“သားအိမ်ခေါင်းကင်ဆာနဲ့ သားဆက်ခြားခြင်း ဘယ်လိုဆက်စပ်သလဲ – ဒေါက်တာ ဖြိုးသီဟ”

သားအိမ်ခေါင်းကင်ဆာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာပြီးရင် ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါလို့ အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာမှာလည်း အင်မတန် တွေ့နေရတဲ့ ရောဂါဖြစ်တယ်။ ကျွန်တော်တို့ဆီက အမျိုးသမီး တော်တော်များများလည်း သားအိမ်ခေါင်းကင်ဆာဆို ကြောက်ကြတယ်။ ဒါပေမယ့် ဘာသတိထားမိလဲဆိုတော့ မေးလိုက်ရင် သားအိမ်ခေါင်းကင်ဆာ ကြားဖူးလားဆို ကြားဖူးတယ်၊ ဘာကြောင့်ဖြစ်လဲ သိလားဆို မသိကြတော့ဘူး၊ ဘယ်လိုကာကွယ်ရင် ရလဲ သိလားဆို မသိကြတော့ဘူး။ အပေါ်ယံရှပ်ပြီး သိနေတဲ့ အသိတွေလောက်ပဲ ရှိကြတယ်။

ဒီကင်ဆာက အဖြစ်များတယ် ဆိုပေမယ့် အသိပညာသာ ရှိရင် လွယ်လွယ်ကူကူ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာရောဂါဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသလို၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာကိုလည်း ပြောရခက်ပါတယ်။ ဒီသားအိမ်ခေါင်းကင်ဆာမှာတော့ ထူးခြားချက်တစ်ခု ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ရောဂါဘာကြောင့်ဖြစ်တယ် ဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ သိရတာပါပဲ။

သားအိမ်ခေါင်းကင်ဆာဟာ Human papilloma virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ရောဂါရှင်တွေရဲ့ (၉၉)ရာခိုင်နှုန်းဟာ ဒီပိုးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ပိုးကူးစက်ခံရပြီးရင် အများအားဖြင့် သူ့အလိုလို ပြန်ပျောက်သွားတတ်ပြီး၊ တချို့ကတော့ နှစ်တွေကြာလာတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာအဖြစ်ကို ကူးပြောင်းသွားတယ်။ အဲဒီ HPV ပိုးက ဘယ်ကနေကူးသလဲဆို လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုရှိတဲ့ အိမ်ထောင်သည်ဆိုရင် အနည်းနဲ့အများတော့ ဖြစ်နိုင်ချေရှိတယ် ဆိုရမှာပေါ့။ ဘယ်လိုအမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များသလဲဆိုရင် အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုစခဲ့တဲ့ အမျိုးသမီး၊ လိင်ဆက်ဆံဖက်များတဲ့ အမျိုးသမီး၊ လိင်ဆက်ဆံဖက်များတဲ့ ယောကျာ်းရဲ့ အမျိုးသမီး၊ ကလေးအများကြီးမွေးထားတဲ့ အမျိုးသမီး၊ အဲ့လိုအမျိုးသမီးတွေမှာတော့ ပိုပြီး တွေ့ရလေ့ရှိပါတယ်။

ဒီလို ဘာကြောင့်ဖြစ်တယ်ဆိုတာ သိသွားတဲ့အတွက် ကာကွယ်လို့ရသွားတယ်။ ခုဆို ကာကွယ်ဆေးလည်း ပေါ်နေပြီမို့ ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ လိင်ဆက်ဆံမှု မစခင်မှာ ကြိုထိုးထားလို့ ရပါတယ်။ အသက် ၉ နှစ်ကနေ ၁၄ နှစ်အတွင်း ထိုးမယ်ဆို ၂ ကြိမ်၊ ၁၅ နှစ်နဲ့အထက်ဆိုရင်တော့ ၃ ကြိမ် ထိုးဖို့လိုပါတယ်။ အသက် ၂၆ နှစ်နောက်ပိုင်းဆိုရင်တော့ ထိုးဖို့ မတိုက်တွန်းတော့ပါဘူး။

ဒီကာကွယ်ဆေးက တခြားကာကွယ်ဆေးတွေနဲ့ မတူတာလေးတော့ ရှိတယ်။ အဲဒါ ဘာလဲဆိုရင် ၇၅ ရာခိုင်နှုန်းပဲ ကာကွယ်ပေးတယ် ဆိုတာပဲ။ HPV ပိုးမှာက မျိုးကွဲနံပါတ်တွေ အများကြီးရှိတယ်။ အဲဒီထဲကမှ ၁၆ နဲ့ ၁၈ နံပါတ် ၂ခုပဲ ဒီကာကွယ်ဆေးက ကာကွယ်ပေးတယ်။ ဒီမျိုးကွဲနံပါတ် ၂ခုကလည်း သားအိမ်ခေါင်းကင်ဆာရောဂါရဲ့ ၇၅ ရာခိုင်နှုန်းကို ဖြစ်စေတာမို့ ဒီကာကွယ်ဆေး ထိုးလိုက်ရင် အဲဒီလောက် ထိရောက်မှုရှိတယ် လို့ဆိုတာ။ဆးထိုးပြီးလို့ ရာနှုန်းပြည့် အကာအကွယ်ရပြီ ဆိုပြီး သတ်မှတ်လို့တော့ မရဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပြီးဆိုတိုင်း စိတ်ချနေလို့မရဘဲ ခုနကပြောခဲ့တဲ့ အမူအကျင့်တွေကိုလည်း ရှောင်နိုင်ကြဖို့ လိုပါတယ်။ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု မစဖို့၊ လိင်မှုကိစ္စကို ယောကျာ်းရော မိန်းမပါ စောင့်ထိန်းကြဖို့၊ ကလေးအများကြီး မမွေးဖို့ လိုတယ်။ အဲဒီအတွက် သားဆက်ခြားခြင်းက အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်အနေနဲ့ ပါလာတယ်။ ကလေးအများကြီး မွေးထားခြင်းက သားအိမ်ခေါင်းကင်ဆာကို ပိုပြီးဖြစ်စေနိုင်တာကိုး။ ကိုယ့်မိသားစုနဲ့ကိုယ် ကလေးဘယ်နှယောက် ယူမယ်ဆိုတာက ကိုယ့်လွတ်လပ်ခွင့်ပဲ ဆိုပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ ကလေးအများကြီး မွေးတာက ပြဿနာတွေ ပေးနိုင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေအနေနဲ့ သားဆက်ခြားနည်းတွေကို စနစ်တကျ သုံးကြဖို့တော့လိုမယ်။

အဲဒီလို သုံးတော့မယ်ဆိုတဲ့အခါ အမျိုးသမီးတွေမှာက သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတချို့ ရှိနေကြပါတယ်။ အဲဒီထဲမှာ သားအိမ်တွင်းထည့်ပစ္စည်းကတော့ အထင်လွဲခံရဆုံးပါပဲ။ တကယ်တော့ ဒီပစ္စည်းက တစ်လတစ်ခါလည်း ရာသီပေါ်တယ်။ ဟော်မုန်းလည်း မပါတာမို့ ဟော်မုန်းကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မခံစားရဘူး။ ပိန်တာ ၀တာ မရှိဘူး။ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ရှိနေလည်း အဆင်ပြေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဆီက အမျိုးသမီးတွေနဲ့ သင့်တော်တယ်လို့တောင် ဆိုရမယ်။ ဒါပေမယ့်လည်း ဒီပစ္စည်းကို အမျိုးသမီးအများစုက ကြောက်ကြတယ်။ ထည့်ဖို့ ၀န်လေးကြတယ်။ အဲဒီထဲမှာ သူ့ကို အသုံးပြုလို့ရှိရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်တတ်တယ်ဆိုတာကတော့ ဒီပစ္စည်းကို အမျိုးသမီးတွေ ကြောက်ရွံ့စေတဲ့ အဓိကအကြောင်းရင်းလို့တောင် ဆိုရမှာဖြစ်ပါတယ်။

တကယ်တော့ အဲဒါက အင်မတန်လွဲမှားတဲ့ အယူအဆတစ်ခုပါ။ သူ့ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ ဒီကင်ဆာက ပြောခဲ့ပြီးသလို လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တဲ့ HPV ပိုးကြောင့်သာ ဖြစ်ရတာပါ။ ပစ္စည်းထည့်လို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီလို မဖြစ်နိုင်တဲ့အပြင် တွေ့ရှိချက်တစ်ခုအရဆို သားအိမ်ထဲပစ္စည်း ထည့်ထားတဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေဟာ မထည့်ထားသူတွေနဲ့စာရင် ၃ပုံ၁ပုံ လျော့နည်းသွားတယ်လို့တောင် ဆိုထားပါတယ်။ အကြောင်းရင်း တိတိကျကျကို ပြောနိုင်ဖို့ လေ့လာနေဆဲ ဆိုပေမယ့် ပညာရှင်တွေ ခန့်မှန်းချက်အရတော့ ဒီပစ္စည်းထည့်လိုက်ရင် သားအိမ်ခေါင်းက HPV ပိုးကို တိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒီပစ္စည်းကို ပြန်ထုတ်တဲ့အခါမှာ HPV ပိုးကူးစက်ခံထားရတဲ့ သားအိမ်ခေါင်းဆဲလ်တွေ ပါသွားတာကြောင့်ဖြစ်မယ်လို့လည်း ပြောကြပါတယ်။ အတည်ပြုလို့ မရသေးတာမို့ ဒီပစ္စည်းထည့်ရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ဒီပစ္စည်းက ကင်ဆာကို မဖြစ်စေတာတော့ သေချာတဲ့အပြင် ထည့်ထားသူတွေမှာ ဖြစ်နှုန်းတောင် လျော့သွားသေးတယ်ဆိုတာကို သိစေချင်ပါတယ်။

နောက်ပြီး သားအိမ်ထဲပစ္စည်းမထည့်ခင်မှာ ထည့်ပေးမယ့် ဆရာဝန်၊ ဆရာမက ကိုယ့်သားအိမ်ခေါင်းကို စစ်ဆေးပေးပြီး သင့်တော်တယ်ဆိုမှ ထည့်ပေးတာမို့ အကယ်၍များ ကိုယ့်သားအိမ်ခေါင်းမှာ အနာဖြစ်နေတာ၊ ကင်ဆာဖြစ်တော့မယ့် လက္ခဏာမျိုးတွေ တွေ့နေရတာ ရှိခဲ့ရင်လည်း စောစောစီးစီးတောင် သိခွင့်ရနိုင်ပါသေးတယ်။ ဒါဆို အချိန်မီကုသလို့လည်း ရနိုင်တာပေါ့။

ဒါကြောင့်မို့ အနှစ်ပြန်ချုပ်ရရင် သားအိမ်ခေါင်းကင်ဆာဟာ လက်ရှိမှာ အမျိုးသမီးတွေကို အတော်လေး ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုဖြစ်တယ်။ အမျိုးသမီးတွေကိုယ်တိုင်လည်း ကြောက်ကြပါတယ်။ ဒါပေမယ့် ၀မ်းသာစရာက ဒီရောဂါက အသိပညာသာရှိရင် လွယ်လွယ်လေး ကာကွယ်လိုက်လို့ရတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ပိုးကြောင့်ဖြစ်တာမို့ အချိန်မီသေးရင် ကာကွယ်ဆေးထိုးမယ်။ နောက်ပြီး ကင်ဆာဖြစ်နိုင်ချေ များစေတဲ့ အမူအကျင့်တွေကို ရှောင်မယ်။ အဲဒီအမူအကျင့်တွေထဲမှာ ကလေးအများကြီး မွေးခြင်းကလည်း တစ်ခုအနေနဲ့ ပါဝင်တာမို့ သားဆက်ခြားနည်းတွေကို မှန်မှန်ကန်ကန်ုနဲ့ တောက်လျှောက်အသုံးပြုဖို့ လိုမယ်။ ဒီလိုသုံးလို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်မယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ချေကိုတော့ နည်းသွားစေလိမ့်မယ်။ တစ်ဖက်မှာလည်း သားဆက်ခြားခြင်းကြောင့် မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအကျိုးကျေးဇူးတွေလည်း ရလာမှာဖြစ်ပါတယ်။

 

ဒေါက်တာ ဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *