ဘာကြောင့် အိပ်ချိန်အပြည့်ရရှိတာတောင် အိပ်ချင်နေရတာလဲ ?

လူတစ်ယောက်ဟာ အိပ်ချိန်အပြည့်အိပ်ထားခဲ့ရင် မနက်အိပ်ရာထခါစမှာ ဦးနှောက်ကြည်လင်စွာနဲ့ လန်းလန်းဆန်းဆန်း နိုးလာနိုင်ပါတယ်။ အိပ်ချိန်အပြည့်ဆိုတာက တစ်ညကို ခုနစ်နာရီနဲ့ရှစ်နာရီကြား အိပ်တာဖြစ်တယ်လို့ အိပ်စက်မှုဆိုင်ရာဆေးပညာ အမေရိကန်ဌာနက သတ်မှတ်ချက်အရ သိရပါတယ်။ အိပ်ချိန်အနည်းငယ်ပဲရှိတာကြောင့် မနက်အိပ်ရာထမှာ အိပ်ရေးမဝတဲ့ပုံစံနဲ့ နိုးလာတာက အံ့သြစရာအနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိပ်ချိန်အပြည့်အဝအိပ်ထားတာတောင် အိပ်ရာထခါစမှာ အိပ်ရေးမဝသလိုဖြစ်နေရင်တော့ တစ်ဖက်ပါအကြောင်းတွေကြောင့်ပါ။

သင့်မှာ Sleep Apnea ရှိနေတာကြောင့်ပါ

Sleep Apnea ရှိနေရင် ဦးနှောက်ကို ညဘက်မှာ အိပ်ရမလား အသက်ရှူရမလားဆိုတာကို ဆုံးဖြတ်ဖို့ တွန်းအားပေးနေတဲ့အခြေအနေ ဖြစ်နေပါတယ်။ သင်အိပ်တဲ့အခါမှာ လျှာခင်ထဲက ‌ကြွက်သားပျော့တွေက လေပြွန်ကို ပိတ်ဆို့ပြီး အသက်ရှူတာ ယာယီရပ်တန့်သွားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့အတွက် အသက်ရှူမဝတာကြောင့် အောက်ဆီဂျင်ပြန်လည်ရရှိဖို့ အသက်ရှူနိုင်အောင် ဦးနှောက်က သင့်ကို အလိုလိုနှိုးလိုက်ပါတယ်။ ညအိပ်စဉ်မှာ ဒီလိုမျိုးခဏခဏဖြစ်တဲ့အတွက် အိပ်စက်မှုစက်ဝန်းဟာ နှစ်နှစ်ခြိုက်ခြိုက်မရှိတော့ပါဘူး။ ဒီရောဂါဖြစ်သူတွေက ဒီလိုအိပ်ရေးမဝဖြစ်နေတာကို များသောအားဖြင့် မသိကြပါဘူး။ နေ့ခင်းပိုင်း တစ်ချိန်လုံးအိပ်ငိုက်နေတာကိုပဲ သတိထားမိနေတတ်ကြပါတယ်။
—————-

သင်ဟာ ညဘက်မှာ အရက်သောက်မိတာကြောင့်ပါ

အယ်လ်ကိုဟောဟာ အိပ်စက်မှုစက်ဝန်းထဲက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။ သူဟာ ဆီးရွှင်စေနိုင်တာကြောင့်လည်း မကြာခဏ အိပ်ရာက နိုးထရပြီး ဆီးသွားနိုင်ပါတယ်။ ဒါ့ပြင် ရင်ပူအောင်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် လဲလျောင်းနေစဉ်မှာ ချောင်းဆိုးတာ၊ သီးတာလိုမျိုး ပြဿနာတွေဖြစ်တဲ့အတွက် အိပ်ရေးဝမှာ မဟုတ်တော့ပါဘူး။
—————-

သင်ဟာ ညဘက်မှာ ကော်ဖီသောက်မိတာကြောင့်ပါ

ကဖင်းဟာ Stimulant ဖြစ်တဲ့အတွက် အိပ်ပျော်ဖို့ ခက်ခဲပါတယ်။ သူ့ကို သောက်ပြီးရင် တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။ ဒါ့ပြင် ဆီးရွှင်စေနိုင်တာကြောင့် မကြာခဏ အိပ်ရာနိုးပြီး ဆီးထသွားနိုင်ပါတယ်။ မကြာခဏ ဆီးသွားတဲ့အတွက် ကြောင့် မနက်အိပ်ရာထခါစမှာ ရေဓာတ်ချို့တဲ့တာ၊ ဓာတ်ဆားဓာတ်ချို့တဲ့တာတွေ ဖြစ်နိုင်တဲ့အတွက် အိပ်ရေးမဝသလို ခံစားရတာပါ။
—————-

သင်ဟာ အိပ်ရာမဝင်ခင်မှာ ဖုန်းအသုံးပြုနေတာကြောင့်ပါ

လျှပ်စစ်ပစ္စည်းတွေရဲ့ အလင်းရောင်တွေဟာ ဦးနှောက်မှ အိပ်စက်မှုကို ကောင်းမွန်စေနိုင်တဲ့ မယ်လတိုနင်ထုတ်လုပ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် အိပ်ပျော်ဖို့ အချိန်အတော်ယူရပါတယ်။ လျှပ်စစ်ပစ္စည်းအများစုမှာ ပါဝင်တဲ့ အပြာရောင်အလင်းတန်းဟာ မယ်လတိုနင်ထုတ်လုပ်မှုကို နှစ်ဆလောက် လျှော့ချနိုင်တယ်လို့ ဟားဗတ်စ်မှ လေ့လာမှုအရသိရပါတယ်။ ဒါကြောင့် အိပ်ရာ မဝင်ခင် နှစ်နာရီအလိုမှာ ဖုန်းအသုံးမပြုသင့်ပါဘူး။
—————-

သင်ဟာ အိပ်နေစဉ် သွားကြိတ်တတ်တဲ့အကျင့်ကြောင့်ပါ

သင့်ကိုယ်သင်ကတော့ အိပ်နေစဉ် သွားကြိတ်တာကို သိမှာ မဟုတ်ပေမယ့် သင်နဲ့အတူ အိပ်သူတွေကတော့ သင်သွားကြိတ်တာကို သတိထားမိပါလိမ့်မယ်။ အိပ်နေစဉ် သွားကြိတ်တာကြောင့် မေးရိုးဆက်လွဲတာ၊ မေးရိုးဆက်နာကျင်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ပြင် သွားကြိတ်တာကြောင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့မှုဖြစ်ပြီး အောက်ဆီဂျင်လုံလုံလောက်လောက်မရတဲ့အတွက် မကြာခဏ အိပ်ရာက လန့်နိုးလာနိုင်ပါတယ်။
—————-

သင်ဟာ အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းပြုလုပ်မိတာကြောင့်ပါ

အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ လေ့ကျင့်ခန်းပြုလုပ်တာက အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာပြီး အိပ်စက်မှုကောင်းစေတဲ့ဟော်မုန်း မယ်လတိုနင်တွေ လျော့ကျသွားနိုင်တဲ့အတွက် အိပ်ပျော်ဖို့အချိန် အကြာကြီး ယူရနိုင်ပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန်မြင့်တက်လာပြီး အိပ်ပျော်ဖို့ ခဲယဉ်းနိုင်ပါတယ်။

—————-

သင်ဟာ တီဗီကြည့်ချိန်များတာကြောင့်ပါ

သင်ဟာ အိပ်ရာမဝင်ခင်မှာ တီဗီကို အချိန်ကြာကြာကြည့်နေတာက အိပ်မပျော်တာတွေဖြစ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ ၂၀၁၇ ခုနှစ်က ထုတ်ဝေတဲ့ အိပ်စက်မှုဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

#ဒေါက်တာခင်မိုးမိုး
#ဘာကြောင့်ဒီဝေဒနာတွေခံစားနေရတာလဲ(စာအုပ်မှ)
#GoodHealthJournal

Post Author: Good Health Journal