EDM ပွဲများအတွက် Glitter Makeup ခြယ်သနည်း

EDM သီချင်းတွေနဲ့ Music Festivals ပွဲတွေ ခေတ်စားလာတဲ့အခါမှာ အရင်ခေတ်တွေနဲ့မတူ ကွဲပြားတဲ့ မိတ်ကပ်ပြင်ဆင် ခြယ်သမှုတွေ ရှိလာပါတယ်။ ဒီထဲမှာ Glitter Makeup တွေက ဖန်တီးနိုင်သလောက် စိတ်ဝင်စားဖွယ် ကောင်းသလို ကိုယ်တိုင်လုပ်ဖို့ လွယ်မလိုနဲ့ ခက်တတ်ပါတယ်။  မိန်းကလေးတွေ နှစ်သက်ကြတာများတဲ့ ဖျက်ဖျက်လတ်နေတဲ့ Glitters လေးတွေကို ပြင်ဆင်ခြယ်သတဲ့အခါ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။


ဝင်းပတဲ့ မျက်နှာလေးလိုချင်ရင် – မျက်နှာမှာ လက်လက်ကလေးနဲ့ ပြောင်နေတာမျိုးလိုချင်တယ်ဆိုရင် Highlighter အပြောင်အမှုန့်ကို မိတ်ကပ်လိမ်းပြီး ဖျန်းတဲ့ Finishing Spray ထဲထည့်ပြီး ဖျန်းနိုင်ပါတယ်။

Glitters တွေ အရေပြားပေါ် ကပ်နေတာလိုချင်ရင် – အရေပြားပေါ်မှာ အလက်တွေ ကပ်ချင်တယ်ဆိုရင် ရေနံဂျယ်လီကို အရင်လိမ်းထားပါ။ ပြီးရင် အလက်မှုန့်တွေကို ဘရပ်ရှ်နဲ့ယူပြီး ရေနံဂျယ်လီ အပေါ်ကနေ လိမ်းပေးနိုင်ပါတယ်။ ရေနံ ဂျယ်လီအစား ဆံပင်လိမ်းတဲ့ဂျယ်လ်ကို အသုံးပြုပြီးတော့လည်း အလက်မှုန့်တွေကို အရေပြားပေါ်မှာ ကပ်လို့ရပါတယ်။

မျက်ခုံးမွေးလေး လက်ချင်ရင် – မျက်ခုံးမွေးပေါ်မှာ အလက်လေးတွေ တင်နေချင်တယ်ဆိုရင် ဆံပင်ဖျန်းတဲ့ Hairspray ကို ခွက်တစ်ခုထဲ ဖျန်းထည့်ပါ။ ကိုယ်ကြိုက်တဲ့ အလက်မှုန့်ကို အဲဒီခွက်ထဲရောထည့်မွှေပြီး မျက်ခုံးမွေးဘရပ်ရှ်နဲ့ အသုံးပြုနိုင်ပါတယ်။

လက်လက်ထနေတဲ့ အရေပြားလေးလိုချင်ရင် – ခန္ဓာကိုယ် အရေပြားပေါ်မှာ လက်လက်လေးဖြစ်ချင်ရင် အလက်မှုန့်တွေကို Baby Oil  နဲ့ ရောပြီး လိမ်းလို့ရပါတယ်။ Baby Oil အနည်းငယ်ကို သင်လက်ချင်တဲ့ အတိုင်းအတာရအောင် အလက်မှုန့် အနည်းအများ ချိန်ဆပြီး လုပ်လို့ရပါတယ်။

 မျက်လုံးတစ်ဝိုက် အလက်တွေ ကပ်ချင်ရင် – မျက်လုံးတစ်ဝိုက်မှာ လက်တဲ့ ကျောက်အသေးစားလေးတွေနဲ့ အလှဆင်တာ၊ အလက်မှုန့်တွေကပ်တာတွေ အတွက် အသုံးပြုနိုင်တာကတော့ မျက်တောင်တု ကပ်တဲ့ကော် ဖြစ်ပါတယ်။ အကြည်ရောင် မျက်တောင်တု ကပ်တဲ့ ကော်ဖြစ်ဖို့တော့ လိုပါတယ်။

နားရွက်ပေါ်မှာ ကျောက်လေးတွေ ကပ်ချင်ရင် – နားရွက်ပေါ်မှာ ကျောက်လေးတွေ တန်းစီပြီးကပ်ဖို့ နားဖောက်စရာ မလိုပါဘူး။ Crystals လေးတွေ နားရွက်ပေါ်မှာ ကပ်နေဖို့ မျက်တောင်တု ကပ်တဲ့ကော်ကို အသုံးပြုနိုင်ပါတယ်။

ဆံကေသာလေး လက်ချင်ရင် – ဆံကေသာ လက်ဖို့ဆိုရင် အလက် ပါတဲ့ Spray တွေ ဖျန်းတာဖြစ်ဖြစ်၊ အလက်မှုန့်တွေ ဆံသားပေါ်ဖြူးပြီး Hairspray ဖျန်းတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ဆံသားခွဲကြောင်းပေါ်မှာ အလက်တွေတင်ဖို့ဆိုရင် ဘရပ်ရှ်နဲ့ ယူပြီး တင်လို့ရပါတယ်။

နှုတ်ခမ်းလေး လက်ချင်ရင် – နှုတ်ခမ်းသားပေါ်မှာ အလက်လေးတွေ တင်နေဖို့ဆိုရင် အောက်ခံဆိုးမယ့် နှုတ်ခမ်းနီက Cream Type ဖြစ်ဖို့ လိုပါတယ်။ ဒီအပေါ်ကနေမှ အလက်မှုန့်တွေကို လက်နဲ့ယူပြီး ဖိကပ်ပေးလိုက်ရင် ရပါတယ်။ Liquid Type နှုတ်ခမ်းနီတွေဆိုရင်တော့ အလက်မှုန့်တွေက အလွယ်တကူ ပြန်ကွာကြသွားနိုင်ပါတယ်။

Glitters တွေကို ပြန်သန့်စင်တော့မယ်ဆိုရင် –  Music Festivals ပွဲပြီးသွားလို့ အလက်တွေကို အရေပြားကနေ ပြန်ပြီး သန့်စင်ဖို့ဆိုရင် လွယ်ကူတဲ့ နည်းလမ်းကတော့ တိပ်နဲ့ အရေပြားပေါ်ကပ်ပြီး အလက်တွေကို ခွာယူပါ။ နောက်ပြီး အဆီပါတဲ့ မျက်နှာသစ်ဆေးနဲ့ ဆေးကြောရင် အလက်မှုန့်တွေကို အလွယ်တကူ ပြန်ဖျက်နိုင်ပါတယ်။

Darliko 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *