ချိုင်းကြားက ပြောပြနေသော ကျန်းမာရေးအခြေအနေ

သင့်ချိုင်းနဲ့ပတ်သက်လာရင် ချိုင်းမွေးနုတ်ဖို့၊ ချိုင်းမွေးရိတ်ဖို့၊ ချိုင်းမည်းနေတာ ကို ပြန်ဖြူအောင်လုပ်ဖို့နဲ့၊ ချိုင်းနံ့ထွက်တာကို အနံ့ပျောက်အောင် ချိုင်းနံ့ပျောက်ဆေး လိမ်းဖို့လောက်ပဲ အာရုံစိုက်မနေပါနဲ့။ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေလိုမျိုးပဲ သင့်ချိုင်းကနေ ကျန်းမာရေးအခြေအနေတွေကို မှန်းဆလို့ ရနိုင်ပါတယ်။ သင် ကျန်း မာပျော်ရွှင်အောင် နေနိုင်ဖို့အတွက် ချိုင်းအပါအ၀င် ခန်္ဓာကိုယ်အစိတ်အပိုင်းအားလုံးက ပြောင်းလဲနေတဲ့ အရာအားလုံးကို ပေါ့ပေါ့ဆဆလို့ သဘောမထားဘဲ ဂရုစိုက်ပြီး ကြည့်မိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျန်းမာရေးပြဿနာဆိုးဆိုးရွားရွားမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။ အောက်ပါတို့ဟာ သင့်ချိုင်းနဲ့ပတ်သက်ပြီး စစ်ဆေးသင့်တဲ့ အချက်တွေပါ။

ပုံမှန်ထက် အနံ့ပြင်းခြင်း
ခန္ဓာကိုယ်က အနံ့ထွက်တာက သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ အရေပြားအောက် မှာ ချွေးတွေ စုနေတာကြောင့် ဖြစ်တာပါ။ ကိုယ်တွင်းက အစိုစွတ်ဆုံးနေရာတွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အကောင်းဆုံးအနေအထားဖြစ်ပြီး ဒီဘက် တီးရီးယားတွေကြောင့် အနံ့ဆိုးတွေ ထွက်လာရတာဖြစ်ပါတယ်။ သာမန်ချိုင်းချွေးနံ့ ထွက်တာကို ချိုင်းနံ့ပျောက်ဆေးလိမ်းတာ၊ ရေချိုးရင် သေချာပွတ်တိုက် ဆေးကြော တာတွေနဲ့ ပျောက်ကင်းနိုင်ပေမဲ့ တချို့ပြဿနာတွေကြောင့် ချိုင်းချွေးနံ့ နံနေရင်တော့ တော်ရုံနဲ့ အနံ့ပျောက်ကင်းမှာ မဟုတ်တော့ပါဘူး။
ချိုင်းချွေးနံ့ ပုံမှန်ထက်အနံ့ပြင်းနေရင်တော့ သိုင်းရွိုက်ပြဿနာ ဒါမှမဟုတ် သင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းညီညွတ်မျှတမှုမရှိတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာ ၀န်နဲ့ ပြသသင့်ပါပြီ။ သင်ရဲ့ ချိုင်းချွေးနံ့က ချိုချိုပြင်းပြင်းအနံ့ထွက်နေတာ ဒါမှမဟုတ် လက်သည်းဖျက်ဆေးအနံ့ ဒါမှမဟုတ် သစ်သီးပုပ်အနံ့ထွက်နေရင်တော့ ခန္ဓာကိုယ် အတွင်း အက်စစ်ဓာတ်များလွန်းနေတဲ့အခြေအနေပါ။ ခန္ဓာကိုယ်က သကြားဓာတ်ကို ပုံမှန် မဖြိုခွဲနိုင်တဲ့ အဓိပ္ပာယ်ပေါက်ပြီး ဒီလက္ခဏာက ဆီးချိုရောဂါ ဒါမှမဟုတ် ဆီး ချိုအကြိုလက္ခဏာဖြစ်နိုင်ပါတယ်။

တစ်ချိန်လုံး ယားယံနေခြင်း
ချိုင်းက ချွေးနံ့ထွက်တာက ပုံမှန်အခြေအနေဖြစ်သလိုပဲ ချိုင်းအပါအ၀င် ခန္ခာ ကိုယ်တွင်း ယားယံတာကလည်း ပုံမှန်အခြေအနေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယားယံ တာက တော်ရုံနဲ့ မပျောက်ကင်းခဲ့ရင် ချိုင်းရိတ်တဲ့ဓားနဲ့ ဓာတ်မတည့်တာ၊ အနံ့အ သက်ပျောက်လိမ်းဆေး ဒါမှမဟုတ် သင် ၀တ်တဲ့အ၀တ်အစားနဲ့ ဓာတ်မတည့်တာ ကြောင့် ဖြစ်နိုင်ပါတယ်။ ချိုင်းနေရာမှာ တစ်ချိန်လုံး ယားယံနေရင်တော့ ချိုင်းမှာ ဘက်တီးရီးယား ဒါမှမဟုတ် မှိုပိုးကူးစက်ခံရတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာ ၀န်နဲ့ ပြသသင့်ပါတယ်။ ဒီလိုဖြစ်ရင် ချိုင်းမှာ အ၀ါ ဒါမှမဟုတ် အဖြူရောင်အဖတ်ထူ တွေတွေ့မြင်ရနိုင်ပါတယ်။

နာကျင်ခြင်း
ချိုင်းနေရာမှာ နာကျင်တာက အဖြစ်များတဲ့ပြဿနာတော့ မဟုတ်ပါဘူး။ ဒီလို ဖြစ်ခဲ့ရင်လည်း လက်မောင်းကြွက်သားတွေကြောင့် နာကျင်တာ ဖြစ်နိုင်ပါတယ်။ ပစ္စည်းအလေးကြီး သယ် မ ရတာ ဒါမှဟုတ် လက်မောင်းလေ့ကျင့်ခန်းအပြင်းအ ထန်လုပ်တာတွေကြောင့် လက်မောင်းက ကြွက်သားတွေက ဒဏ်ပိပြီး နာကျင်တာ ပါ။ ဒီလိုနာကျင်ခဲ့ရင်လည်း လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ဝေဒနာချက်ချင်းမခံစားရဘဲ နောက်တစ်နေ့လောက်ကြာမှသာ နာကျင်နိုင်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ သူ့အ လိုလိုပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ လက်မောင်းနာကျင်တာက တော်ရုံနဲ့ မပျောက်ရင် ချိုင်းအောက်က အကျိတ်တွေ ရောင်ရမ်းတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

အဖုအပိမ့်ပေါက်ခြင်း
ချိုင်းနေရာမှာ နေ့စဉ် ချွေးအောင်းနေတာနဲ့ ဘက်တီးရီးယားတွေ စုဆောင်းမှုများ လာတာကြောင့် အဖုအပိမ့်လေးတွေ ပေါက်လာနိုင်ပါတယ်။ စိုစွတ်ပြီး ပူနွေးတဲ့ပတ် ၀န်းကျင်ကြောင့်လည်း မှိုပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ ဒီလိုရောဂါပိုးတွေ ၀င် ရောက်တာကြောင့် သက်သောင့်သက်သာမရှိတော့ဘဲ နာကျင်မှုဝေဒနာတွေ ခံစားရ နိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်စဉ်၊ ချွေးအထွက်လွန်တာနဲ့ အပူများတာကြောင့် ချိုင်း နေရာမှာ အဖုအပိမ့်ပေါက်နိုင်တဲ့အတွက် အိမ်တွင်းကုထုံးအသုံးပြုပြီး မိမိဘာသာ မိမိ ကုသမှုခံယူတာထက် ဆရာဝန်နဲ့ ကုသမှုခံယူဖို့ ပိုမိုသင့်တော်ပါတယ်။

အကျိတ်ပေါက်ခြင်း
သင့်ချိုင်းနေရာမှာ ခန္ဓာကိုယ်က အညစ်အကြေးတွေ စွန့်ထုတ်တဲ့ ပြန်ရည်ကျိတ် သေးလေးတွေ အများအပြားရှိပါတယ်။ သူတို့ရောင်ရမ်းလာမှသာ သင်က သတိထား မိနိုင်ပါတယ်။ ချိုင်းနေရာမှာ အကျိတ်တွေ ရောင်ရမ်းနေတာကို စမ်းမိရင်လည်း သိပ် မစိုးရိမ်ပါနဲ့။ သင့်ခန္ဓာကိုယ်က ရောဂါပိုး ဒါမှမဟုတ် ရောဂါကို တွန်းလှန်တဲ့အခါ မှာလည်း ချိုင်းက အကျိတ်တွေပေါက်လာတတ်ပြီး သူ့အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ်။ ဒါပေမဲ့ တစ်ပတ်ကျော်ကြာတဲ့အထိ အဲဒီအကျိတ်က မပျောက်ကင်းခဲ့ရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါပြီ။ ကင်ဆာ ဒါမှမဟုတ် စိုးရိမ်ဖွယ်ရာ ရောဂါပိုး ကူးစက် ခံရတာကြောင့်ပါ။ အထူးသဖြင့် အကျိတ်အရွယ်အစား ပြောင်းလဲလာရင်ပါ။
သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးက သူ့နေရာနဲ့သူ အရေးကြီးကြပါ တယ်။ ဒါကြောင့် သင့်အနေနဲ့ မျက်နှာ၊ ၀မ်းဗိုက်၊ လည်ပင်း၊ လက် ဒါမှမဟုတ် ခြေထောက် လိုမျိုး သိသာထင်ရှားတဲ့ နေရာတွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးက ဖော်ပြနေတဲ့ လက္ခဏာတွေကို အာရုံစိုက်ထားသင့်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *