ကိုလာဂျင် သောက်ဆေး၊ လိမ်းဆေးနဲ့ ထိုးဆေးတွေ သုံးစွဲနေပါသလား

နည်းပညာတွေ ခေတ်မှီတိုးတက်လာသလို အသားအရေ ပြုပြင်ထိန်းသိမ်းနည်းတွေလည်း တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲရောက်နေပါပြီ။ အခုနောက်ပိုင်းမှာ ကိုလာဂျင် သောက်ဆေး၊ လိမ်းဆေးနဲ့ ထိုးဆေးတွေ ခေတ်စားလာပါတယ်။ ဒါတွေက ဘယ်လိုအကျိုး သက်ရောက်မှုပေးလဲဆိုတာ စမ်းတဝါးဝါး မဖြစ်အောင် ပြောပြပေးပါမယ်။


ပထမဆုံး လူ့အရေပြားမှာ အလွှာသုံးလွှာရှိပါတယ်။ အပီဒါးမစ် (epidermis)၊ ဒါးမစ် (dermis) နဲ့ ဟိုင်ပိုဒါးမစ် (hypodermis) လို့ခေါ်ပါတယ်။ ဒုတိယအလွှာဖြစ်တဲ့ ဒါးမစ်လွှာကို ကိုလာဂျင်ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီဒါးမစ်လွှာမှာ သွေးကြောတွေ၊ နာဗ်ကြောတွေနဲ့ အမွေးအမှင် ဂလင်းတွေပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ်တွင်းမှာ တွေ့ရတဲ့ ပရိုတင်းတွေရဲ့ ၃၀ % က ကိုလာဂျင်ပရိုတင်းတွေ ဖြစ်ပါတယ်။ ကိုလာဂျင်က အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို တိုးစေတဲ့အတွက် အရေးကြောင်းတွေ ဖြစ်ပေါ်တာကို တားနိုင်ပါတယ်။ အသက် အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ကိုလာဂျင်ပရိုတင်းတွေ ထုတ်လုပ်မှုကျလာပါတယ်။ ဒီအခါမှာ အရေပြားပေါ်မှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာတော့တာပေါ့။

ကိုလာဂျင်ခရင်မ်၊ လိုးရှင်းများ
ကိုလာဂျင်ကိုခရင်မ်တွေ၊ လိုရှင်း တွေထဲမှာထည့်သွင်းထုတ်လုပ်လဲာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကိုလာ ဂျင်မော်လီကျူးတွေက အရေပြားထဲကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် ကိုလာ ဂျင်ပရိုတင်းရဲ့ အာနိသင်ကို အပြည့်အဝ မရနိုင်ပါဘူး။

 ကိုလာဂျင်သောက်ဆေးများ

ကိုလာဂျင်ပရိုတင်းကို သောက်ဆေးအမှုန့်၊ ဆေးတောင့် ပုံစံတွေနဲ့လည်း ထုတ်လုပ်ကြပါတယ်။ ကိုလာဂျင် သောက်ဆေးတွေရဲ့ အာနိသင်ကို အပြည့်အဝရဖို့အတွက်ဆိုရင် –

အစာစားပြီး ၂ – ၃ နာရီကြာမှ ကိုလာဂျင်သောက်ဆေးကိုသောက်ပါ၊ ဒါမှ ကိုလာဂျင်ပရိုတင်းတွေက အစာအိမ်ကတစ်ဆင့် အူတွေထဲကိုသွားတဲ့ လမ်းတစ်လျောက်မှာ အစာခြေရည် အက်စစ်တွေရဲ့ ခြေဖျက်တာကို မခံရမှာပါ။

အိပ်ယာဝင်ခါနီး ကိုလာဂျင်သောက်ဆေးကို ရေနဲ့သောက်ပါ၊ ဒါဆို ခန္ဓာကိုယ်က ကိုလာဂျင်ဆေးကိုစုပ်ယူဖို့ အချိန်ရသွားပြီး အိပ်နေစဉ်မှာ အ သားအရေပြုပြင်ထိန်းသိမ်းတဲ့ တာဝန်ကို ထိမ်းဆောင်ပေးပါလိမ့်မယ်။

ကိုလာဂျင်ဆေးသောက်တဲ့အခါမှာ အစားအစာစားတာ၊ ဖျော်ရည်တွေသောက်တာ ရှောင်ပါ၊ ဗိုက်ထဲမှာ အစာရှိနေရင် အစာခြေ စနစ်က ကိုလာဂျင်ဆေးကိုပါ အစာတွေနဲ့အတူ ရောပြီးခြေဖျက်ပစ်လိုက်မှာမို့လို့ ဆေးရဲ့အာနိသင်လျော့ကျသွားနိုင်ပါတယ်။ ဗိုက်ထဲအစာမရှိချိန်မှာ သောက်နိုင်ရင် အကောင်းဆုံးပါ။

ကိုလာဂျင်သောက်ဆေးတွေကို နှစ်လ ကနေ လေးလအထိ သောက်သုံးပေးမှ သူ့ရဲ့အာနိသင်ကို အပြည့်အဝ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

 ကိုလာဂျင်ထိုးဆေးများ
ကိုလာဂျင်ထိုးဆေးတွေက အရေပြားကို ချောမွေ့စေပြီး ပြန်လည် ပြည့်တင်းစေပါတယ်။ ဒီကိုလာဂျင် ထိုးဆေးတွေကို dermal filler, injectable implants, soft tissue fillers, wrinkles fillers လို့ခေါ်ပါတယ်။ ကိုလာဂျင်ထိုးဆေးတွေ ကို FDA က ဘယ်နေရာတွေမှာ အသုံးပြုဖို့ ခွင့်ပြု ထားလဲဆိုတော့ –

(၁) ရယ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပါးစပ် တစ်ဖက်တစ်ချက်မှာရှိတဲ့ နှာခေါင်းနားက အရေးကြောင်းတွေ ပျောက်ကင်းအောင်၊ တခြားမျက်နှာ အရေပြားပေါ်မှာရှိတဲ့ အရေးကြောင်းတွေနဲ့ ပါးပြင်ပေါ်က ဝက်ခြံအမာရွတ်တွေ ပျောက်စေဖို့ သုံးနိုင်ပါတယ်။

(၂) မျက်နှာအရေပြားရဲ့ အဆီဓာတ် ဆုံးရှုံးတာကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) နှုတ်ခမ်းနဲ့ ပါးပြင် အသားအရေ ပြည့်တင်းချင်ပါက အသက် ၂၁ နှစ်နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်။

(၄) လက်ဖမိုး အသားအရေ ဖြည့်တင်းဖို့ အသုံးပြုနိုင်ပါတယ်။

ကိုလာဂျင်ထိုးဆေး အသုံးပြုသူတွေ အနေနဲ့ သင်လိုချင်တဲ့ ရလာဒ်ရဖို့ တစ်ကြိမ်တည်း ထိုးရုံနဲ့ မသိသာနိုင်ပါဘူး၊ သင်ဘယ်နှကြိမ်ထိုးဖို့ လိုအပ်လဲဆိုတာ သင့်ရဲ့ အသားအရေပေါ်မူတည်ပါတယ်။ နောက်ပြီး ဆရာဝန်ရဲ့ ကျွမ်းကျင်မှုနဲ့ သင်သုံးတဲ့ ကိုလာဂျင်ထိုးဆေး ပမာဏ၊ အမျိုးအစားနဲ့လည်း သက်ဆိုင်နေပါတယ်။

FDA က ကိုလာဂျင်ထိုးဆေးတွေကို အောက်ပါအခြေအနေတွေမှာ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။

– ရင်သားကြီးထွားဖို့ အသုံးပြုခြင်း

– ခြေထောက်အရေပြားဖြည့်တင်းခြင်း

– အရိုး၊ အရွတ်၊ နဲ့ြွကက်သားများထဲသို့ ထိုးသွင်းခြင်း

တိုင်ပင်ဆွေးနွေးခြင်း
ကိုလာဂျင်ထိုးဆေး မသုံးခင်မှာ သင့်ကို ဆေးထိုးပေးမယ့် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။ သင်လိုချင်တဲ့ ရလာဒ်ရဖို့ ဘယ်ဆေးအမျိုးအစားနဲ့ သင့်တော်မလဲ၊ ဆေးဘယ်နှခါထိုးရမလဲ၊ ကုန်ကျစရိတ်တွေဘယ်လောက်ရှိနိုင်မလဲ စတာတွေကို ကြိုတင်မေးထားဖို့လိုပါတယ်။ ကိုလာဂျင်ထိုးဆေးတွေကို သင်စတင်အသုံးမပြုခင်မှာ သင်နဲ့ ဆေးတည့်မတည့်ကို Skin Test အရင် စမ်းလုပ်ရမှာ ဖြစ်ပါတယ်။

ကိုလာဂျင်ထိုးဆေးတွေက သင်လိုချင်တဲ့ ရလာဒ်ရတဲ့အထိ ထိုးရမှာဖြစ်ပြီး ဆေးအာနိသင် ရေရှည်မှာဆက်ရဖို့အတွက် တစ်နှစ်မှာ နှစ်ကြိမ်ကနေ လေးကြိမ်ထိ ဆက်ထိုးရနိုင်ပါတယ်။ စစထိုးပြီး တစ်ပတ်အတွင်းမှာ သင်ထိုးထားတဲ့ အရေပြားရဲ့ အခြေအနေကို သေချာ စောင့်ကြည့်ဖို့ လိုပါတယ်။

သင့်အရေပြားက ရောင်ရမ်းနေတာ၊ ပိုးဝင်တာ၊ ဝက်ခြံတွေရှိနေတာ၊ သွေးထွက်လွန်တတ်တာ၊ အလာဂျီရှိတာ၊ ဓါတ်မတည့်မှုဖြစ်တာ စတာတွေရှိရင် ဒီအခြေအနေတွေ ကောင်းမွန်သက်သာ သွားတော့မှ ကိုလာဂျင်ထိုးဆေးတွေ အသုံးပြုသင့်ပါတယ်။

 ဘေးထွက်ဆိုးကျိုး 
အရေပြားဖြည့်တင်းထိုးဆေးတွေ အကုန်လုံးမှာ သူ့ဆိုးကျိုးနဲ့သူ ရှိပါတယ်။
ပုံမှန်အားဖြင့်တော့ ဘေးထွက်ဆိုးကျိုးတွေက နှစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားပါတယ်။ တစ်ခါတလေမှာလည်း လနဲ့နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။

 အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကတော့ – 

– ထိခိုက်ပွန်းရှနာဖြစ်တာ

– အရေပြားနီမြန်းလာတာ

– အရေပြားရောင်ရမ်ြးွကတက်လာတာ

– အရေပြားကိုထိတာနဲ့နာတာ

– အရေပြားမှာ ယားယံတဲ့ အဖုအပိမ့် တွေထွက်တာ တို့ဖြစ်ပါတယ်။

 အဖြစ်နည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကတော့ –

– ပိုးဝင်တာ

– သွေးစုနာဖြစ်တာ

– ဆေးနဲ့ဓါတ်မတည့်တာ

– အရေပြားဆဲလ်သေဆုံးတာ

– အနာဖြစ်ပြီး အရည်ကြည်ထွက်တာ

– အရေပြားအောက်မှာ အဖုအကျိတ် ဖြစ်ပေါ်တာ စတာတွေဖြစ်တတ်ပါတယ်။

ကိုလာဂျင်ပရိုတင်းရရှိနိုင်တဲ့ သဘာဝ စားစရာတွေကတော့ – အမိုင်နိုအက်ဆစ်ပါတဲ့ ငါး၊ ချိစ်၊ နို့၊ ဥအမျိုးမျိုး၊ လိုင်စင်းနဲ့ ပရိုတင်းဓာတ်တွေပါတဲ့ အသား၊ ပဲသီးတောင့်၊ ကြက်ဥအကာ၊ ဂျုံစပါး၊ ဖလေဗိုနွိုက် Anthocyanidins ပါတဲ့ အနီရောင်ရင့်နဲ့ ခရမ်းရောင် အသီးတွေဖြစ်တဲ့ ချယ်ရီ၊ ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဗီတာမင်စီ ပါတဲ့ ကီဝီသီး၊ ပန်းမုန်လာ၊ လိမ္မော်သီး၊ ကန်စွန်းရွက်၊ ငရုတ်ကောင်း၊ သခွားမွှေးတို့ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *