ခါးနာဝေဒနာအတွက် ဆောင်ရန်နှင့် ရှောင်ရန်များ

အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်တဲ့ ခါးနာဝေဒနာကို စတင်ခံစားရပြီဆိုရင် တော်ရုံနဲ့ ပျောက် ကင်းနိုင်မှာမဟုတ်တော့ပါဘူး။ သင်ရဲ့နေ့စဉ် သွားလာလှုပ်ရှားမှုတွေကြောင့် ခါးနာတာ သက်သာ သွားနိုင်သလို ဝေဒနာပိုမိုဆိုးရွားနိုင်တာလည်း ဖြစ်နိုင်တာမို့ ခါးနောက်ကျောနာကျင်နေရင် ဆောင် ရန်နဲ့ ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရာပေါ်မှာ ခါးနောက်ကျောကို ကာကွယ်ပါ

လူ့ဘဝရဲ့သုံးပုံတစ်ပုံကို အိပ်စက်ချိန်အတွက် အသုံးပြုထားရပါတယ်။ ဒါကြောင့် ခါးနောက်ကျော ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက အိပ် စက်တဲ့အနေအထားနဲ့ အိပ်မယ့်မွေ့ရာက မှန်ကန်မှု ရှိဖို့လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေး ထားပါတယ်။

မွေ့ရာ

မွေ့ရာက တန်ဖိုးကြီးဖို့ မလိုအပ်ပါဘူး။ တင်း တင်းရင်းရင်းရှိမှသာ ခါးနောက်ကျောအတွက် ကောင်း မွန်မှာပါ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် တည်ဆောက်ပုံချင်းက မတူညီကြလို့ တစ်ယောက်အတွက် သက်သောင့်သက်သာရှိတဲ့ မွေ့ရာက နောက်တစ်ယောက်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။
မနက်အိပ်ရာထခါစမှာ ခါးနောက်ကျောတင်း နေပြီး နာကျင်နေရင်တော့ သင်ရဲ့ မွေ့ရာကိုပြန် လည်စစ်ဆေးကြည့်ပါ။ သင့်မွေ့ရာကို အသုံးပြုထား တာ နှစ်ပေါင်းများစွာကြာနေရင်တော့ မွေ့ရာထဲက မှို့၊ ရေမြှုပ် ဒါမှမဟုတ် စပရိန်ရဲ့ အနေအထား ချို့ ယွင်းနေတာကြောင့်ပါ။ နှစ်နှစ်ကို တစ်ကြိမ် သင့် မွေ့ရာကို အထက်အောက်လှန်ပေးပြီး အပြစ်အနာ အဆာ မရှိစစ်ဆေးပါ။ စပရိန်က တွန်းကန်အားမရှိ တော့ရင် အသစ်လဲလှယ်ရပါမယ်။ ပုံမှန်အားဖြင့် တော့ မွေ့ရာကို ၅ နှစ်မှ ၇ နှစ်အတွင်း အသစ်လဲ လှယ်ရပါမယ်။

အိပ်စက်မှု အနေအထား

မှောက်လျက်အိပ်တာက ခါးနောက်ကျောနာ နေသူတွေအတွက် အဆိုးရွားဆုံး အနေအထားပါ။ မှောက်နေရတာကြောင့် လည်ကုပ်က တစ်ဖက်စောင်း ပြီး ဆန့်တန်းထားရတာကြောင့် ခါးဆစ်ရိုးတွေပေါ် မှာ ဖိအားသက်ရောက်မှု ပိုပြီး များပြားသွားပါတယ်။
ညာဘက်/ဘယ်ဘက်စောင်းအိပ်တာ ဒါမှမဟုတ် ပက်လက်အိပ်တာတွေပြုလုပ်ပြီး ဖက်လုံး အသုံးပြုပါ။ ဖက်လုံးကို ဘေးစောင်းအိပ်သူတွေက ဒူးခေါင်းနှစ်လုံးကြားထားရမှာ ဖြစ်ပြီး ပက်လက်အိပ် သူတွေက ဒူးခေါင်းအောက်မှာ ခုထားရမှာဖြစ်ပါတယ်။

မနက်အိပ်ရာမှထလျှင်

အိပ်ရာမှ နိုးနိုးချင်း ချက်ချင်း မထလိုက်ပါနဲ့။ တစ်မိနစ်လောက် အကြောဆန့်ပြီးမှ အိပ်ရာမှာခဏ ထိုင်ပြီးမှ ထပါ။

ကားပေါ်မှာ ခါးနောက်ကျောကို ကာကွယ်ပါ

သင်ဟာ နေ့စဉ် တစ်နာရီကျော်ကြာလောက် ကားစီးနေရပါသလား။ ကားထဲမှာ ထိုင်တဲ့ အနေ အထား မမှန်ကန်တာကြောင့် ခါးနာ ဝေဒနာ ပိုမိုဆိုး ရွားနိုင်ပါတယ်။

မှန်ကန်တဲ့ ကားအမျိုးအစားကို ရွေးချယ်ပါ

သင့်ခါးနောက်ကျောအတွက်က ကားကြီးလေ ပိုကောင်းလေပါ။ ကားကြီးတဲ့အတွက် သင်ရဲ့ ထိုင် ခုံအနေအထားကို ညှိလို့ ရနိုင်ပါတယ်။ ထိုင်ခုံကျယ် တာကြောင့် ဒူးကွေးထားစရာ မလိုအပ်တော့တဲ့အ တွက် နောက်ကျောရိုးမှာ ဖိအားသက်ရောက်မှုနည်း သွားနိုင်ပါတယ်။

ယာဉ်မောင်းထိုင်ခုံကိုသေချာညှိပါ

ထိုင်ခုံကို ကားစတီရာရင်နဲ့ ဝေးဝေးထားထား ရင် အရှေ့ကိုကုန်းနေရမှာမို့ ပိုပြီး ခါးနာလာပါလိမ့်မယ်။

ခေါင်းအုံးဆောင်ပါ

ခေါင်းအုံးသေးသေးလေး ဒါမှမဟုတ် မျက်နှာ သုတ်ပဝါကိုလိပ်ပြီး သင်ရဲ့ လိုအပ်ချက်အလိုက် ပခုံး နှစ်ခုကြားနေရာ ဒါမှမဟုတ် ခါးအောက် နောက်ကျော ရိုးနေရာမှာ ခုထားပါ။

ခဏနားပါ

သင့်အနေနဲ့ ကားနဲ့ ခရီးရှည်သွားရမယ်ဆိုရင် နှစ်နာနာရီခြား တစ်ခါလောက် ကားခဏရပ်ပြီး မတ် တတ်ထရပ်ကာ အကြောဆန့်ပေးပါ။

အလုပ်မှာ ခါးနောက်ကျောကို ကာကွယ်ပါ

ကျွန်မတို့ အများစုက စားပွဲ၊ ထိုင်ခုံနဲ့ အလုပ် လုပ်ရသူတွေ ဖြစ်ကြပါတယ်။ နေ့တစ်နေ့ရဲ့ အများ ဆုံးအချိန်တွေမှာ တစ်နေရာတည်းမှာထိုင်နေပြီး ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတစ်လုံးနဲ့ အလုပ်လုပ် ကြရတဲ့အတွက် ခါးနောက်ကျော ဒဏ်ပိလာပါ တယ်။
ထိုင်နေတာက မတ်တတ်ရပ်နေတာထက် ခါး နောက်ကျောအတွက် ဝေဒနာပိုရရှိနိုင်ပါတယ်။ ထိုင် နေစဉ်မှာ ခြေထောက်တွေကshock absorber လိုပြုမူနေတဲ့အတွက် ကိုယ်အလေးချိန်အားလုံးကို ကျောရိုးကထမ်းထားပေးရတာကြောင့်ပါ။
ဒါ့အပြင် ထိုင်နေစဉ်မှာ ခါးမတ်မတ်မထားဘဲ အရှေ့ကို ကုန်းနေတာ ဒါမှမဟုတ် ခါးနောက်လှန်နေ တာကြောင့် ကျောရိုးပေါ် ဖိအားကျရောက်မှု ပိုများ သွားပါတယ်။

ကွန်ပျူတာရဲ့ အနေအထားမှန်ကန်ပါစေ

ကွန်ပျူတာမျက်နှာပြင်က သင့်မျက်စိနဲ့ တစ် တန်းတည်း ဖြစ်ရပါမယ်။ ကွန်ပျူတာစခရင်မ်ကို အောက်ငုံ့ပြီး မကြည့်ရသလို အပေါ်ကိုလည်း မျက်စိ လှန်ပြီး မကြည့်ရပါဘူး။

မတ်မတ်ထိုင်ပါ

သင်ရဲ့ ခါးအလယ်နေရာနဲ့ ခါးအောက်နောက် ကျောနေရာကို ကောင်းမွန်စွာ အထောက်အပံ့ ပေး နိုင်တဲ့ ထိုင်ခုံနဲ့ ထိုင်ပါ။ ထိုင်နေစဉ်မှာ ခါးမတ်နေရပြီး ဒူးခေါင်းက ၉၀ ဒီဂရီ ကွေးနေရပါမယ်။

ခြေထောက်တင်ဖို့ ခွေးခြေခုံကို အသုံးပြုပါ

ထိုင်နေစဉ်မှာ သင့်ခြေဖဝါးက တစ်ခုခုအပေါ် အထောက်အပံ့ရထားရင် ခါးနောက်ကျောရိုးပေါ် ဖိ အားသက်ရောက်မှု လျော့နည်းသွားနိုင်ပါတယ်။

ခဏနားပါ

ထိုင်ချိန် တစ်နာရီကြာတိုင်း ထိုင်ခုံမှ မတ် တတ်ထရပ်ပြီး လမ်းလျှောက်ပါ။
သင်ဟာ စားပွဲကုလားထိုင်နဲ့ အလုပ်လုပ်ရသူ မဟုတ်ဘဲ စတိုးဆိုင်တွေမှာ တစ်နေကုန် မတ်တတ် ရပ်ပြီး အလုပ်လုပ်ရသူဖြစ်နေရင်တော့ အောက်ခံ ကူရှင်ကောင်းကောင်းပါဝင်တဲ့ ဖိနပ်မျိုးကို စီးထား ရမှာ ဖြစ်ပါတယ်။

အိမ်မှာ ခါးနောက်ကျောကို ကာကွယ်ပါ

အိမ်မှာပဲ လုပ်လုပ် ရုံးမှာပဲလုပ်လုပ် လူအများ စုက ပစ္စည်းကုန်းကောက်တာ၊ အလေးမတာမျိုး တွေကို ပြုလုပ်ကြရပါတယ်။

စာရွက်အောက်ပြုတ်ကျလို့ ကုန်းကောက်တာ၊ ကြမ်းတိုက်တာ၊ ပစ္စည်းအလေး မ တာမျိုးတွေက ဘယ်လောက်ပဲ ကြီးကြီး သေးသေး လေးလေး ပေါ့ပေါ့ ကောက်ယူနည်း မမှန်ကန်ခဲ့ရင် ခါးနောက် ကျောထိခိုက်နိုင်ပါတယ်။

ဆောင့်ကြောင့်ထိုင် မ ယူနည်း

အလေးပစ္စည်းတွေ မ ယူဖို့ အသုံးပြုပါတယ်။ သင့်ကိုယ်က သင် မ ယူမယ့် ပစ္စည်းနဲ့ ကပ်နိုင်သမျှ ကပ်ထားရပါမယ်။ ခြေထောက်နှစ်ဖက်ကို ခွာထား ပြီး ဆောင့်ကြောင့်ထိုင်ကာ ပစ္စည်းကို လက်မောင်းနဲ့ ပွေ့ပိုက်ကာ ခြေထောက်တွန်းအားနဲ့ မတ်တတ်ရပ်ပါ။

ဂေါက်သီးသမား မ ယူနည်း

အကြွေစေ့လိုမျိုး သေးငယ်တဲ့ ပစ္စည်းတွေကို ကောက်ယူဖို့ အသုံးပြုပါတယ်။ ဒီလိုကောက်ယူဖို့အ တွက် ဆောင့်ကြောင့်ထိုင်စရာ မလိုအပ်ပါဘူး။သင့် ကိုယ်အလေးချိန်ကို ခြေထောက်တစ်ဖက်ကပဲ ထမ်းစေပြီး ဆန့်ကျင်ဘက်လက်တစ်ဖက်ကို စားပွဲ၊ ထိုင်ခုံ အစရှိတဲ့ တည်ငြိမ်မှုရှိတဲ့ အရာဝထ္ထု တစ်ခု ပေါ် ထောက်ထားပါ။ အလေးမထမ်းထားရတဲ့ ခြေ ထောက်ကို တင်ပါးနောက်ပစ်ပြီး ကြမ်းပြင်ပေါ်မှ အ နည်းငယ် ကြွကာ ပစ္စည်းကိုကောက်ယူပါ။

ကြိုးကြာ မ နည်း

ဆောင့်ကြောင့်ထိုင်ပြီး သယ်မ မယူနိုင်တဲ့ ပုခက်ထဲက ကလေးကောက်ချီတာမျိုး အလွန်လေး လံတဲ့ ပစ္စည်းတွေကို မ ယူဖို့ အသုံးပြုပါတယ်။ သယ်မ ရမယ့်ပစ္စည်းနဲ့ အနီးကပ်ဆုံးနေရာမှာ ဒူး နှစ်ဖက်ကိုခွာပြီး မတ်တပ်ရပ်ပါ။ တင်ပါးကိုကွေးပြီး ပစ္စည်းကိုသေချာ ဆုပ်ကိုင်ကာ ကိုယ်နဲ့ နီးကပ်စွာဆွဲ ယူလာပြီး မ ယူပါ။ အမြင့်ပေါ်က အလေးပစ္စည်းတွေ ကိုလည်း ခြေဖျားထောက်ပြီး မယူပါနဲ့။ လှေကား ဒါမှမဟုတ် ထိုင်ခုံနဲ့တက်ယူပါ။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal