Fizzy Toilet Bomb

အိမ်တစ်အိမ်လုံးမှာ အဓိကအရေးကြီးဆုံးနေရာကို ပြပါဆိုရင်တော့ အိမ်သာလို့ပဲ ပြောရမှာပါ။ သင့်အိမ်တွင်း မှာ ဘယ်လောက်သန့်ရှင်းနေပါစေ၊ အိမ်သာမှာ အနံ့အ သက်ဆိုးဆိုးရွားရွားနဲ့ ညစ်ပတ်နေမယ်ဆိုရင် ဘယ်ကောင်းပါ့မလဲနော်။ အိမ်သာ ရှင်းသန့် မွှေးကြိုင်နေရင် ဧည့်သည်လာတဲ့အခါမှာလည်း မျက်နှာပူစရာမလိုတော့ဘူးပေါ့။ အိမ်သာကို အမြဲသန့်ရှင်းနေအောင်၊ ပိုးမွှားကင်းစင်အောင် ဆေးကြောသင့်တယ်လေ။ ဒါကြောင့်မို့ အိမ်သာဆေးကြောသန့်စင်ဖို့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ Fizzy Toilet Bomb လို့ခေါ်တဲ့ အိမ်သာဆေးတောင့်ဆေးခဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

ဆေးခဲ ၃၀ စာအတွက် …

မုန့်ဖုတ်ဆော်ဒါ ► တစ်ခွက်စာ
Citric Acid      ► ခွက်ရဲ့ လေးပုံတစ်ပုံ
ရှလကာရည်     ► လက်ဖက်ရည်ဇွန်းတစ်ဝက်
Hydrogen peroxide ► စားပွဲဇွန်း တစ်ဇွန်း
Essential Oil  ► ၁၅-၂၀ စက်
(မိမိနှစ်သက်ရာရနံ့ Lavender, Rosemary or Peppermint)
♦  Silicone Candy Mold (နှစ်သက်ရာပုံစံခွက်)

ပြုလုပ်နည်း

ပထမအဆင့်


ပန်းကန်လုံးတစ်လုံးထဲကို မုန့်ဖုတ်ဆော်ဒါထည့်ပါ။ မုန့်ဖုတ်ဆော်ဒါမှာ သဘာဝသန့်စင်ပစ္စည်းပါဝင်ပြီး အနံ့ဆိုး တွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။ အဲဒီထဲကို Citric Acid ပေါင်းထည့်ပြီး နှံ့စပ်အောင် မွှေပေးပါ။ (Citric Acid ကို တချို့စတိုးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်)။

ဒုတိယအဆင့်


ပန်းကန်လုံးအသေးတစ်လုံးထဲကို ရှလကာရည်နဲ့ Hydrogen Peroxide ကို ထည့်မွှေပါ။ အဲဒီနှစ်မျိုးစလုံးက သင့်အိမ်သာကို သန့်ရှင်းတောက်ပြောင်ဖို့ ကူညီပေးနိုင်ပါတယ်။

တတိယအဆင့်


ပန်းကန်လုံးအသေးထဲက ပျော်ရည်ကို ပထမအဆင့်မှာ ပြုလုပ်ထားတဲ့ မုန့်ဖုတ်ဆော်ဒါပန်းကန်လုံးထဲ တစ်စက်ချင်းစီ ထည့်မွှေပေးပါ။ (အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ပြီး မပြုလုပ်ပါနဲ့။ ဓာတ်ပြုမှုတွေဖြစ်ပြီး ဖိတ်စဉ်ကာ ပေပွသွားနိုင်လို့ပါ)။

စတုတ္ထအဆင့်

ဒီအဆင့်မှာတော့ လာဗင်ဒါဆီ (Essential Oil) ကို ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ရလာတဲ့အနှစ်တွေကို သကြားလုံးပြုလုပ်တဲ့ mold (သင်နှစ်သက်ရာပုံစံခွက်)ထဲကို ထည့်ကာ လက်နဲ့ ဖွဖွလေး ဖိထည့်ပေးပါ။ ပွားလာမှာမို့ အပြည့်အသိပ်ထည့်ဖို့ မလိုပါ။ ခြောက်သွေ့အောင် အနည်းဆုံး ခြောက်နာရီ ဒါမှမဟုတ် တစ်ညလုံး ထားပါ။

နောက်ဆုံးမှာတော့ ရလာတဲ့အခဲလေးတွေကို ပုလင်းတစ်လုံးထဲ လုံလုံခြုံခြုံထည့် သိမ်းလိုက်ပါ။ အသုံးပြုခါနီးမှာ ဆေးခဲတစ်ခဲကို ထုတ်ပြီး အိမ်သာကမုတ်ထဲ ထည့်ကာ ဆေးကြောလို့ရပါပြီ။

သတိပြုရန် ►  အဲဒီဆေးပြားလေးတွေကို ကလေးငယ်တွေ လက်လှမ်းမီတဲ့နေရာမှာ မထားပါနဲ့။

 

♥ ဆူးမြာ ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *