ကိုဗစ်ရောဂါသတိပြုစရာ ကြောက်သင့်သလောက်သာ ကြောက်ကြပါ

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်အသစ် SARS-CoV-2 ရောဂါပိုးကြောင့်ဖြစ် သည့် ကိုဗစ် (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၈၀ ကျော် တွင် ဖြစ်ပွားလျက်ရှိ၍ လူပေါင်း ၃၀၀၀၀၀ ကျော်၌ ကူးစက်ခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော် သေဆုံးစေသည်ကို သိကြပြီးဖြစ်ပါလိမ့်မည်။ ကမ္ဘာ့အနှံ့သို့ ကူးစက်ပျံ့နှံ့နိုင်သည့် ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါ (Pandemic Disease) အဖြစ်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ၁၁-၃-၂၀၂၀ ရက်ကပင် ကြေညာခဲ့ ပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကူးစက်ပြန့် ပွားသည့် နိုင်ငံအရေအတွက်တိုးလာ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အာဆီယံ ဒေသနိုင်ငံတိုင်းလိုလို ( ၂၂-၃-၂၀၂၀ ရက် နေ့လယ်အထိ မြန်မာနှင့် လာအိုမပါ) တွင်လည်း ဖြစ်ပွားလျက်ရှိသဖြင့် မြန်မာနိုင်ငံသို့ အချိန်မရွေးရောက်ရှိ လာနိုင်ပြီး စုပြုံဖြစ်ပွားနိုင်ခြေလည်းရှိသောကြောင့် ဤရောဂါဖြစ်မည်ကို ပြည် သူအများ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။
ဤရောဂါသည် အမှန်စင်စစ် ပေါ့ပေါ့ဆဆမနေဘဲ သတိပြုစရာ ကြောက်သင့် ကြောက်ထိုက်သောရောဂါဖြစ်သော် လည်း အလွန်အကျွံ စိုးရိမ်ကြောက်လန့်နေရန် (Panic ဖြစ်ရန်)လည်း မလိုအပ် ပါ။ ထို့ကြောင့် ဤရောဂါကိုအထူးသတိ ထားရန် လိုအပ်သည့် အကြောင်းရင်းများ နှင့် အကြောက်မလွန်သင့်သည့်အချက်များကို ဖော်ပြလိုပါသည်။

 အထူးသတိထားရန် လိုအပ်သည့်အကြောင်းရင်းများ (Dr.TTO)

၁။ ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ခြင်း
ဤရောဂါသည် ယခင်ဖြစ်ပွားခဲ့ဖူး သော ကမ္ဘာကျော် ဆားစ် (Severe Acute Respiratory Syndrome-SARS) ရောဂါ၊ မားစ် (Middle East Respiratory Syndrome-MERS) ရောဂါတို့ထက် ပိုမိုကူးစက်နိုင်ပါသည်။ ကိုဗစ်ရောဂါသည် ကျန်းမာရေးဆိုင်ရာ လေ့လာမှန်းဆချက်များအရ ရောဂါပိုးရှိ သူတစ်ဦးမှ အခြားသူ ၁.၄ မှ ၄ ဦးအထိ ပျံ့နှံ့နိုင်ကြောင်း သိရပါသည်။ WHO ၏ ခန့်မှန်းချက်မှာ ၁.၄ မှ ၂.၅ ဦးအထိ ဖြစ်သည်။ ယင်းသို့ပျံ့နှံ့မှုနှုန်းသည် ရိုးရိုး တုပ်ကွေးရောဂါတွင် ၁-၃ ဦးနှင့် SARS ရောဂါတွင် ၂ ဦးနှုန်းသာရှိပါသည်။ ယင်း ပျံ့နှံ့နှုန်းသည် ၁ ဦးထက်နည်းလျှင် (လူ တစ်ဦးထံမှ အခြားသူတစ်ဦးနှုန်းမျှပင် မကူးလျှင်) ထိုရောဂါသည် လူထုအတွင်း ၌ တဖြည်းဖြည်း လျော့နည်းပျောက်ကွယ် သွားလေ့ရှိသည်။ ကိုဗစ်ရောဂါသည် ၃ လခန့်အတွင်း လူ ၃ သိန်းကျော်ကို ကူးစက်နိုင်ခဲ့၍ SARS ရောဂါသည် ၈ လအတွင်း ၈၀၉၈ ဦးအထိ ကူးစက်ခဲ့ကာ MERS ရောဂါသည် ၈ နှစ်အကြာ ၂၄၉၄ ဦးအထိ ကူးစက်ပြီး ရောဂါပြန့်ပွား မှုရပ်တန့်သွားခဲ့သည်။ (အောက်ပါပုံပြမျဥ်းကို ကြည့်ပါ) (Dr.TTO)

၂။ ရောဂါလက္ခဏာမပြမီကူးစက်နိုင်ခြင်း
ကူးစက်ရောဂါများတွင် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးဝင်ရောက်၍ ချက်ချင်း ရောဂါလက္ခဏာများ ပြသခြင်း မရှိသေး ဘဲ အချိန်အသင့်အတင့်အရှိန်ယူပြီးမှ ရောဂါလက္ခဏာပြသလေ့ရှိကြပါသည်။ ယင်းအချိန်ကာလကို ရောဂါပျိုးရက် (Incubation Period) ဟုခေါ်သည်။ ဤရောဂါတွင် ရောဂါပျိုးရက်မှာ ၂-၁၄ ရက်အထိဟု အများကလက်ခံထားကြ ပြီး ရောဂါကာကွယ်စောင့်ကြပ်ကြည့်ရှု (Quarantine ပြုလုပ်)ရသည့်ကာလကို လည်း ၁၄ ရက်ဟု သတ်မှတ်ကျင့်သုံးကြပါသည်။ အချို့တွေ့ရှိချက်များတွင် ရောဂါပျိုးရက်ကို သုညမှ ၂၄ ရက်၊ ၂၇ ရက် အထိ စသည်ဖြင့် ဖော်ပြထားပါသည်။ သုတေသနပြုချက်အမျိုးမျိုးအရ ဤ ရောဂါ၏ ပျမ်းမျှရောဂါပျိုးရက်သည် ၃ ရက်၊ ၅.၂ ရက်နှင့် ၆.၄ ရက်ဟူ၍ အမျိုး မျိုးရှိကြရာ လူနာအများစုတွင် ကိုယ်ပူ ခြင်း၊ ချောင်းခြောက်ဆိုးခြင်း စသည့် အဓိကရောဂါလက္ခဏာများသည် ၃ ရက် မှ ၆ ရက်အတွင်း ဖြစ်ပေါ်လာလေ့ရှိသည် ဟု ယူဆရပါသည်။ ဤရောဂါတွင် ထိုသို့ သောလက္ခဏာများမပေါ်မီအချိန်တွင် လူ ကောင်းပကတိ အခြေအနေမျိုးဖြစ်နေ သော်လည်း ယင်းတို့၌ ရောဂါပိုးရှိနေပြီး ကူးစက်နိုင်ပါသည်။ ထို့ပြင် အခြားဗိုင်း ရပ်စ်ပိုးများနှင့်နှိုင်းယှဉ်လျှင် ဤရောဂါပိုး က ရောဂါပျိုးချိန်ကြာမြင့်၍ မသိလိုက်ဘဲ ပိုမို၍ ကူးစက်ခံရနိုင်ခြေများပါသည်။ (အောက်ပါဇယားကိုကြည့်ပါ)(TTO)

 

၃။ ရောဂါပိုးအသစ်ဖြစ်ခြင်း
ဤရောဂါပိုးသည် SARS နှင့် MERS ရောဂါပိုးများကဲ့သို့ ကိုရိုနာဗိုင်း ရပ်စ်ဖြစ်သော်လည်း အမျိုးအစားအသစ် ဖြစ်သဖြင့် ယင်းအကြောင်းကို ဂဃနဏ မသိရှိကြရသေးပါ။ ထို့ပြင် ရောဂါပိုးသစ်ဖြစ်သောကြောင့် လူသား တို့တွင် ယင်းကို ခုခံကာကွယ်နိုင်စွမ်း၊ တွန်းလှန်နိုင်စွမ်းမရှိသေးဘဲ ခံနိုင်ရည်စွမ်း နည်းပါးနေပါသေးသည်။ (Dr.TTO)

 အကြောက်မလွန်သင့်သည့် အချက်များ
( Dr.TTO)

၁။ ရောဂါပိုးသစ်အကြောင်းကိုအမြန်စူးစမ်းဖော်ထုတ်နိုင်ခြင်း
ဤရောဂါပိုးသည် အမျိုးအစားသစ် ဖြစ်သော်လည်း ယင်း၏မျိုးရိုးဗီဇနှင့် သဘာဝတို့ကို ဆေးသိပ္ပံပညာရှင်များက အမြန် စူးစမ်းလေ့လာဖော်ထုတ်နိုင်ခဲ့ပါသည်။ ၃၁-၁၂- ၂၀၁၉ ရက်တွင် ပြင်းထန်သော အဆုတ်ရောင်ရောဂါတစ်မျိုးကို တရုတ် နိုင်ငံတွင် တွေ့ရှိကြောင်း ကြေညာနိုင်ခဲ့၍ ၇-၁-၂၀၂၀ ရက်တွင် ထိုရောဂါဖြစ် စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မျိုးရိုး ဗီဇနှင့် သဘာဝကို ထုတ်ပြန်နိုင်ခဲ့သည်။ လူသိများသော AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)ကို ၁၉၈၁ ခုနှစ်တွင် ရောဂါစတွေ့ပြီး နှစ်နှစ်ကြာမှ ရောဂါပိုး၏ သဘာဝကို သေသေချာချာ စူးစမ်းလေ့လာထုတ်ဖော်နိုင်ခဲ့ပါသည်။

၂။ အလိုအလျောက်ပြန်လည်ပျောက်ကင်းသွားနိုင်ခြင်း (Dr.TTO)
ဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်သဖြင့် အတည်ပြုကုသဆေးမပေါ်သေးစေကာမူ ကိုယ်တွင်းသို့ ရောဂါပိုးဝင်ရောက် ပြီးနောက် လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ် ခုခံအားပေါ် မူတည်ပြီး များသောအားဖြင့် အလိုအလျောက် ပြန်လည်ပျောက်ကင်း သွားနိုင်ပါသည်။ မိမိတွင် ရောဂါကူး၍ ကူးနေမှန်းပင်မသိဘဲ ပြန်လည် နေကောင်း သွားသူများလည်း ရှိပါသည်။ တရုတ်နိုင် ငံတွင် လူနာ ၇၂၀၀၀ ကို လေ့လာသုတေ သနပြုခဲ့ရာ၌ ကူးစက်ခံရသူ ၈၁ ရာခိုင် နှုန်းသည် ရောဂါဝေဒနာမပြင်းထန်ဘဲ ပျောက်ကင်းသွားလေ့ရှိ၍ ၁၄ ရာခိုင်နှုန်း ခန့်သာ ပြင်းထန်သည့်ဝေဒနာကို ခံစား ကြရပြီး ၅ ရာခိုင်နှုန်းခန့်မှာ အဆိုးရွားဆုံး အခြေအနေများကို ရင်ဆိုင်ကြရကြောင်း သိရပါသည်။

၃။ ကာကွယ်ရန်လွယ်ကူရိုးရှင်းသောနည်းလမ်းများရှိခြင်း (Dr.TTO)
ဤရောဂါကို စနစ်တကျ ကာကွယ် ပါက ရောဂါကူးစက်ခံရနိုင်ခြေ နည်းပါ သည်။ (ရိုးရှင်းလွယ်ကူသည့် စနစ်တကျ ကာကွယ်နည်းများကိုမူ အများသိပြီးဖြစ် ၍ ဤဆောင်းပါးတွင် ဖော်ပြခြင်း မပြု တော့ပါ။)

၄။ ရောဂါကြောင့်သေဆုံးမှုနှုန်းမများခြင်း
အခြားကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားကြောင့် ၂၀၀၂ – ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာကျော် SARS ရောဂါတွင် ရောဂါကြောင့် သေဆုံးနှုန်း (Case Fatality Rate) မှာ ၉.၆ ရာခိုင်နှုန်းနှင့် ၂၀၁၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် MERS ရောဂါတွင် ၃၄.၄ ရာခိုင်နှုန်းဖြစ်သော် လည်း ယခု COVID-19 ရောဂါကြောင့် သေဆုံးနှုန်းမှာမူ WHO ၏ ၂၁-၃-၂၀၂၀ ရက်က ကြေညာချက်အရ ၄. ၂ ရာခိုင်နှုန်းသာ ဖြစ်ပါသည်။ တရုတ် နိုင်ငံတွင် ၄ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံ များတွင် ၄.၃ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရှိရပါသည်။ SARS ရောဂါသည် ၈၀၉၈ ဦးဖြစ်ပွား၍ ၇၇၄ ဦး သေဆုံးခဲ့ပြီး MERS ရောဂါသည် ၂၄၉၄ ဦးဖြစ်ပွား၍ ၈၅၈ ဦးသေဆုံးခဲ့ပါသည်။
ရာသီတုပ်ကွေးရောဂါနှင့် ဆက်စပ် ဖြစ်သော နောက်ဆက်တွဲရောဂါများ ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ ဦးအထိ သေဆုံးနေလျက်ရှိ ပါသည်။ ၂၂-၃-၂၀၂၀ နေ့လယ် အထိ COVID- 19 ရောဂါ ဖြစ်ပွားသူ ၃၀၈၉၅၂ ခန့် တွင် သေဆုံးသူ ၁၃၀၆၉ ဦးသာရှိပါသည်။
ထို့ပြင် COVID- 19 ရောဂါသည် လူနာ၏အသက်အရွယ်နှင့် အခြားရောဂါ အခံ ရှိ မရှိ ပေါ်တွင် မူတည်၍ သေဆုံးနှုန်းအနည်းအများကွာခြားပါသည်။ ဥပမာအားဖြင့် အသက် ၈၀ နှစ်အထက်တွင် ၁၄.၈ ရာခိုင်နှုန်းခန့် သေဆုံး၍ လူဦးရေ အများစုဖြစ်သော အရွယ်ကောင်းများဖြစ်ကြသည့် ၂၀-၂၉ နှစ်အရွယ်တွင် ဤရောဂါကြောင့် သေဆုံးမှုနှုန်း ဝ.၂ ရာခိုင် နှုန်း၊ ၃၀-၃၉ နှစ်အရွယ်တွင် ဝ.၂ ရာခိုင် နှုန်းနှင့် ၄၀-၄၉ နှစ်အရွယ်တွင် ဝ.၄ ရာ ခိုင်နှုန်းသာ ဖြစ်ပါသည်။ ထို့ပြင် ရောဂါ အခံရှိသူများ (ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါ၊ အသည်းရောဂါ၊ ကင်ဆာ၊ နာတာ ရှည်အဆုတ်နာရောဂါ၊ နာတာရှည်ကျောက် ကပ်ရောဂါစသဖြင့်)တွင်သာ ပိုမိုအဖြစ် များသောကြောင့် ရောဂါအခံမရှိသောလူငယ်၊ လူလတ်ပိုင်းအနေဖြင့် အသက်အန္တရာယ်အလွန်နည်းပါသည်။ (အောက်ပါ bar chart ကို ကြည့်ပါ) (Dr.TTO)

၅။ ကလေးငယ်များတွင်ဖြစ်ပွားနှုန်းသေဆုံးမှုနှုန်းနည်းခြင်း
ကလေးရှိသူမိဘတိုင်းသည် ဤ ရောဂါဖြစ်မည်ကို မိမိအတွက်သာမက မိမိသားသမီး ကလေးသူငယ်များအတွက် ပါ စိုးရိမ်ကြပါသည်။ သို့သော် ဤရောဂါ ဖြစ်သူဦးရေတွင် အသက် ၁၀-၁၉ အ ရွယ်က ၁. ၂ ရာခိုင်နှုန်းနှင့် ဝ-၉ နှစ်အ ရွယ်က ဝ.၉ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း သိရပါသည်။
ထို့ပြင် ၁၀-၁၉ နှစ်အရွယ် များတွင် ဤရောဂါကြောင့် လူနာသေဆုံး နှုန်းမှာ ဝ.၁ ရာခိုင်နှုန်းဖြစ်၍ မွေးစမှ အ သက် ၉ နှစ်အရွယ် ကလေးလူနာများတွင် သေဆုံးမှုနှုန်း သုညရာခိုင်နှုန်းဖြစ်၍ သေဆုံးမှု မရှိကြောင်း သိရပါသည်။ (အောက်ပါဇယားကို ကြည့်ပါ) (Dr.TTO)

၆။ ရောဂါကိုထိန်းချုပ်နိုင်သည့်သာဓကရှိခြင်း
ဤရောဂါသည် တရုတ်နိုင်ငံတွင် နှစ်လကျော်ကာလအတွင်း တစ်ဟုန်ထိုး ပျံ့နှံ့ဖြစ်ပွားခဲ့သော်လည်း စနစ်တကျ ကာကွယ်ထိန်းချုပ် ကုသပေးခဲ့ကြသည့် အတွက် အဆိုးရွားဆုံးအခြေအနေ (Peak Level) သို့ ရောက်ရှိကျော်လွန်ခဲ့ပြီးနောက် လူအများစုတွင် ဤရောဂါကို ခုခံတိုက်ဖျက်နိုင်စွမ်းများရရှိပြီးဖြစ်၍ ထပ်မံကူးစက်ပြန့်ပွားရန် အခြေ အနေ နည်းသွားခဲ့ပါသည်( Herd Immunity ရရှိလာခြင်းဟုလည်း ဆိုနိုင်ပါသည် )။ ယခုအခါ ၁၈-၃-၂၀၂၀ ရက်မှစ၍ တရုတ်ပြည်မ၌ ဒေသတွင်းလူနာများမှ အခြားသူသို့ ကူးစက်ခြင်း (Domestic Transmission) မရှိဘဲ ပြည်ပမှ ရောက်ရှိလာသည့် ကူးစက်လူနာ (Imported Case) အနည်းငယ်ကိုသာ တွေ့နေရပါသည်။ အဓိကစတင်ဖြစ် ပွားခဲ့ရာ ဝူဟန်မြို့တွင်လည်း ထိုနေ့မှစ၍ သုံးရက်ဆက်တိုက် ပိုးတွေ့လူနာသစ် ကူးစက်ပြန့်ပွားခြင်း လုံးဝမရှိကြောင်း သိရသည်။ ထို့အတူ တောင်ကိုရီးယား နိုင်ငံတွင် ယခုအခါ နေ့စဉ် ထပ်မံကူးစက် သောလူနာဦးရေနှင့် ထပ်မံသေဆုံးသူ ဦးရေမှာ ယခင်ထက်စာလျှင် နည်းပါးလာ လျက်ရှိ၍ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်တော့မည်ဟု ယူဆရပါသည်။ (Dr.TTO)

၇။ ထိရောက်သောကာကွယ်ဆေးရရှိရန်စမ်းသပ်နေကြခြင်း
ဤရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုးကို နိုင်ငံအသီးသီးက ရှာဖွေတွေ့ရှိ၍ စမ်းသပ်လျက်ရှိရာ ၁၆-၃-၂၀၂၀ ရက်က စတင်ပြီး အမေရိကန်နိုင်ငံ Seattles မြို့၌ ကာကွယ်ဆေးတစ်မျိုးကို လူ ၄၅ ဦးတွင် စမ်းသပ်လျက်ရှိပါသည်။

၈။ အစွမ်းထက်သည့်ကုသဆေးများကိုအတည်ပြုနိုင်ရန်ကြိုးပမ်းနေခြင်း (Dr.TTO)
ထို့အတူ ဆေးအမျိုးမျိုးကို တစ်မျိုးတည်းဖြင့်လည်းကောင်း၊ နှစ်မျိုးသုံးမျိုးတွဲစပ်၍လည်းကောင်း လူနာများအား စမ်းသပ်ကုသ လျက်ရှိကြရာ ထိရောက်မှု တွေ့ ရှိကြပါသည်။ ၁၈-၃-၂၀၂၀ ရက်ကလည်း ဂျပန်နိုင်ငံမှ အအေးမိတုပ်ကွေးရောဂါ ကုသဆေးတစ်မျိုးဖြစ်သော Avigan ဆေးဖြင့် ထိရောက်စွာ ကုသနိုင်၍ ယင်းကို အသုံးပြုမည်ဖြစ်ကြောင်း တရုတ်ဆေးပညာရှင်များက ကြေညာခဲ့သည်။

၉။ ပူပြင်းသောရာသီဥတုရှိသည့်နိုင်ငံများတွင်ဆိုးဆိုးရွားရွားဖြစ်ပွားမှုမရှိသေးခြင်း (Dr.TTO)
ဤရောဂါပိုးသည် ပူအိုက်စွတ်စိုသော ရာသီဥတုတွင် ရှင်သန်နိုင်သော်လည်း အေးသောရာသီဥတုတွင် ပိုမိုရှင်သန်ကူးစက်ပြန့် ပွားနိုင်ကြောင်း ထင်ရှားသောသာဓကများကို လက်ရှိမြင်တွေ့သိရှိနေရပါသည်။ ယခုလောလောဆယ် တရုတ်၊ အီတလီ၊ အမေရိကန်၊ စပိန်၊ ဂျာမနီ၊ အီရန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ UK ၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေနှင့် ဆွီဒင် စသည့် ကမ္ဘာ့အဖြစ်အများဆုံး၊ သေဆုံးမှုအများဆုံး ၁၅ နိုင်ငံစာရင်းကိုကြည့်လျှင် ယင်းနိုင်ငံအားလုံးသည် ရာသီဥတုအေးသော နိုင်ငံများဖြစ်ကြသည်။ ပူပြင်းသောနိုင်ငံများတွင် အေးသောနိုင်ငံများနှင့်စာလျှင် ဤရောဂါဖြစ်ပွားမှုနည်း၍ အသေအပျောက်နည်းကြောင်း လက်ရှိစာရင်းများအရ ထင်ရှားစွာ သိသာနိုင်ပါသည်။ ဤအချက်သည် မိမိတို့ပြည်သူလူထုအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောက်လန့်နေရန်မလိုသော သဘာဝကပေးသည့် လက်ဆောင်ဖြစ်ပါသည်။

၁၀။ ယခင်ကကမ္ဘာ့ကပ်ရောဂါများကိုရင်ဆိုင်ထိန်းချုပ်နိုင်ခဲ့ခြင်း (Dr.TTO)
လူသားတို့သည် ယခင်ကတည်းက ကမ္ဘာ့ကပ်ရောဂါအများအပြားကို ရင်ဆိုင်တွန်းလှန်ခဲ့ဖူးသော သာဓကများစွာရှိခဲ့ပါသည်။ ယင်းတို့အနက် ဥပမာအားဖြင့် Swine Flu ဟုခေါ်သော H1N1 ဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုကပ်ရောဂါကို ဖော်ပြလိုပါသည်။ ယင်းသည် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့၍ ကမ္ဘာအနှံ့၌ ဖြစ်ပွားခဲ့ပြီး လူ ၅ သိန်းခန့် သေဆုံးခဲ့ရာ အမေရိကန်ပြည်ထောင်စုတွင်လည်း လူ ၁၂၅၀၀ ခန့် သေဆုံးခဲ့သည်။

သို့ဖြစ်ရာ COVID-19 ရောဂါသည် ကြောက်စရာ၊ သတိပြုစရာ ကမ္ဘာ့ကပ်ရောဂါဖြစ်နေသော်လည်း မိမိတို့အနေဖြင့် စိုးရိမ်သင့်သလောက်သာ စိုးရိမ်၍ ကြောက်သင့်သလောက်သာကြောက်ပြီး စနစ်တကျ စုပေါင်းကာကွယ် တွန်းလှန် တိုက်ဖျက် ကြရန်သာ အထူးလိုအပ်လှပါသည်။

ဒေါက်တာတင်ထွန်းဦး (ပြည်သူ့ကျန်းမာ)

Ref : WHO, Worldometers, Wikipedia, CCDC, Reuters, CNA.

လွတ်လပ်စွာShareနိုင်ပါသည်
ပြန်လည်ကူးယူဖော်ပြလိုပါက Credit to ဒေါက်တာတင်ထွန်းဦး(ပြည်သူ့ကျန်းမာ) ဟု ထည့်သွင်းဖော်ပြပေးပါရန်။

Post Author: Good Health Journal