နှာခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ

နှာခေါင်းကင်ဆာရောဂါက အဖြစ်များတဲ့ ရောဂါတစ်ခုပါလား ဆရာ။
နှာခေါင်းကင်ဆာရောဂါက အဖြစ် နည်းပါတယ်။ အဖြစ်နည်းတာကြောင့် အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေဆို လွတ်သွားနိုင်ပါတယ်။ နှာခေါင်းကင်ဆာ ရောဂါရဲ့ လက္ခဏာတွေက ရိုးရိုးနှာခေါင်း ရောဂါတွေမှာဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတတ်တာကြောင့်လည်း ရောဂါရှာ ဖွေဖော်ထုတ်ရာမှာ လွတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရိုးရိုးနှာခေါင်းရောဂါ တွေမှာဖြစ်တဲ့ နှာစေး၊ နှာပိတ်တာက အ ဖြစ်များတယ်။ နှာစေး၊ နှာပိတ်၊ နှာရည် ကျတာတွေက မဖြစ်ဖူးတဲ့သူ မရှိသလောက် ပါပဲ။ ဒါပေမဲ့ နှာခေါင်းကင်ဆာမှာ ထူး ခြားတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ အဲဒါတွေကိုသတိမထားမိရင် လွတ်သွား တတ်ပါတယ်။

နှာခေါင်းကင်ဆာရောဂါ ဖြစ်နေတာကို ဘယ် လိုသိရှိနိုင်ပါသလဲဆရာ။
နှာခေါင်းပိတ်တာ ဆက်တိုက်ဖြစ် နေတယ်၊ ဆေးသောက်ပေမယ့် မသက် သာဘူး၊ နှာခေါင်းထဲက ချွဲနဲ့ သွေးထွက် တတ်တယ်၊ ဒီရောဂါလက္ခဏာ နှစ်ခုစ လုံးက ထိပ်ကပ်နာရှိသူတွေမှာလည်း ဖြစ် တတ်တာကြောင့် သတိမမူမိတာတွေ ဖြစ် တတ်ပါတယ်။

နှာခေါင်းကင်ဆာရောဂါက ဘယ်လိုလူတွေ မှာ တွေ့ရများပါသလဲ ဆရာ။
နှာခေါင်းကင်ဆာရောဂါက အသက် ကြီးသူ အမျိုးသားတွေမှာ အဖြစ်များပါ တယ်။ ရောဂါဖြစ်ပွားနှုန်း၊ ဖြစ်တဲ့အမျိုးအ စားပေါ်မူတည်ပြီး နှေးတဲ့သူတွေရှိသလို မြန်တဲ့သူတွေလည်း ရှိပါတယ်။ အသက် ၄၀ ကျော် အမျိုးသားတစ်ယောက်မှာ ခုန ပြောခဲ့တဲ့လက္ခဏာတွေ ရှိနေရင် မဖြစ်မ နေ ရောဂါရှာဖွေဖို့ လိုပါတယ်။ အမျိုး သမီးနဲ့ ကလေးတွေမှာ ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါတယ်။ ကလေးတွေမှာ ဖြစ် တဲ့ ကင်ဆာအမျိုးအစားက ပြန်ရည် ကျိတ်ကင်ဆာအုပ်စုဘက် များပါတယ်။

နှာခေါင်းကင်ဆာရောဂါရဲ့ ရောဂါလက္ခဏာ တွေက ရိုးရိုးနှာခေါင်းရောဂါတွေနဲ့ လက္ခဏာ တွေတူနေတယ်ဆိုတော့ ထူးခြားတဲ့ လက္ခ ဏာတွေများ ရှိပါသေးလားဆရာ။
နှာခေါင်းကင်ဆာရဲ့ ထူးခြားတဲ့ တစ်ချက်က ရိုးရိုးအသားပိုကနေ ကင် ဆာဘက် ကူးသွားတာမျိုး ဖြစ်တတ်ပါ တယ်။ ရိုးရိုးအသားပိုရှိနေတယ်။ တစ်ခါ၊ နှစ်ခါ ခွဲဖူးတယ်။ တတိယတစ်ကြိမ်ဖြစ် လာတော့ ကင်ဆာဘက် ကူးသွားတယ်။ အများစုက အဲဒါကို မသိဘဲ ရိုးရိုးအသား ပိုဖြစ်တာပဲဆိုပြီး ပေါ့နေတာမျိုးတွေ ကြုံ တွေ့ဖူးပါတယ်။

နှာခေါင်းကင်ဆာဖြစ်တာကို နောက်ကျမှ သိ ရှိရတာကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ် လာနိုင်ပါသလဲဆရာ။
နှာခေါင်းကင်ဆာကို ကြောက်စရာ ကောင်းတယ်လို့ ပြောရတာက ရောဂါ လက္ခဏာတွေက ရိုးရိုးနှာခေါင်းရောဂါ လက္ခဏာတွေနဲ့ တူနေတာကြောင့် ကင် ဆာလို့ သိရတဲ့အချိန်မှာ နောက်ကျနေ တတ်တာကြောင့်ပါ။ နှာခေါင်းကင်ဆာက အသိနောက်ကျတဲ့အခါ နှာခေါင်းနဲ့ အနီး ဆုံးဖြစ်တဲ့ မျက်လုံးထဲ ဖောက်ပြီး ဝင် သွားတတ်တယ်။ အပေါ်ကို တက်သွား တော့ ဦးနှောက်ထဲ ကင်ဆာရောက်သွား တယ်။ အဲဒီလို တခြားနေရာတွေကို ကင် ဆာပျံ့နိုင်ပါတယ်။

နှာခေါင်းကင်ဆာလို့ သံသယရှိတဲ့ လူနာတွေ ကို ဆရာတို့အနေနဲ့ ဘယ်လိုစမ်းသပ် စစ် ဆေးမှုတွေကို လုပ်ဆောင်ပါသလဲ၊ ရောဂါ သေချာခဲ့ရင် ဘယ်လိုကုသမှုမျိုးတွေ ဆောင် ရွက်ပေးပါသလဲဆရာ။
နှာခေါင်းကင်ဆာလို့ သံသယရှိရင် အသားစယူတယ်၊ မှန်ပြောင်းထည့်ကြည့် တယ်၊ ကွန်ပျူတာဓာတ်မှန်ရိုက်တယ်။ ရောဂါက ပျံ့တာ သိပ်မရှိသေးဘူးဆိုရင် ဖြတ်ထုတ်ပေးပါတယ်။ တစ်ခါတစ်ရံမှာ တော့ ပြင်းထန်တဲ့ ခွဲစိတ်ကုသမှုတွေကို လုပ်ပေးရတာမျိုးရှိပါတယ်။ ကင်ဆာက အာခေါင်ထဲ ပျံ့နေရင် အာခေါင်ပါ ဖြတ် ထုတ်ရတာ လုပ်ရပါတယ်။ လူနာလည်း အတော်ခံရပါတယ်။ မျက်စိထဲ ရောက်နေ ရင် မျက်စိပါ ခွဲစိတ်ရတာတွေ လုပ်ရပါ တယ်။ ဦးနှောက်ထဲ ရောက်နေရင်တော့ ခွဲစိတ်တာ မလုပ်တော့ပါဘူး။ လူနာရဲ့ နောက်ဆုံးအချိန်ကို သက်သောင့် သက် သာဖြစ်အောင်ပဲ ဆေးသွင်းတာ၊ ဓာတ် ရောင်ခြည်ပေးတာတွေပဲ လူနာသဘော အတိုင်း လုပ်ပေးပါတယ်။ ကံကောင်းတာ က အဲ့လောက်ဆိုးတဲ့ အခြေအနေက အဖြစ်နည်းတာပါပဲ။

နှာခေါင်းကင်ဆာလူနာနဲ့ ပတ်သက်တဲ့ ဆရာ ရဲ့ အတွေ့အကြုံတွေကို ရှင်းပြပေးပါ ဆရာ။
ဟိုတစ်လောက ကြုံတွေ့ရတဲ့ ချင်း ပြည်နယ်က လူနာတစ်ယောက်ဟာ နှာ ခေါင်းပိတ်တာက သူ့အတွက် အဆန်း တော့ မဟုတ်ဘူး။ ရာသီဥတုက အေး တော့ အဲဒါကြောင့်ဖြစ်တယ်လို့ပဲ ထင်ပြီး ခပ်ပေါ့ပေါ့ပဲ နေတယ်။ မျက်လုံးက ကြည့် လို့ မကောင်းလို့ဆိုပြီး မျက်စိ ဆရာဝန်ဆီ သွားပြတယ်။ မျက်စိဆရာဝန်က စမ်း ကြည့်တော့ မျက်လုံး လှုပ်ရှားမှုက ပုံမှန် မဟုတ်လို့ အမြင်ဝါးတာလို့ ကောက်ချက် ချတယ်။ မျက်လုံးလှုပ်ရှားမှု ပုံမှန်မဖြစ် တာကို စမ်းသပ်ကြည့်တော့ နှာခေါင်းထဲ က အလုံးက မျက်စိကို ဖိမိတာကြောင့်လို့ ထင်ပြီး နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ လွှဲပေးလိုက်ပါတယ်။
ကျွန်တော်တို့ဆီကို လွှဲလိုက်တော့ နှာခေါင်းထဲကို မှန်ပြောင်းကြည့်တဲ့အခါ နှာခေါင်းထဲမှာ အလုံးတွေ့တယ်၊ မျက်စိ ဆရာဝန်ရဲ့ တွေ့ရှိချက်ဖြစ်တဲ့ မျက်လုံး လှုပ်ရှားမှု မမှန်ဘူးဆိုတာတွေ့တော့ နှာ ခေါင်းကင်ဆာ မျက်လုံးထဲ ဝင်နေပြီလို့ ကောက်ချက်ချတယ်။ ပိုပြီး သေချာ အောင် ကွန်ပျူတာဓာတ်မှန် ရိုက်ကြည့် တယ်။ ကင်ဆာက မျက်လုံးထဲ ဝင်ရုံတင် မကဘူး။ ဦးနှောက်ထဲကိုပါ ဝင်နေတာ တွေ့ရတယ်။ ဘယ်လောက်တောင် ဝင်နေသလဲဆိုရင် ခွဲစိတ်လို့ မရတော့တဲ့ အနေအထားအထိကို ဝင်နေပါတယ်။ အဲ့ဒီအဖြေတွေကို ကြည့်ပြီး လူနာကို ပြန် ပါတော့လို့ပဲ စိတ်မကောင်းစွာပဲ ပြော လိုက်ရပါတယ်။ လူနာရှင်တွေကတော့ စိတ်မကောင်းဖြစ်တာပေ့ါ။ နှာခေါင်း ကင်ဆာက သိတာနောက်ကျသွားရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အနေအ ထားရှိတာကြောင့် ကြောက်စရာကောင်း တယ်လို့ ပြောရတာပါ။
နောက်လူနာတစ်ယောက်ကတော့ နှာခေါင်းအသားပိုဖြစ်တာကို ခွဲစိတ်ကုသ ပေးခဲ့ပါတယ်။ နှစ်ကြိမ်ခွဲပြီး တတိယအ ကြိမ်မှာ ကင်ဆာဖြစ်နေတယ်။ ဖြစ်ခါစပဲ ခွဲစိတ်ကုသလိုက်နိုင်တာကြောင့် အဲဒီ လူနာကတော့ ကံကောင်းပါတယ်။

နှာခေါင်းကင်ဆာရောဂါမဖြစ်ပွားအောင် ဘယ်လိုကာကွယ်မှုမျိုးတွေ လုပ်ဆောင်ဖို့ လို အပ်ပါသလဲဆရာ။
နိုင်ငံတကာမှာ လေ့လာထားတဲ့ စာ တမ်းတွေအရ နှာခေါင်းကင်ဆာအဖြစ် များတဲ့ အုပ်စုက ပရိဘောဂလုပ်တဲ့သူ တွေ များပါတယ်။ ပရိဘောဂလုပ်ရာမှာ ထွက်လာတဲ့ သစ်အမှုန်တွေက ကင်ဆာ ဖြစ်စေတယ်လို့ ဆိုတယ်။ ဖိနပ်လုပ်ငန်း လုပ်တဲ့သူတွေမှာ ရော်ဘာစိမ်တဲ့ဆေး တွေကလည်း ကင်ဆာဖြစ်စေတယ်လို့ ပြောထားပါတယ်။
ကလေးတွေမှာဖြစ်တဲ့ ပြန်ရည် ကြောကင်ဆာကတော့ အဲ့ဒါတွေနဲ့ မ ဆက်စပ်ပါဘူး။ ဒီကင်ဆာကတော့ ခွဲ စိတ်ကုသတာထက် ဆေးသွင်းကုသတာ များပါတယ်။ အရေးကြီးတာက နှာခေါင်း ကင်ဆာကို စောစောသိမယ်ဆိုရင် ကုသ ပျောက်ကင်းတာများပါတယ်။ သိတာ နောက်ကျလို့၊ ရောဂါအဆင့် မြင့်နေလို့ ခွဲရရင် ခန္ဓာကိုယ်အင်္ဂါ ပျက်စီးတတ် တယ်၊ မျက်စိဆုံးရှုံးတတ်တယ်။

ဖြည့်စွက်အကြံပြုလိုတာများရှိရင်လည်း သိ ပါရစေဆရာ။
ရှေ့မှာပြောခဲ့တဲ့လုပ်ငန်း လုပ်ကိုင် သူတွေမှာ နှာခေါင်းနဲ့ပတ်သက်တဲ့ လက္ခ ဏာ တစ်ခုခုဖြစ်လာခဲ့ရင် သတိထားဖို့ လိုပါတယ်။ ဆေးလိပ်၊ အရက်သောက်သူ တွေမှာ ပိုဖြစ်နိုင်တာကြောင့် အဲဒါတွေ သုံးစွဲနေသူတွေအနေနဲ့ နှာခေါင်းမှာ ပြဿနာတစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်ထံ အစောဆုံးပြသစေချင်ပါတယ်။

ဒေါက်တာဝင်းထိုက်ကြည် (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal