Gym ကစားဖို့ တွန့်ဆုတ်နေရင်

တချို့လူတွေဟာ Gym သွားဖို့ ဆုံးဖြတ်ထားပေမဲ့ မသွားဖြစ်စေတဲ့ အကြောင်းအမျိုးမျိုး ရှိလာတတ်ပါတယ်။ ဒါပေမဲ့ သင်ဟာ ဘာအကြောင်းမှမရှိဘဲ သွားဖို့ တွန့်ဆုတ်ကြောက်ရွံနေတယ်ဆိုရင် ဘာတွေကို အရင်ပြင်ဆင်ထားနိုင်လဲ ဆိုတာကို ရေးလိုက်ပါတယ်။

(၁) သက်သောင့်သက်သာရှိတဲ့ အဝတ်အထည်တွေကို ဦးစားပေး ဝတ်ဆင်ပါ။

အားကစားလုပ်ဖို့အတွက် အတို၊ အပြတ်တွေ ဝတ်ရတာ သင့်အနေနဲ့ စိတ်မသက်သာဘူး၊ မနှစ်သက်ဘူးဆိုရင် ကိစ္စမရှိပါဘူး။ သက်သောင့် သက်သာရှိပြီး စတိုင်လ်ကျတဲ့ အားကစားဝတ်စုံ ပွပွ ချောင်ချောင်တွေ အများကြီး ရှိပါတယ်။ အားကစားလုပ်တဲ့အခါ သင့်ခန္ဓာကိုယ် ကောင်းစွာ လှုပ်ရှားနိုင်ဖို့က အဓိက ဖြစ်ပြီး လူတိုင်းဟာ အားကစားခန်းမမှာ သူ့ အလုပ်နဲ့သူ အလုပ်ရှုပ်နေကြတာများလို့ သင့်ကိုလိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။

(၂) သီချင်းသံက သင့်အတွက် အားကစားဖော်ပါ။

သင်နှစ်သက်တဲ့ Beat ကောင်းကောင်း သီချင်းတွေချည်းပဲ စုထားပြီး အားကစား လုပ်တဲ့အခါ နားထောင်ပါ။ သင်အားကစားလုပ်တဲ့အခါ သူများ လာစကားပြောမှာ၊ နှောင့်ယှက်တာကို မလိုလားတဲ့အခါမှာလည်း နားထဲ နားကြပ် တပ်ထားလိုက်ရုံပါပဲ။ Cardio Exercises တွေလို ပြင်းထန်ပြီး ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေမှာ သီချင်းသံပြင်းပြင်း ဖွင့်ထားတယ် ဆိုတာဟာလည်း အားကစားလုပ်နေတဲ့အချိန်ကို မသိမသာ ပိုပြီး ကုန်သွားစေတာရယ်၊ စိတ်အား တက်ကြွစေတာရယ်ကြောင့်ပါ။

(၃) မကြောက်ပါနဲ့
ဒါက အရေးကြီးဆုံး ဖြစ်ပါတယ်။ လူတိုင်းဟာ အစပိုင်းမှာ Gym နဲ့ စိမ်း နေတာချည်းပါပဲ။ အမှားတွေလည်း လုပ်နိုင်ပါတယ်။ သင်မသိတာ၊ နားမလည်တာ ရှိရင် Gym မှာရှိတဲ့ Trainers တွေကို ပွင့်ပွင့်လင်းလင်း မေးလို့ရပါတယ်။ အသစ် အသစ် လေ့ကျင့်ခန်းတွေ စမ်းလုပ်ကြည့်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။ အမှားတွေကနေ အမှန်ကို သင်ယူပြီး ရှေ့ဆက်သွားပါ။

(၄) သူငယ်ချင်းနဲ့ အတူတူ ကစားပါ
သင်ဟာ Gym ကို တစ်ယောက်တည်း သွားရမှာ အရမ်းစိမ်းနေတယ်ဆိုရင် သူငယ်ချင်း တစ်ယောက်လောက် အဖော်ခေါ်ပြီး တူတူသွားကစားပါ။ ဒါဟာ အစပိုင်း စကစားတဲ့အခါ သင့်အတွက် Gym မှာ သက်သောင့်သက်သာ ခံစားမှုမျိုး ဖြစ်စေပြီး နောက်ပိုင်း အသားကျသွားတဲ့အခါ သင်တစ်ယောက်တည်းလည်း သွားကစား တတ်သွားပါလိမ့်မယ်။

(၅) တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
အားကစားခန်းမကို မသွားဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ Gym မှာ သွားကစားဖို့ ကိုယ်တိုင် အရင်ကြည့်ကောင်းနေမှ သွားမယ်ဆိုပြီး မဆုံးဖြတ်ပါနဲ့။ ကြည့်ကောင်းဖို့၊ ကြံ့ခိုင်ဖို့၊ ကျန်းမာရေး ကောင်းဖို့ Gym မှာ သွားကစားပါ။

(၆) သင်တန်းချိန်တွေ ဝင်ကစားပါ
အားကစားခန်းမတွေမှာ အလေးတုံးတွေ၊ စက်တွေနဲ့ လေ့ကျင့်တာတွေ အပြင် ယောဂသင်တန်း၊ Zumba သင်တန်း၊ Cardio သင်တန်း စတာတွေလည်း ရှိလာပါပြီ။ တစ်ပတ်ကို ဘယ်ရက်တွေမှာ သင်တန်းချိန်တွေရှိလဲဆိုတာ မေးမြန်းထားပြီး ဝင်ကစားပေးပါ။

(၇) ကြိုတင် Plan ချပါ။
သင်ဟာ Gym ရောက်သွားပြီးရင် ဘာလုပ်လို့ လုပ်ရမလဲဆိုပြီး ကြောင်တောင်တောင် ဖြစ်မနေအောင် ဘာအရင် ကစားမယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုပြီး ကြိုတင်စဉ်းစားသွားတာက အဆင်ပြေစေပါတယ်။ Gym မှာ အသားကျသွားတဲ့အခါမှာတော့ ဘာပြီး ဘာလုပ်မယ်ဆိုတာ သူ့အလိုလို မြန်မြန် ဆန်ဆန် ခေါင်းထဲ ပေါ်လာပါလိမ့်မယ်။

 #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *