ဂိမ်းစွဲနေပြီလား

အိုင်တီခေတ်ရောက်လာတာနဲ့အမျှ ကလေး၊ လူကြီးပါမကျန် ဘယ်အသက် အရွယ်မှာမဆို လက်ထဲမှာ အိုင်တီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဖုန်းတွေ၊ Devices တွေက ရှိနေပါပြီ။ ဒါတွေဟာ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာလို ဖြစ်နေပြီး ဖုန်း၊ တီဗီ၊ ကွန်ပြူတာ Screen မကြည့်ဖြစ်တဲ့နေ့ဆိုတာ မရှိသလောက်ကို ရှားလာပါပြီ။

အင်တာနက်နဲ့ အွန်လိုင်းဂိမ်းတွေ ဆယ်ကျော်သက် လူငယ်၊ လူရွယ်တွေ အပေါ် လွှမ်းမိုးလာတာကြာပါပြီ။ ဖုန်းထဲ အလွယ်တကူ ထည့်လို့ရတဲ့ ဂိမ်း applications တွေလည်း ရှိလာတာကြောင့် လူအတော်များများ ဂိမ်းကစားဖြစ်ကြ ပါတယ်။ အပျင်းပြေ ကစားရင်းကနေ စွဲလမ်းလာကြတာများပါတယ်။

ဗီဒီယိုဂိမ်းစွဲလမ်းမှု

ဗီဒီယိုဂိမ်းတွေကို ယေဘုယျအားဖြင့် ခွဲခြားတဲ့အခါ နှစ်မျိုးရှိပြီး စွဲလမ်းပုံ နှစ်မျိုးရှိပါတယ်။ တစ်ခုက တစ်ယောက်တည်းကစားရတဲ့ ဗီဒီယိုဂိမ်းဖြစ်ပြီး ဒီဂိမ်းရဲ့ Mission နဲ့ Goal က တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို အဆုံးထိရောက်အောင်၊ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ရအောင်ကစားချင်စိတ်ဖြစ်စေပါတယ်။ နောက်တစ်မျိုးကတော့ အွန်လိုင်းမှာ ဂိမ်းကစားသူတွေနဲ့အတူတူ အုပ်စုဖွဲ့ပြီး ကစားရတဲ့ ဂိမ်းမျိုးပါ။ သူကတော့ အဆုံးဆိုတာ မရှိပါဘူး။ ဒါကနေ ယာယီ ဂိမ်းဇာတ်ကောင် တစ်ခုအနေနဲ့ ဖြစ်သွားတဲ့အပေါ် စွဲလမ်းလာကြတာများပါတယ်။

အွန်လိုင်းဂိမ်းကစားသူတွေနဲ့ ခင်မင်ရင်းနှီးလာပြီး သူတို့သာလျှင် သင့်ကို လက်ခံ အကောင်းမြင်တဲ့သူတွေလို့ ထင်လာနိုင်ဖွယ်ရှိပါတယ်။ ဗီဒီယိုဂိမ်း တီထွင်တဲ့သူတွေဟာလည်း သူတို့အကျိုးအမြတ်ရဖို့ဆိုရင် ဂိမ်းကို ကစားမယ့်သူတွေ အများအပြားလိုအပ်တာကြောင့် ပိုပြီး စိတ်ဝင်စားအောင်၊ စွဲလမ်းအောင် တီထွင်ကြမှာ ဖြစ်ပါတယ်။ ဂိမ်းတွေမှာ စိမ်ခေါ်မှုတွေ ရှိလာတဲ့အခါ ကစားသူတွေ အနေနဲ့ ဂိမ်းကစားဖြစ်သွားပြီး မကစားတော့ဘဲ အရှုံးပေးဖို့ခဲယဉ်းသွားပါတယ်။

ဘာတွေဆက်ဖြစ်လာနိုင်လဲ

အခြားစွဲလမ်းစေတဲ့ အရာတွေလိုပဲ ဂိမ်းစွဲတာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ လူပိုင်းဆိုင်ရာမှာ သတိထားရမယ့် အချက်တွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင် မနားမနေဂိမ်းဆော့တာ၊ ဂိမ်းမကစားရရင် စိတ်တိုတာ၊ ဂိမ်းအကြောင်းကိုပဲ တွေးတောနေတာ၊ မိသားစုဝင်နဲ့ သူငယ်ချင်းတွေကို ဂိမ်းကစားတဲ့ ကြာချိန်တွေ လိမ်ပြောတာ၊ လူတွေနဲ့ ခွဲခြားနေပြီး ဂိမ်းကစားတာကို ဦးစားပေးတာတွေ ဖြစ်လာနိုင်ပါတယ်။ လူပိုင်းဆိုင်ရာမှာဆိုရင် မလန်းမဆန်း နွမ်းနယ်တာ၊ အာရုံစူးစိုက်တာများလို့ အာရုံ ကြောအားနည်းတာ၊ Carpal Tunnel Syndrome (လက်ကောက်ဝတ် အတွင်းရှိ အရွတ်ကြောများ မီဒီရမ်နာဗ်ကြောကို ဖိအားသက်ရောက်မှုကြောင့် လက်ချောင်းများ အားနည်းခြင်း၊ ထုံကျင်ခြင်းနဲ့ နာကျင်ခြင်းဖြစ်ပေါ်သည်) နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ ကို လေး၊ ငါးနာရီလောက် ဂိမ်းကစားနေတဲ့ကလေးဆိုရင် သူ့မှာ စာဖတ်ချိန်၊ အိမ်စာလုပ်ချိန်၊ ကိုယ်လက်လှုပ်ရှားလုပ်ချိန်၊ မိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်ဆိုတာ ရှိမလာနိုင်တော့ပါဘူး။ လူလတ်ပိုင်းတွေမှာဆိုရင်လည်း အလုပ်အကိုင်နဲ့ Relationship တွေအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်။

ဆေးသောက်လို့ရလား

စိတ်ကစွဲလမ်းမှုကို လျှော့ချဖို့ဆိုရင် အသုံးပြုတဲ့ဆေးက Bupropion ပါ။ သူက အထိုက်အလျောက် ထိရောက်မှု ရှိပေမဲ့ လူတိုင်းအတွက်တော့ မသင့်တော်ပါဘူး။ ဒီဆေးက စိတ်ကျရောဂါပျောက်ဆေးအနွယ်ဝင်ဖြစ်တာကြောင့် သူနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ ဝေဒနာပေါ်မူတည်ပြီး ဆေးပေးရမှာပါ။ ဥပမာ – ဂိမ်းကစားလွန်ပြီး ခေါင်းမူးတယ်ဆိုရင် ခေါင်းကိုက်ပျောက်ဆေး သောက်တာ၊ အနားယူတာလုပ်ပြီး အိပ်မပျော်ဘူးဆိုရင် အိပ်ဆေးကို အားကိုးရမှာပါ။

ဂိမ်းစွဲတာပြန်ကောင်းနိုင်လား
အရက်စွဲတာ၊ ဘိန်းစွဲတာ၊ ဆေးစွဲတာ၊ ဂိမ်းစွဲတာဘဲဖြစ်ဖြစ် ပြန်ကောင်းဖို့က မလွယ်ကူပေမဲ့ ဖြစ်နိုင်ချေရှိပါတယ်။ ဘယ်အရာမဆို အလွန်အကျွံ မလုပ်မိဖို့နဲ့ ချိန်ဆနိုင်ဖို့ကအရေးကြီးပါတယ်။ အရင်ဆုံး ဂိမ်းစွဲတဲ့လက္ခဏာတွေရှိ၊ မရှိ သုံးသပ်ကြည့်ပါ။ တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို ထိခိုက်လာတာ၊ တစ်ကိုယ်ရေ ထိန်းသိမ်းနိုင်မှုလျော့နည်းတာတွေ ပိုဆိုးရွားလာတယ်ဆိုရင်တော့ Treatment ခံယူဖို့ ကြိုးစားရပါမယ်။

 ♥ #ထူးဒါလီကိုကို (M. Sc. in Pharm) ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *