Cosplay အနုပညာ

ဒီနေ့ခေတ် မြန်မာလူငယ်တွေကြားမှာ ထူးခြားဆန်းပြားတဲ့ Cosplay ဖက်ရှင် ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။
ဂျပန် Anime တွေ, Game, Disney, Marvel ရုပ်ရှင်တွေမှာပါတဲ့ ဇာတ်ကောင်တွေလိုမျိုး ဝတ်ဆင်ပြီး သရုပ်ပြတာမျိုးကို Cosplay လို့ ပြောနိုင်ပါတယ်။

Cosplay ဘယ်က စတင်ဖြစ်ပေါ်လာလဲ
၁၉၃၉ ခုနှစ်က New York မှာ ကမ္ဘာ့ပထမဆုံး Science Fiction Convention ကို ကျင်းပခဲ့တယ်။ ဒီပွဲကို လာတဲ့သူတွေက Science Fiction တွေထဲကလိုမျိုး ဝတ်ဆင်လာကြတယ်။ ဒါက ကမ္ဘာမှာ ပထမဆုံး Cosplay ပွဲလို့ ပြောနိုင်ပါတယ်။ Cosplay ဆိုတဲ့ Term ကတော့ ဂျပန်မှာ ၁၉၈၄ ခုနှစ်က စပြီး ဖြစ်လာပါတယ်။ Costume Play ကနေ Cosplay ဖြစ်လာတဲ့ သဘောပါ။

မြန်မာနိုင်ငံမှ Cosplay ပွဲများ
မြန်မာနိုင်ငံမှာကတော့ Cosplay က ၂၀၁၃ ဝန်းကျင်လောက်ကစပြီး ဝင်ရောက်လာခဲ့ပါတယ်။ ပြည်တွင်းက organisers တွေလုပ်တဲ့ပွဲတွေရှိမယ်။ ဂျပန်က Cosplay Event Organiser ကိုယ်တိုင်လာလုပ်တဲ့ ပွဲတွေလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ဂျပန်ကုန်စည်ပြပွဲတွေ လုပ်တဲ့အခါမှာလည်း Cosplay ပွဲနဲ့တွဲပြီး လုပ်လာတာတွေရှိတယ်။ Game ဆိုင်ဖွင့်ပွဲတွေ၊ Movie Launch လုပ်တဲ့အခါမှာလည်း Cosplay ကို ကဏ္ဍတစ်ခု အနေနဲ့ ထည့်လာကြတယ်။ ဒါပေမဲ့ ဒါတွေက ရန်ကုန်မှာပဲရှိပါသေးတယ်။ မန္တလေးမှာကတော့ မင်္ဂလာ မန္တလေး နှစ်နှစ်ပြည့်တုန်းက Cosplay ကို ကဏ္ဍတစ်ခုအနေနဲ့ လက်ခံ ကျင်းပလာ တာတွေ့ရပါတယ်။ နောက်ပိုင်းမှာ Cosplay Academy နှင့် မင်္ဂလာမန္တလေးတို့ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ Cosplay ပြိုင်ပွဲတွေ ရှိလာပါတယ်။

Cosplayer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ
Cosplayer တစ်ယောက်ဖြစ်ဖို့ အဓိကကတော့ ဝါသနာပါဖို့ လိုအပ်ပါတယ်။ ပွဲမရောင်ခင်မှာ သင် Cos မယ့် Character အတွက် Makeup Test အရင်လုပ်ကြည့်ရတာ၊ Wig Styling ကအစ ခေါင်းစ၊ ခြေဆုံး အသေးစိတ်ကို အချိန်ယူပြီး ကြိုတင် ပြင်ဆင်ရမှာ ဖြစ်လို့ စိတ်ရှည်ဖို့လိုပါတယ်။ Cosplay ဆိုတာလည်း အနုပညာ တစ်ခုဖြစ်ပြီး Cosplayer တစ်ယောက်အတွက် အသုံးဝင်တဲ့ Skills တွေကတော့ Makeup၊ Creativity၊ Costume Making၊ Wig Styling၊ Crafts Making နဲ့ Drawing ပဲဖြစ်ပါတယ်။

Character တစ်ခုအတွက် လိုအပ်တာတွေ အကုန်လုံးကို မှာယူဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ချုပ်တတ်တဲ့သူက ဝတ်စုံကို ကိုယ်တိုင်ချုပ်မယ်၊ Crafting တတ်တဲ့သူက accessories တွေကို ကိုယ်တိုင် လုပ်မယ်ဆိုရင် အကုန်အကျ ပိုပြီး သက်သာနိုင်ပါတယ်။ ဒါကြောင့် တီထွင်ဖန်တီးနိုင်စွမ်း Creativity ကလည်း Cosplayer တစ်ယောက် အတွက် လိုအပ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံးက များသော အားဖြင့် ၆ – ၈ နာရီလောက်ထိ ကြာတတ်ပါတယ်။ ဒါကြောင့် ပွဲချိန် တစ်လျှောက်မှာ သင် Cosplay လုပ်တဲ့ character ရဲ့ accessories အကုန်လုံးကို သင်က တပ်ဆင်ကိုင်တွယ်ပြီး သရုပ်ပြနေရနိုင်တာကြောင့် သက်သောင့် သက်သာ ဖြစ်ဖို့လည်းလိုပါတယ်။ ဒါကြောင့် အရမ်းလေးလံတဲ့ အရာတွေ၊ အန္တရာယ် ဖြစ်စေနိုင်တဲ့ အချွန်တွေ၊ ရှနိုင်တဲ့ပစ္စည်းတွေနဲ့ Crafts တွေ မလုပ်ပါနဲ့။

Cosplay Makeup
Cosplay မိတ်ကပ်ဆိုတာက နေ့တိုင်းလိမ်း မိတ်ကပ်၊ ပွဲလမ်းသဘင် တက်တဲ့ မိတ်ကပ်လိုမျိုးမဟုတ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာကျကလည်း မတူဖူးလေ။ ဥပမာ – သင်က မျက်လုံးဝိုင်းတယ်ထားပါတော့၊ သင် cosplay လုပ်မယ့် character က မှေးတယ်ဆိုရင် မှေးတဲ့ eye look ရအောင် ခြယ်ရပါတယ်။ ပြူးတယ်ဆိုရင် ပြူးအောင် ခြယ်ရပါတယ်။ မျက်လုံး အရောင်၊ မျက်ခုံးမွေးအရောင်က အစ အသေးစိတ်ကို အတတ်နိုင်ဆုံး တူအောင် ခြယ်သရပါတယ်။ တချို့ characters တွေဆို မျက်ခုံးမွေးမရှိတာရှိတယ်။ အဲဒီ အခါမိတ်ကပ်နဲ့ ဖုံးတာဖြစ်ဖြစ်၊ တိပ်နဲ့ ဖုံးတာဖြစ်ဖြစ် လုပ်ရပါတယ်။ Character နဲ့ပိုတူလေ ပိုပြီး epic ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ Cosplay အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ မိတ်ကပ်တွေလည်း ရှိပါတယ်။ သူတို့က များသောအားဖြင့် ထူပစ်ပြီး သိပ်သည်းတာကြောင့် ပွဲပြီးရင် အရေပြားကို သေချာပြန်လည် သန့်စင်ပေးဖို့ လိုပါတယ်။

Cosplayers တွေက ဘာတွေလုပ်ကြလဲ
ပြိုင်ပွဲနေ့မှာဆိုရင် ပြိုင်ပွဲဝင်တဲ့ Cosplayers တွေရှိမယ်၊ Cosplayers တွေရဲ့ Performance တွေကြည့်လို့ ရပါတယ်။ တချို့ Cosplayers တွေက Personal Photographers တွေခေါ်လာပြီး ဓာတ်ပုံရိုက်တာတွေ လုပ်ကြပါတယ်။ Cosplayers တွေတိုင်း ဓာတ်ပုံရိုက်ရတာကို နှစ်သက်ကြပါတယ်။ အတူလာတွဲပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေကိုလည်း သင်ခွင့်ပြုရင် ရိုက်ခွင့်ပေးနိုင်ပါတယ်။ ပွဲနေ့မှာ Cosplayers သူငယ်ချင်းတွေ ချိန်းပြီး တူတူ Photoshoot လုပ်တာတွေလည်း တွေ့ရတတ်ပါတယ်။

မြန်မာနိုင်ငံမှာက Cosplay ကို အသက်မွေးဝမ်းကျောင်း Profession တစ်ခုအနေနဲ့ ရပ်တည်လို့ မရသေးပါဘူး။ တခြားနိုင်ငံတွေမှာတော့ ရနိုင်ပါတယ်။ Cosplayers တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာမှာ အသက်အရွယ် မျိုးစုံ တွေ့ရပါတယ်။ တချို့ဆို အိမ်ထောင်ကျ၊ ကလေးမွေးပြီးလည်း Cosplay ဆက် လုပ်နေတာတွေရှိပါတယ်။

မြန်မာနိုင်ငံမှာ Cosplay လုပ်တဲ့ သူတွေက ကျောင်းတက်နေတဲ့သူတွေရှိတယ်၊ အလုပ်လုပ်နေတဲ့သူတွေလည်းရှိတယ်။ အားလုံးကလည်း ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ပဲ ဝါသနာပါတဲ့ Cosplay ကို အချိန်ရရင် ရသလို လုပ်ကြတာတွေ များပါတယ်။ သင်ရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကို ထိခိုက်စေလောက်တဲ့အထိတော့ Cosplay အနုပညာကို မရူးသွပ်သင့်ပါဘူး။ ဝါသနာတစ်ခု အနေနဲ့ပဲ ထားရှိသင့်ပြီး ဆုရဖို့ ပြိုင်ပွဲတွေအတွက်ပဲမဟုတ်ဘဲ Charities ရန်ပုံငွေပွဲတွေ အတွက်လည်း Cosplay ကို အသုံးချလာနိုင်ရင် အကောင်းဆုံး ဖြစ်မှာပါ။

  #Darliko (M. Sc. in Pharm)  

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *