖက်နဲ့ နောက် ပြန်ကိုင်ပါ။ ဘာမှမဖြစ်တဲ့ဘက်က လက်နဲ့ မျက်နှာသုတ်ပ၀ါကို အပေါ်ဘက်ကို ဆွဲလာ တဲ့အခါမှာ ကပ်နေတဲ့ဘက်က လက်ကလည်း ပခုံးဘက်ကို အလိုလို လိုက်ပါလိမ့် မယ်။ ၁၀-၂၀ ကြိမ် ပြုလုပ်ပေးပါ။

ပခုံးကပ်တဲ့ဝေဒနာခံစားနေရရင် ဘယ်လိုကုသမလဲ
ဝေဒနာကို ကုသရာမှာ နာကျင်မှုဝေဒနာသက်သာပြီး ပခုံး ရွေ့လျားမှု ကောင်းမွန် စေဖို့ ရည်ရွယ်ပါတယ်။ အချိန်မီ ကုသနိုင်ရင် ၁၀ ယောက်မှာ တစ်ယောက်နှုန်းက ပြန်လည်ကောင်းမွန်သွားတတ်ပါတယ်။ ပြန်လည်သက်သာနိုင်ဖို့ အချိန်ယူရတတ်ပြီး ဒီဝေဒနာက နှစ်ပေါင်းများစွာ ကြာရှည်တတ်ပါတယ်။ ရောဂါခံစားနေရစဉ်မှာ အောက် ပါတို့ကို ပြုလုပ်နိုင်ပါတယ်။

♦ အကိုက်အခဲပျောက်ဆေး (ပါရာစီတမော၊ တိုင်လီနော၊ အိုင်ဗျူပရိုဖင်လိုမျိုး) တွေ သောက်နိုင်ပါတယ်။
♦ အပူ ဒါမှမဟုတ် အအေး ကပ်နိုင်ပါတယ်။ နာကျင်တာနဲ့ ရောင်ရမ်းတာ သက် သာနိုင်တဲ့အတွက် အပူတစ်လှည့်၊ အအေးတစ်လှည့်ကပ်ပါ။
♦ အဆစ်ရောင်ရမ်းတာနဲ့ နာကျင်တာ သက်သာအောင် စတီးရွိုက်ဆေးဝါးကို အဆစ်အတွင်း ထိုးပေးနိုင်ပါတယ်။ စတီးရွိုက်ဆေးဝါးကို မကြာခဏ ထိုးဖို့တော့ မသင့်တော်ပါဘူး။ ဆိုးကျိုးအနေနဲ့ ပခုံးထိခိုက်နိုင်တာကြောင့်ပါ။
♦ နောက်ကျောရိုးမအတွင်းမှာ နာကျင်မှုဝေဒနာကို ထိန်းချုပ်တဲ့ အာရုံကြောကို ထုံကျဉ်သွားအောင် TENS (Transcutaneous electrical nerve stimulation) ပြုလုပ်နိုင်ပါတယ်။
♦ ပခုံးရွေ့လျားမှုကောင်းအောင် ဆွဲဆန့်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *