“ဆီးချိုသွေးချိုရောဂါဆိုတာ…ပါမောက္ခဒေါက်တာခင်စောသန်းနဲ့တွေ့ဆုံခြင်း (၅)”

ဆီးချိုဆေးတွေကလည်း အာရုံကြောကို ထိခိုက်စေတယ်လို့ပြောကြတယ်။ ဒါကရော ဟုတ်ပါသလား။

အဲဒါကလည်း အယူအဆမှားယွင်းတာ ပေါ့။ တခါတလေကျရင် ဆီးချိုတွေက အရမ်းတက်နေရော။ အဲဒီအခါကျရင် ဆရာမတို့က ဆီးချိုချလိုက်တယ်။ ချလိုက်လို့ ဆီးချိုကျသွားတဲ့အခါမှာ နဂိုက သူ့မှာ ဆီးချိုက အာရုံကြောကို ထိခိုက်ပြီးသား။ အာရုံကြောတွေက ထုံနေတယ်။ ဆီးချိုကျသွားတဲ့အချိန်မှာ ရုတ်တရက်ပိုဆိုးလာတယ်။ ဆီးချို မြန်မြန်ကျသွားလို့ပေါ့လေ။ ဒါကြောင့် ဆရာမတို့က တခါတလေကျရင် ပြန်လျော့ပြီးချပေးရတယ်။ သိပ်မြန်မြန်မချဘဲ ဖြည်းဖြည်းလျော့ပေးတယ်။ အဲဒါကို သူတို့က ဆေးကြောင့်ဖြစ်တယ်လို့ အယူဆမှားတွေ ဖြစ်ကုန်တယ်။ အမှန်က ဒီဆီးချိုဆေးတွေကြောင့် အာရုံကြောထိခိုက်တယ်ဆိုတာက လုံးဝမဟုတ်ပါဘူး။ ဆီးချိုရောဂါကို သေချာမထိန်းလို့သာ နောက်ဆက်တွဲအနေနဲ့ အာရုံကြောတွေကို ထိခိုက်လာတာဖြစ်ပါတယ်။

အဲဒါဆိုရင် ဆီးချိုရောဂါဟာ အသက်အန္ထရာယ် ထိခိုက်နိုင်တဲ့ရောဂါလို့  ပြောလို့ ရပါသလား။

အဲဒါကတော့ သေချာပေါက်ပြောလို့ရပါ တယ်။ ဘာလို့လဲဆိုတော့ သူက နည်းမျိုးစုံနဲ့ အသက်အန္ထရာယ် ထိခိုက်နိုင်တယ်။ ဆရာမ စောကပြောတဲ့ဟာတွေက ဆီးချိုရောဂါ ကြာလာတာနဲ့အမျှ သွေးထဲမှာ သွေးချိုဓာတ်တွေ များနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲက ကလီဇာတွေကို သွားပြီးထိခိုက်တဲ့ ရောဂါတွေပါ။ အဲလိုမဟုတ်ဘဲ လတ်တလောအားဖြင့် သွေးချိုကို မထိန်းလိုက်တဲ့ အတွက် အထူးသဖြင့် နေထိုင်မကောင်းတဲ့အချိန် မျိုးပေါ့။ တခုခု ဖျားနာတာမျိုး၊ ချောင်းဆိုးတာ၊ ဆီးပိုးဝင်တာ အဲလိုဖြစ်တာဖြစ်ဖြစ်၊ ဒါမှဟုတ် အရေးပေါ် ခွဲစိတ်မှုတစ်ခုခုကို သွေးချို သေချာမထိန်းဘဲ လုပ်လိုက်ရတယ်ပေါ့။ ခန္ဓာကိုယ်ထဲမှာ stressful conditions ခေါ်မှာပေါ့။ တခုခု ထိခိုက်ဒဏ်ရာရသွားတာဖြစ်ဖြစ် အရေးကြီးတဲ့အချိန်မျိုးမှာ ဆီးချိုကို သေချာထိန်းထားတာမျိုး မဟုတ်ဘူးဆိုရင် ဆရာမအရှေ့မှာ ပြောခဲ့တဲ့ Diabetic Ketoacidosis ဆိုတဲ့ဆီးချိုဆိပ်တက်တဲ့ဟာ မျိုးဖြစ် တတ်တယ်။ ဒီလိုဟာမျိုးက သေချာထိထိမိမိ မကုသလိုက်နိုင်ဘူးဆိုရင် အသက်အန္တရာယ်ကို ချက်ချင်းလက်ငင်း ထိခိုက်နိုင်တယ်။ ဒါအပြင် နှလုံး၊ ကျောက်ကပ်၊ လေဖြတ်တာတွေဟာ ဆီးချိုရောဂါသည်တွေကို သေတွင်းထဲ တွန်းပို့နိုင်တဲ့ ရောဂါတွေဖြစ်တယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *