အဆစ်ရောင်ရောဂါ ရှိသူတွေ ရှောင်သင့် သော အစားအစာများ

အခုလို ဆေးရုံ ၊ဆေးခန်း ပြသဖို့ ခက်ခဲနေတဲ့ ကာလမှာ မိမိရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်တာမို့ အဆစ်ရောင် ရောဂါ ရှိသူများအနေနဲ့ မိမိဝေဒနာ ပိုမို ဆိုးရွားမလာအောင် အောက်ပါ အစားအစာတွေကို ရှောင်ကြဉ်ပါ။

ဆား
ဆားနဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လိုမျိုး အငန်လွန်ကဲတဲ့ အစားအစာ တွေကြောင့် အဆစ်ရောင်ပြီးနာကျင်တာက ပိုမိုဆိုးရွားနိုင်ပါတယ်။

အနီရောင်အသား
ဒီအသားတွေမှာ ပြည့်ဝဆီတွေ အများအပြားပါဝင်တာမို့ သွေးအတွင်း ကိုလက်စတရော ပမာဏ များလာတာကြောင့် ကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်လာပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ AGEs ကြောင့် သူ့ကို ကင်တာ၊ ကြော်တာ တွေ ပြုလုပ်ပြီး စားရင် ကိုယ်တွင်း ရောင်ရမ်းမှု ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။

ဆီနဲ့ကြွပ်ရွနေအောင်ကြော်ထားသောအစားအစာများ
အာလူးချောင်းကြော်၊ ဘူးသီးကြော် နဲ့ အီကြာကွေး လိုမျိုး ဆီထဲနှစ်ပြီး ကြော်စားရတဲ့ အစားအစာတွေကို ရှောင်ကြဉ်နိုင်ရင် ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျနိုင်ပါတယ်လို့ မောင့်ဆိုင်နန်း ဆေးတက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်အရ သိရပါတယ်။ ကြွပ်ရွနေအောင် ကြော်ထားတဲ့ ဆီကြော်စာတွေမှာ ပါရှိတဲ့ AGEs ခေါ်တဲ့ အဆိပ်အတောက်တွေကြောင့် ကိုယ်တွင်းမှာ ဓာတ်တိုးပစ္စည်းတွေ ထွက်ရှိလာ နိုင်တာကြောင့်ပါ။

ဂလူတင်
ဂျုံ နဲ့ ဘာလီစေ့ မှာပါဝင်တဲ့ ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဂလူတင် ကတစ်ချို့ လူတွေမှာ ရောင်ရမ်းမှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သွေးလေးဖက်နာနဲ့ အူမကြီး စုပ်ယူမှု မကောင်းတာလိုမျိုး အော်တိုအင်မြူး ရောဂါ ရှိသူတွေ မှာ ပိုမို ဆိုးရွား နိုင်ပါတယ်။

သကြား
ကိတ်မုန့်၊ ဘီစကစ်၊ ချော့ကလက်၊ သကြားလုံးနဲ့ အချိုရည်လိုမျိုး ဖွေးဆွပ်နေတဲ့ သကြားနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက ရောင်ရမ်းမှု ဖြစ်စေနိုင်ပါတယ်။ အစားအစာ ဝယ်ယူရင် ထုတ်ကုန်ပေါ်က ပါဝင်ပစ္စည်းတွေကို စစ်ဆေးပါ။ သကြားအပြင် corn syrup၊ ဖရူးတို့စ်၊ ဆူးကရို့စ်နဲ့ မောတို့စ် တို့ကိုပါ ရှောင်ရပါမယ်။

အယ်လ်ကိုဟော
သွေးလေးဖက်နာရောဂါ၊ ဂေါက်ရောဂါနဲ့ အခြားအဆစ်ရောင်ရောဂါတွေကြောင့် အကိုက်အခဲပျောက်ဆေး သောက်နေရသူတွေက အယ်လ်ကိုဟောကို လုံးဝ မသောက်သင့်ပါဘူး။
အရက်နဲ့ အယ်လ်ကိုဟော ပေါင်းစပ် သွားတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ အပြင် အယ်လ်ကိုဟော ကိုယ်တိုင်က ရောင်ရမ်းမှု ဖြစ်စဉ်ကို အားပေးပါတယ်။

ပြောင်းဖူးဆီ
ကိတ်မုန့်၊ ကွတ်ကီး လိုမျိုး ဖုတ်ထားတဲ့ မုန့်တွေ နဲ့ အဆာပြေမုန့် အများစုတွေက အိုမီဂါ-၆ ဖက်တီးအက်စစ်ပါဝင်တဲ့ ပြောင်းဖူးဆီနဲ့ ပြုလုပ်ထားပါတယ်။ ဒီအဆီက အရသာ ပိုမို ကောင်းမွန်စေနိုင်ပေမယ့် ရောင်ရမ်းမှု ဖြစ်အောင်လည်း လှုံ့ဆော် နိုင်ပါတယ်။ငါးမှာ ပါဝင်တဲ့ အိုမီဂါ-၃ အဆီတွေက အဆစ်နာတာ သက်သာစေနိုင်ပါတယ်။

ခရမ်းသီး၊ငြုပ်သီး၊ခရမ်းချဉ်သီးနှင့်အာလူး
ဒီအစားအစာတွေကို nightshades ဟင်းသီးဟင်းရွက်လို့ခေါ်ပြီး သူတို့မှာ ပါဝင်တဲ့ ဆိုလနင်း ဒြပ်ပေါင်းကြောင့် တစ်ချို့လူတွေမှာ အဆစ်နာတာနဲ့ ရောင်ရမ်းတာ ပိုမို ဆိုးရွားနိုင်ပါတယ်။ ဒီအစားအစာတွေကို စားမိလို့ အဆစ်ရောင်တာ ပိုပြီး ဆိုးရွားလာရင် တော့ ဒီအစာတွေကို ရှောင်ကြဉ်ရပါမယ်။ိ
အထက်ပါ အစားအစာတွေအပြင် အဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကိုလည်း ရှောင်ရှားရပါမယ်။ လမ်းလျှောက်တာလိုမျိုး လေ့ကျင့်ခန်းကိုလည်း နေ့စဉ် ပုံမှန် ပြုလုပ်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal