ဗိုင်းရပ်စ်ပိုးတွေက မျက်ကြည်နာ ဖြစ်နိုင်လား

မျက်ကြည်နာဖြစ်တယ်ဆိုတာ ဘယ်လိုအခြေအနေ တွေကို ခေါ်တာပါလဲ ဆရာ။
မျက်ကြည်နာဆိုတာ ဘာလဲဆိုတာ ကို ချုံ့ပြောရမယ်ဆိုရင် မျက်ကြည်လွှာ ပေါ်က Epithelium အလွှာလေးက ပွန်းပဲ့သွားပြီး နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးတွေက ဝင်ရောက်လာကာ ပြည် တည်နာဖြစ်လာတာကိုမျက်ကြည် လွှာ (Cornea) မှာ ဖြစ်တဲ့အနာ (Ulcer) ဖြစ်လို့ မျက်ကြည်နာလို့ မြန်မာမှုပြု လိုက်ကြပါတယ်။

မျက်ကြည်နာ ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။
မျက်ကြည်နာဖြစ်ဖို့ဆိုရင် အရင်ဆုံး ထိခိုက်ဒဏ်ရာ (Trauma) ရရမယ်။ ထိ ခိုက်ဒဏ်ရာရမှသာ Epithelium Defect ဖြစ်မှာပါ။ ပြီးရင် ပိုးဝင်ရမယ်။ ဒီအခြေအနေနှစ်ရပ်ဆုံသွားပြီဆိုတာနဲ့ မျက်ကြည်နာဖြစ်တတ်ပါတယ်။

မျက်ကြည်နာဖြစ်စေတဲ့ မျက်စိထိခိုက်မှုက ဘယ်လို အကြောင်းတွေကြောင့်ပါလဲ ဆရာ။
မျက်ကြည်လွှာက Injury ရရင် ထိခိုက်ဒဏ်ရာရတတ်တယ်။ Injury ဆို တာက မျက်စိကို တုတ်နဲ့ ရိုက်မိတာ၊ လက်သီးနဲ့ ထိုးမိတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ သွားရင်း၊ လာရင်း အမှုမဲ့၊ အမှတ်မဲ့ အမှိုက်ဝင်သွား လို့ မျက်စိကို လက်နဲ့ ပွတ်မိတယ်၊ လယ် သမားတွေဆိုရင် ကောက်ရိုးတွေ၊ စပါးစေ့တွေ ဝင်တယ်၊ လက်သမားတွေ ဆိုရင် သံစတွေ ဖျတ်ခနဲ ဝင်သွားတယ်။ ဒီအခြေအနေအားလုံးက Injury ရရှိစေ တဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရနေရင်း နောက်ဆက်တွဲ အနေနဲ့ ထပ်မံပြီး ပိုးဝင်လာတယ်ဆိုရင် မျက်ကြည်နာဖြစ်ဖို့ အခွင့်အလမ်းကများ လာတတ်ပါတယ်။

ပိုးဝင်တာကရော ဘယ်လိုပိုးမွှားတွေဝင်ရောက်တာ ကြောင့်ဖြစ်တာပါလဲ ဆရာ။
ပိုးမွှားဝင်ရောက်နိုင်သော အခြေအ နေကနံပါတ်တစ်အနေနဲ့ ထိခိုက်ဒဏ်ရာ (Trauma) ရလို့ပါ။ နံပါတ်နှစ် အချက်ကImmunocompromsed ဖြစ်နေလို့ပါ။ ဆိုလိုတာက ခုခံအားကျနေတဲ့ အခြေအ နေဖြစ်နေတာပါ။ ဆီးချိုသွေးချိုရောဂါရှိ သူတွေ၊ အရက်သောက်ပြီး အသည်း ခြောက်နေသူတွေ စတဲ့ ခုခံအားကျနေတဲ့ လူတွေမှာ ရောဂါပိုးကျရောက်ဖို့ အခွင့်အ လမ်းများပါတယ်။ ဒီလိုအခြေအနေနှစ် ရပ်အနက် တစ်ခုခုရှိနေရင်ကို ပိုးဝင်နိုင် ခြေက ရှိနေပါပြီ။
တစ်ခါတလေ ကလေးငယ်လေး တွေက ရာသီအလိုက် တုပ်ကွေးဖြစ်ကြ တဲ့အခါ မျက်စိထဲကိုလည်း ဗိုင်းရပ်စ်ပိုး ဝင်ပြီး မျက်ကြည်နာဖြစ်တာကို တွေ့ရ ပါတယ်။ မျက်ကြည်နာဖြစ်စေတဲ့ ပိုးတွေ ကတော့ –
(၁) ဗက်တီးရီးယား (Bacteria)
(၂) မှို (Fungus)
(၃) ကပ်ပါးကောင် (Parasites)
(၄) ဗိုင်းရပ်စ် (Virus) စတာတွေ ဖြစ် ကြပါတယ်။ ဆိုလိုတာက ရှိသမျှ ပိုးမွှား (Micro-organism) တွေ အားလုံးက မျက်ကြည်လွှာပေါ်မှာ ကျရောက်နိုင်ပါ တယ်။ ဒီတော့ ခြုံပြီးပြောရရင် ရောဂါပိုး အားလုံးက မျက်ကြည်နာကို ဖြစ်ပေါ်စေ နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့သမိုင်းကြောင်း မေးလိုက်ရင်တော့ ဘာပိုးကြောင့် မျက် ကြည်နာဖြစ်ရသလဲဆိုတာကို သဲလွန်စ ရတာပေါ့။

မျက်ကြည်နာမဖြစ်အောင် ဘယ်လိုကာကွယ်မှုတွေ ပြုလုပ်နိုင်မလဲ ဆရာ။
မျက်ကြည်နာဖြစ်စေတဲ့ အချက် တွေထဲက တစ်ခုဖြစ်တဲ့ တစ်ကိုယ်ရေသန့် ရှင်းရေး မကောင်းလို့ဆိုတဲ့အချက်ကို ကာကွယ်ဖို့ကတော့ ရှင်းပါတယ်။ တစ် ကိုယ်ရေသန့်ရှင်းရေးကို ကောင်းအောင် လုပ်ရပါမယ်။ နံပါတ်နှစ်အချက် ဖြစ်တဲ့ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ဖို့ဆို ရင်တော့ လယ်သမားတွေ၊ အလုပ်သမား တွေအနေနဲ့ အကာအကွယ် မျက်မှန်တွေ ဒါမှမဟုတ် နေကာမျက်မှန်တွေ တပ်ရပါ မယ်။

မတော်တဆ မျက်စိထိခိုက်သွားတဲ့အခါမျိုးမှာ ဘယ်လိုမျိုး ရှေးဦးသူနာပြုနည်း လုပ်ဆောင်လို့ ရပါသလဲ ဆရာ။
မျက်စိထဲကို မတော်တဆ သံတိုသံ စတွေ ဝင်သွားပြီဆိုရင် သံစကို ထုတ်ရ မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သံစကို ကိုယ့် ဘာသာထုတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ အဲဒီတော့ မျက်စိကို သန့်ရှင်း တဲ့ရေများများနဲ့ အားရပါးရဆေးကြော ပေးရမှာဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေဆို တာ သောက်ရေသန့်ကိုဆိုလိုတာ မ ဟုတ်ပါဘူး။ ကိုယ်ချိုးနေကျရေ၊ သုံးနေ ကျရေနဲ့ပဲမျက်စိကို အားရပါးရဆေး ကြောပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆေး လိုက်တဲ့အတွက် မျက်စိထဲက အမှိုက် သရိုက်တွေထွက်သွားနိုင်ပါတယ်။ မထွက်ဘူးဆိုရင်တောင် မျက်စိထိခိုက် နိုင်ခြေကနည်းသွားပါတယ်။ ဒီလိုဆေး ကြောပြီးပြီဆိုရင် မြို့ပေါ် မှာနေတဲ့သူက တော့ နီးစပ်ရာ မျက်စိဆေးရုံ ဒါမှမဟုတ် မျက်စိအထူးကုဆရာဝန်ဆီ ကို အမြန် ဆုံး ပြေးသွားရမှာ ဖြစ်ပါတယ်။ ဆရာဝန် က အမှိုက်စကို ထုတ်ပေးလိုက်မယ်။
ဒါပေမဲ့ နယ်မှာနေပြီး ဆရာဝန်နဲ့ လက်လှမ်းမမီတဲ့လူနာတွေအနေနဲ့ကျ တော့ မျက်စိကို ရေနဲ့ အားရပါးရ ဆေး ကြောပြီးရင် မျက်စိထဲကို တက်ထရာ ဆိုက်ကလင်းမျက်စဉ်းဆေး (Tetracycline Eye Drop) ကို တစ်နေ့ လေး ကြိမ်ခတ်ပေးရပါမယ်။ ဒီလိုလုပ်လို့မှ မ သက်သာဘူးဆိုရင်မြို့ပေါ်တက်ပြီး အနီး စပ်ဆုံးမျက်စိဆေးရုံကိုသွားပြသင့် ပါတယ်။
မျက်စိကို ထိခိုက်ဒဏ်ရာတစ်ခု ရပြီ ဆိုရင် ရေများများနဲ့ဆေး၊ တက်ထရာ ဆိုက်ကလင်း မျက်စဉ်းဆေးခတ်၊ ပြီးရင် နီးစပ်ရာမျက်စိ အထူးကုဆရာဝန်နဲ့ပြ ဆိုတဲ့ နည်းလမ်းတွေက အင်မတန်လွယ် ကူပြီးလိုက်နာလို့လည်းရတယ်။ထိ လည်းထိရောက်ပါတယ်။ ဒီလိုလုပ် တာ ကြောင့် မျက်ကြည်နာဖြစ်နိုင်တဲ့ ရာခိုင် နှုန်းကလည်း သိသိသာသာ လျော့ကျ သွားတာကို တွေ့ရပါတယ်။ ဒါကို ကမ္ဘာ့ကျန်း မာရေးအဖွဲ့က လုပ်ခဲ့တဲ့ သုတေသနအရ ခိုင်မာတဲ့ အထောက်အ ထားရှိပြီးသားပါ။
ဒါပေမဲ့ ဒါတွေက ပြောလို့သာ လွယ်ပေမယ့် ချက်ချင်းလက်ငင်းလုပ်ဖို့ အဆင်မပြေတာမျိုးလည်း ဖြစ်တတ်ပါ တယ်။ လယ်သမားတစ်ယောက် လယ် လုပ်နေပေမယ့် သူ့ဘေးနားမှာ ရေရှိပေ မယ့် ရေတွေက မသန့်ဘူး၊ ရေရဖို့အ တွက် ရွာထဲကို သွားရမယ်၊ အချိန်ကုန် မခံနိုင်ဘူး။ ဒါမျိုးဆိုရင်လည်း မဖြစ်ပြန် ဘူး။ အလုပ်ရုံတစ်ခုက အလုပ်သမား တစ်ယောက် မျက်စိထဲ အက်စစ်ဝင် သွားတယ်။ ရေများများနဲ့ အားရပါးရဆေး ကြောပေးရမယ်ဆိုတာကို သိရင်တောင် စက်ရုံ၊ အလုပ်ရုံမှာ ရေအလုံအလောက် ရှိရဲ့လားဆိုတဲ့ကိစ္စကလည်း ရှိလာပြန် တယ်။ တက်ထရာဆိုက်ကလင်း မျက် စဉ်းဆေးကလည်း စျေးပေါပြီး ဝယ်ရတာ သက်သာတယ်ဆိုပေမယ့် တက်ထရာ ဆိုက်ကလင်းထည့်လိုက်ရင် စေးကပ် စေးကပ်ဖြစ်တာကြောင့် အလုပ်လုပ်ရ တာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီးမ ထည့်ဖြစ်ကြပြန်ဘူး။

မျက်ကြည်နာဖြစ်တဲ့လက္ခဏာရပ်တွေက ဘာတွေပါ လဲ ဆရာ။
မျက်စိမှာ စိုးရိမ်ရတဲ့ ရောဂါဝေဒနာ တစ်ခုခုဝင်လာပြီဆိုရင် “နီ၊ ကိုက်၊ မှုန် “ဆို တဲ့ စကားလုံးသုံးလုံးကို တွေ့ရတတ် ပါတယ်။ မျက်စိက နီရုံတင်ပဲဆိုရင် စိုးရိမ်စရာ သိပ်မရှိပါဘူး။ နီလည်း နီမယ်၊ ကိုက်လည်း ကိုက်မယ်၊ အမြင်က ရုတ် တရက် မှုန်လည်း မှုန်သွားတယ်ဆိုရင် မပေါ့ဆသင့်တော့ပါဘူး။ အနီးဆုံး မျက် စိဆရာဝန်နဲ့ ပြသင့်ပါတယ်။ တကယ်လို့ မျက်စိဆရာဝန်ဆီ သွားမပြနိုင်ရင် ဆရာ ဝန်နဲ့ပြသင့်ပါတယ်။ သူက မျက်စိဆရာဝန် လောက် ကုသမှုမပေးနိုင်ပေမယ့် အရေး ပေါ် ကုသမှုတွေတော့ ပေးပါလိမ့်မယ်။ ဒါကြောင့် မျက်ကြည်လွှာမှာ ဒဏ်ရာရထား ပြီး နီတယ်၊ ကိုက်တယ်၊ မှုန်တယ်ဆိုရင် မျက်ကြည်နာဖြစ်နိုင်တယ်လို့ သံသယ ရှိသင့်ပါတယ်။

မျက်ကြည်လွှာထိခိုက်ဒဏ်ရာရပြီး ပိုးဝင်ရင် ကိုယ့် ဘာသာဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေကော ရှိပါသ လား ဆရာ။
မျက်ကြည်လွှာက ထိခိုက်ဒဏ်ရာရ ပြီး ဗက်တီးရီးယားပိုးဝင်တယ်ဆိုရင် Ciplox မျက်စဉ်းဆေးကို တစ်နာရီ တစ်ခါ ခတ်ပေးရပါတယ်။ ဖန်းဂပ်စ်မှို ကြောင့်ဖြစ်တယ်ဆိုရင်တော့ Natamycin မျက်စဉ်းဆေးကို တစ်နာရီ တစ်ခါ ခတ်ပေးရပါတယ်။ ကပ်ပါးပိုးကြောင့်ဖြစ် တယ်ဆိုရင် Natamycin မျက်စဉ်းဆေး ကိုခတ်ရပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တယ် ဆိုရင် Acyclovir မျက်စဉ်းဆေးကို တစ်နေ့ ငါးကြိမ်ခတ်ရပါတယ်။ ဒီလို ထည့်နေရင်းနဲ့ အနီးဆုံး ဆရာဝန်ဆီကို အမြန်ဆုံးရောက်အောင်သွားဖို့လိုပါ တယ်။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal