နားအူတာကိုပျောက်ကင်းအောင် ကုသလို့ရလား

ဟိုတစ်ချိန်က နားအူတယ်ဆိုရင် ကုလို့မပျောက်တော့ဘူး၊ အဲဒီလိုနားအူတဲ့အတိုင်းကြီးပဲ တစ်သက်လုံးနေရတော့မယ်လို့ ပြောနေကျစကားရှိပါတယ်။ ဒါကြောင့် ဒီလိုနားအူတာနဲ့ပတ်သက်ပြီး ကုသလို့ ပျောက်ကင်း မကင်းကို သိရှိစေဖို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။ (#ဇာခြည်ဝင်း-ဆေးဝါးတက္ကသိုလ်)

နားအူတာက ကုသလို့ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါသလား ဆရာ။
အရင်တုန်းက နားအူတယ်ဆိုရင် ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ နားအူတာက ကုလို့ မပျောက်ဘူး၊ နား အူတာနဲ့ တစ်သက်လုံးပဲ နေရတော့မယ် ဆိုတာမျိုးပေါ့။ အခုချိန်မှာတော့ နားအူ တာက ဘယ်လိုအဆင့်ဆိုရင် ဘယ်လို ကုသနည်းမျိုးနဲ့ ကုမယ်ဆိုတဲ့ လမ်းစလေးတွေ တွေ့လာပါပြီ။ ဒါပေမဲ့ မတွေ့ သေးတာလေးတွေလည်းရှိပါသေးတယ်။ တွေ့တဲ့နည်းလမ်းတွေ၊ ကုသနိုင်တဲ့နည်း လမ်းတွေကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တွေ ညီလာခံတွေမှာ ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။

နားအူတာက နားမကြားတာနဲ့ ဘယ်လို ဆက်စပ်ဖြစ်ပေါ်လာတတ်ပါသလဲ ဆရာ။
နားမကြားတဲ့အတွက် ဦးနှောက်ထဲ မှာ စနစ်တစ်ခုက နိုးထလာပြီး နားအူတာ ပါဖြစ်လာတာမျိုးကို တွေ့ရှိထားတာ နှစ် အနည်းငယ်လောက်ရှိပါပြီ။ အဲဒီလိုဖြစ် လာတဲ့အခါ ကုသဖို့ခက်ခဲတတ်ပါတယ်။ နားလေးသူတွေရဲ့ ဦးနှောက်ကို ကွန်ပျူ တာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန်တွေ ရိုက်ကြည့်ပြီး ဦးနှောက်ထဲမှာ ဘာတွေ ပြောင်းလဲမှု ရှိနေသလဲဆိုတာကို ရှာဖွေ ကြည့်ပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ နောက် ဆုံးပေါ်တွေ့ရှိချက် ဖြစ်ပါတယ်။

ဒါကို တွေ့ခဲ့တာလည်း သိပ်မကြာသေးပါ ဘူး။ အရင်တုန်းကတော့ အရေးမကြီးဘူး လို့ ထင်ခဲ့ကြမှာပါ။

နားလေးသူတွေ နားကြားကိရိယာ မတပ်တာကြာင့် နောက်ဆက်တွဲ ဘာတွေဖြစ် လာနိုင်ပါသလဲ ဆရာ။
နားနည်းနည်း လေးတယ်၊ နားအူတယ်ဆိုရင် အရေးမကြီးဘူးအထင်နဲ့ နားကြားကိရိယာ မတပ်ချင်ရင်၊ တပ်ဖို့ ဆန္ဒမရှိရင် မတပ်နဲ့လို့ ပြောခဲ့ကြပါတယ်။ အခုတော့ အဲဒီအယူအဆ ပြောင်းလဲ သွားပါပြီ။ လူနာက နားကြားကိရိယာ တပ်ဖို့ ဆန္ဒမရှိပေမယ့် မတပ်ဘဲနေရင် ဦးနှောက်ထဲက စနစ်က နိုးလာပါလိမ့်မယ်။ အလုပ်လုပ်လာပါလိမ့်မယ်။ အဲဒီစနစ်အလုပ်လုပ်လာရင်တော့ ကုသရ တာ ခက်ခဲသွားပါပြီ။ ဒါကြောင့် အဲဒီစနစ် အလုပ်မလုပ်အောင်နားကြားကိရိယာ တပ်ခိုင်းရတာ ဖြစ်ပါတယ်။ နားလေး တာနဲ့ နားအူတာ တွဲဖြစ်တဲ့အချိန်မှာ နားကြားကိရိယာမတပ်ဘူးဆိုရင် အဲဒီစနစ်အလုပ်လုပ်လာတဲ့အတွက် ဒီစနစ် ကို ရပ်သွားအောင် ပြန်လုပ်ဖို့ ခက်ခဲသွားပါပြီ။

နားအူတဲ့သူတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသမှုတွေ ဆောင်ရွက်ပေးနိုင်ပါသလဲဆရာ။
တချို့ကုထုံးတွေဆို ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ လက်လှမ်းမမီတာ တွေ ရှိပါတယ်။ ဥပမာ- နားအူတဲ့သူကို အသံကုထုံးနဲ့ ကုပေးတာမျိုးမှာ နိုင်ငံခြား မှာတော့ အသံထုတ်တဲ့စက်တွေ ရှိပါ တယ်။ ကျွန်တော်တို့ဆီမှာတော့ တီးလုံး ပါတဲ့ တေးသွားလေးတွေ ဖွင့်ထားဖို့ အကြံပေးရပါတယ်။ ကျွန်တော်တို့က FM Radio ကို ကုသနည်းတစ်ခုအနေနဲ့ သုံးတာကို FM Radio စီစဉ်တဲ့သူတွေ ကတော့ သိချင်မှသိမှာပါ။ ဘယ်လိုမျိုးလဲ ဆိုတော့င်္FMRadio က သီချင်းတွေ၊ ဘာတွေ လွှင့်တာကို လိုင်းဖမ်းပြီး နားထောင်ရတယ်။ ဖမ်းတဲ့လိုင်းကို မိရင် သီချင်းသံကြားရတယ်၊ လိုင်းမမိတမိ ဆိုရင် စူးနေတဲ့ အသံတစ်ခု ထွက်လာ လိမ့်မယ်။ အဲဒီအသံက နားအူတဲ့ရောဂါ မှာ သံုးလို့ရတယ်။ ဒါလည်း ကျွန်တော်တို့ နိုင်ငံတကာမှာ တွေ့ရှိထားတဲ့ ကုသ နည်းတစ်ခုပါပဲ။ ဆိုလိုချင်တာက ငွေကုန်ကြေးကျ မများဘဲ နားအူတာကို ကုသလို့ရတဲ့နည်း လေးဖြစ်တာကြောင့် ကျွန်တော်တို့က ဖြန့်ဝေချင်တာပါ။

အဲဒီလိုနည်းကို နားအူ သူတွေအနေနဲ့ အလွယ်တကူအသုံးပြုလို့ ရပါတယ်။ ညဘက်မှာ နားအူပြီး အိပ်လို့ မရဘူးဆိုရင် FM Radio ကို လိုင်း ကောင်းမမိတဲ့အခါ မြည်တဲ့အသံအတိုင်း ထားပြီး အဲဒီအသံကို ဖွင့်ထားလိုက်ပါ။

အဲဒီအသံကို လူနာက နားထောင်နေရင်းနဲ့ နားထဲက အူနေတဲ့အသံပျောက်သွား ပါတယ်။ ဒါကို လူနာတွေဘက်ကလည်း စိတ်ပါလက်ပါ လုပ်ဖို့တော့ လိုပါတယ်။

နားအူတာအတွက် အထောက်အကူပြုတဲ့ ဆေးဝါးတွေကိုကော သောက်သုံးလို့ရပါသလား ဆရာ။
သောက်ဆေးတွေအနေနဲ့ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘယ်လိုဆေးတွေက နားအူတဲ့သူတွေကို အကျိုးပြုစေမလဲဆိုတာလည်း ဆွေးနွေးကြပါတယ်။ နားအူတာကို အခုနောက်ပိုင်းမှာ အတော်များများကုလို့ ရနေပါပြီ။ အနည်းစုတော့ ကျန်သေးပါတယ်။ တချို့လည်း တစ်သက်လုံး နားအူတာနဲ့ပဲ နေရမယ့်လူနာတွေလည်း ရှိနေပါသေးတယ်။ အဲဒီအတွက် ကျွန်တော်တို့ ပင်စင်စား နား၊ နှာ ခေါင်း၊ လည်ချောင်း ဆရာဝန်ကြီးရဲ့ နည်းလမ်းကလည်းအရမ်းကောင်းပါတယ်။ တရားထိုင်တဲ့နည်းပါ။ တရားထိုင်တဲ့အခါ စိတ်ကို တစ်နေရာတည်းမှာ တည်ငြိမ်အောင် လုပ်ရတဲ့အတွက် နားအူတာလည်း သက်သာပျောက်ကင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုတရားထိုင်တဲ့နည်းကိုလည်း သုံးလို့ ရပါတယ်။ ဒါကတော့ အနောက်တိုင်းနည်းမဟုတ်ပါဘူး။ ဘုရားဟောထားတဲ့တရားကို နားအူတဲ့ရောဂါအတွက် အသုံးချတာပါ။

ဆရာတို့ကြုံတွေ့ရတဲ့ နားအူတဲ့လူနာတွေနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါဆရာ။
ကျွန်တော်တို့ ကြုံတွေ့ရတဲ့ လူနာအများစုကတော့ လူနာညအိပ်တဲ့အချိန်၊ အသံတိတ်ဆိတ်သွားတဲ့အချိန်မှာ နားအူသံထွက်လာတယ်၊ အလုပ်လုပ်နေရင် နားအူတာကို မသိဘူး။ နားအူတာက အရမ်းဆိုးရွားလာရင်တော့အလုပ်လုပ်နေရင်းနဲ့လည်း နားအူတာကို သိနေတတ်ပါတယ်။ အလုပ်လုပ်ရင် ပျောက်နေတယ်၊ ညဘက် အိပ်ခါနီးအချိန်မှ အူတယ်ဆိုရင်တော့ ရေဒီယိုလေးဖွင့်၊ လိုင်းမမိတမိလေး ဖမ်းထားလိုက်ပြီး ဖွင့်ထားလိုက်ရင် အဲဒီအသံလေးကြောင့် သူ့နားထဲက အူနေတဲ့အသံက ပျောက်သွားပြီး ကောင်းကောင်း အိပ်စက်နိုင်ပါတယ်။ နောက်နေ့မှာ အလုပ်လုပ်ရင်လည်း အူတဲ့အသံက ပျောက်နေပြီး ညအိပ်ချိန်ကျရင် ပြန်ပေါ်လာလိမ့်မယ်။ ပြန်ပေါ်လာရင် အဲဒီအသံလေး ပြန်ဖွင့်ထား၊ အဲဒီလိုမျိုး ညတိုင်းဆက်တိုက် သုံး၊ လေးလ လောက်လုပ်လိုက်ရင် နားအူတာ ပျောက် သွားပါလိမ့်မယ်။ အိမ်မှာနေရင်းနဲ့ ကိုယ့် ဘာသာကိုယ် ကုသလို့ ရတဲ့နည်းပါ။ အပန်းလည်းမကြီးဘူး၊ငွေကုန်ကြေးကျလည်း မရှိပါဘူး။

ပြီးတော့ ဘာပစ္စည်းမှမပါဘဲနဲ့ တရားမှတ်တဲ့ နည်းလည်း ကောင်းပါတယ်။ တရားမှတ်တယ်ဆိုတော့ ဗုဒ္ဓဘာ သာဝင်မဟုတ်တဲ့ ဘာသာခြားလူနာတွေ အနေနဲ့ အထင်လွဲမှာလည်း စိုးပါတယ်။ တကယ်တော့ အသက်ရှူသွင်း၊ရှူထုတ် မှတ်တာလေးနဲ့တင် နားအူတဲ့ရောဂါ ပျောက်ကင်းနိုင်ပါတယ်၊ လူနာအတော်များများကို အဲဒီနည်းနဲ့ ကုသခဲ့တယ်လို့ ကျွန်တော်တို့ ဆရာကြီးဆီကနေ သိရှိခဲ့ ပါတယ်။ ဒါလည်း စမ်းသပ်သုံးကြည့် သင့်တဲ့နည်းတစ်ခုပါပဲ။

ဦးနှောက်ထဲက စနစ်တစ်ခုလှုပ်ရှားလာတာကို မတွေ့ရှိသေးတဲ့အချိန်ကတည်းက ဆရာကြီးက အဲဒီနည်းနဲ့ ကုသခဲ့တာပါ။ ဖြစ်နိုင်တဲ့နည်းကို ကျွန်တော်စဉ်းစားကြည့်တော့ ဦးနှောက်ထဲကစနစ်မလှုပ်ရှားအောင် စိတ်ကို အလုပ် ပေးထားလိုက်တယ်လို့ ထင်ပါတယ်။ အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ဆေးသောက်ရင်တောင် ဘေးထွက်ဆိုးကျိုးရှိပါသေးတယ်။ နားကြားကိရိယာ တပ်မယ်ဆိုရင်တောင်ပိုက်ဆံကုန်ဦးမှာပါ။ ဒီနည်းလေးကတော့ အတော်လေးကို အကျိုးရှိနိုင်မှာပါ။

#ဒေါက်တာဝင်းထိုက်ကြည်
#နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်
#GoodHealth_HealthInterview

Post Author: Good Health Journal