ပြုလုပ်သင့်သော နံနက်အိပ်ရာထ အမူအကျင့်များ

ခေတ် လူငယ်တော်တော်များများက ညဘက်ဂိမ်းဆော့တာ၊ တီဗီကြည့်တာ၊ ဂိမ်းကစားတာနဲ့ facebook ကြည့်တာတွေလိုမျိုး ပြုလုပ်နေတာကြောင့် အိပ်ရာဝင်ချိန်နောက်ကြတတ်ပြီး မနက်ပိုင်း တော်ရုံနဲ့ အိပ်ရာက မထနိုင်ကြတော့ပါဘူး။ အခုလိုကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေရတဲ့ ကာလတွေမှာ ရုံးတက်စရာမလို၊ အလုပ်သွားစရာမလို ဒါမှမဟုတ် ကျောင်းတက်စရာ မလိုတော့တဲ့ အတွက် အိပ်ရာဝင်ချိန်က ပိုပြီး နောက်ကြလာကာ မနက်နေဖင်ထိုးမှ အိပ်ရာထ နေတာကြောင့် နံနက်စာ တောင် လွတ်သွားကြပါတယ်။ ဒီ အကျင့်ဆိုးတွေ ရှိနေရင် အခု အချိန်မှာ ပြုပြင်လိုက်ပါ။ အိပ်ရာဝင်ချိန် နဲ့ နံနက်အိပ်ရာထချိန်ကို တစ်နေ့ နဲနဲချင်း အချိန်ရှေ့တိုး လိုက်နိုင်ရင် stay at home ဖြေလျော့ပေးတဲ့ ကာလအရောက်မှာ ပုံမှန် အိပ်ချိန် ထချိန်( ည ၁၁နာရီအိပ် မနက် ၆နာရီခွဲ-၇ နာရီထ) ကို ရရှိသွားပါလိမ့်မယ်။
အောက်ပါတို့က နံနက်အိပ်ရာထချိန်မှာ သင့် ကျန်းမာရေးအတွက် ပြုလုပ်သင့် တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။

နံနက်နိုးနိုးချင်းအိပ်ရာမှထပါ
သင့်အနေနဲ့ နာရီနိုးစက်မြည်တာကြောင့် ဒါမှမဟုတ် အလိုအလျောက်အိပ်ရာမှ နိုးလာရင် အိပ်ရာမှာ နှပ်မနေပဲ အိပ်ရာကထလိုက်ပါ။ အိပ်ရာက မထပဲ နှပ်နေရင် ပြန်လည် အိပ်ချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။

ရေသောက်ပါ
အိပ်နေစဉ်မှာ ခန္ဓာကိုယ်က ၆-၈ နာရီလောက် ရေမရရှိဘဲ နေနေရပါတယ်။သင်အိပ်နေစဉ်မှာ ခန္ဓာကိုယ်က သူ့ရဲ့ လုပ်ငန်း (ဥပမာ အစာခြေတာ၊ အသက်ရှူတာ၊ပျက်စီးနေတဲ့ ဆဲလ်တွေကိုပြန်လည်ပြုပြင်တာ)တွေကို ဆက်လက် လုပ်ဆောင်နေရတာမို့ ရေငတ်လာနိုင်ပါတယ်။ဒါကြောင့် မနက်အိပ်ရာထထချင်းမှာ ရေနှစ် ဖန်ခွက်လောက် သောက်ပေးပါ။(ဒီ အကြောင်းကို ဆောင်းပါး တစ်ပုဒ်ရေးပြီး ဖော်ပြပေးပါမယ်။)

အကောင်းမြင်ပါ
မနက်အိပ်ရာထခါစမှာ အရင်နေ့တွေက သင်ပြုလုပ်ထားတဲ့ ကောင်းတာတွေကို တွေးပြီး ကြည်နူး လိုက်ပါ။

ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ
ညစဉ် ၆-၈ နာရီလောက် အိပ်စက်ချိန်မှာ လှုပ်ရှားမှု မရှိတဲ့ အတွက် မနက်အိပ်ရာထခါစမှာ ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်တာက အဆစ်နဲ့ ခန္ဓာကိုယ် သန်မာမှုကို ရရှိနိုင်ပါတယ်။

နံနက်စာစားသုံးပါ
အိပ်ရာထချိန်နောက်ကြလို့ နံနက်စာကို မစားကြသူတွေ တော်တော်များပါတယ်။ အစာတစ်နပ်လွတ်သွားတဲ့ အတွက် နေ့လယ်စာနဲ့ ညစာကို မချင့် ချိန် နိုင်တော့ပဲ အလွန်အမင်း စားသုံးမိ နိုင်ပါတယ်။ နံနက်စာကသင့်ကို စွမ်းအင် ပေးနိုင်တာမို့ အနည်းဆုံး ကြက်ဥပြုတ် တစ်လုံးတော့ ရအောင် စားပါ။

ဘလက်ခ်ကော်ဖီမသောက်ပါနှင့်
အိပ်ရာထခါစ ဘလက်ခ်ကော်ဖီသောက်တာက ကိုယ်တွင်းကော်တီစောဟော်မုန်း ပမာဏ များလာတာကြောင့် စိုးရိမ်စိတ် များလာနိုင်ပါတယ်။ဒါ့အပြင် ဘလက်ခ်ကော်ဖီက အစာအိမ်ရောင်ရမ်း နိုင်ပါတယ်။

အစာစားပြီးပြီးချင်းသွားမတိုက်ပါနှင့်
တစ်ချို့က နံနက်စာစားပြီးမှ သွားတိုက်တဲ့ အကျင့်ကို ပြုလုပ်တတ်ကြပါတယ်။ အစာစားပြီးပြီးချင်း သွားတိုက်တာက သစ်သီး၊ဖျော်ရည်နဲ့ အစာတွေမှာ ပါဝင်တဲ့ အက်စစ်တွေကြောင့် သွားရဲ့ ကြွေလွှာ ပျက်စီးနိုင်ပါတယ်။ အစာစားပြီးပြီးချင်း ရေနဲ့သာ ပလုတ်ကျင်းပါ။ အနည်းဆုံးမိနစ် ၃၀ စောင့်ပြီးမှ သွားတိုက်ပါ။

မနက်ပိုင်းရေအေးနဲ့ရေချိုးပါ
ရေနွေးနဲ့ ရေချိုးရင် ရေနွေးကြောင့် မွေးညင်းပေါက်တွေ ပွင့်လာကာ အရေပြားထဲ ပိုးမွှားနဲ့ ဖုန်မှုန့်တွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ဝက်ခြံ ပေါက်နိုင်ပါတယ်။
မနက်ပိုင်းမှာ ရေအေးနဲ့သာရေချိုးသင့်ပြီး ရေနွေးနဲ့ ချိုးမယ်ဆိုရင်လည်း ရေနွေးနဲ့ ချိုးအပြီး ရေအေး ပြန်လောင်းလိုက်ပါ။

သတင်းဖတ်ပါ
ဗဟုသုတ ရရှိအောင်၊ခေတ်ကိုအမှီ လိုက်နိုင်အောင် မနက်ပိုင်းမှာ သတင်းစာ၊ဂျာနယ်ဖတ်ပါ။ ဖေ့စ်ဘွတ်ပေါ်က သတင်းတွေဖတ်ပါ။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် ဖြစ်ဖို့တော့ လိုပါတယ်။

ကျေးဇူးတင်ပါ၊ သာဓုခေါ်ပါ
သင့်ကိုကူညီသူ အားလုံးကို ကျေးဇူးတင်လိုက်ပါ။ ဖေ့စ်ဘွတ် ကြည့်ရင်း သင့်အတွက် ပေးထားတဲ့ comment တွေကိုလည်း ကျေးဇူးတင်ပါ။ တစ်ခြားသူတွေရဲ့ အလှူဒါန တွေကို သာဓုခေါ်ပါ။ သင့်မှာ မကောင်းမြင် စိတ်ရှိနေရင်တောင် ဒါတွေကဖုံးလွှမ်းသွားနိုင်ပါတယ်။

ပြုံးပါ
ပြုံးတာ၊ရယ်မောတာကြောင့် ကိုယ်တွင်းမှာ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်း အောက်ဆီတိုစင်ထွက်လာကာ အကောင်းမြင်စိတ် ရရှိနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal