ရန်ကုန်ဆေးရုံကြီးမှာ H1N1 လူတုပ်ကွေးရောဂါဖြစ်ပွားသူတွေစတွေ့သည်တဲ့။ တစ်နိုင်ငံလုံးကိန်းဂဏန်းတွေတော့ အတိအကျမသိရသေး။
အပြင်မှာ တုပ်ကွေးကာကွယ်ဆေးတွေ ဝယ်မရလောက်အောင် ချက်ချင်းပြတ်လက်သွားသည်။ နေ့တောင်မကူး။ ဝယ်မရသည့် သူတွေက ဆောက်တည်ရာမရဖြစ်။ အဲသည်လောက်တော့လည်း ဖြစ်ဖို့မလိုသေးဘူးထင်သည်။ ရာဇဝင်ကို ပြန်ကြည့်ကြပါစို့။
H1N1 ကို ၁၉၁၈ ခုနှစ်က တွေ့ခဲ့ရသည့် စပိန်တုပ်ကွေးက အစပြုသည်ဟု ယူဆကြသည်။ အဲသည်တုန်းကတော့ ကမ္ဘာ့လူဦးရေ၏ သုံးရာခိုင်နှုန်းလောက် ပြုတ်သွားအောင် ပြင်းထန်ခဲ့သည်။
H1N1 အကြောင်းကို သေသေချာချာပိုသိလာကြတော့ အုပ်စုက သုံးခုရှိနေသည်။ လူလူချင်းကူးစက်သည့် ရာသီတုပ်ကွေးက တစ်အုပ်စု၊ ဝက်တွေမှာ ကူးစက်သည့် ဝက်တုပ်ကွေးက တစ်အုပ်စု၊ ငှက်တွေမှာ ကူးစက်သည့် ကြက်ငှက်တုပ်ကွေးက တစ်အုပ်စု။
H1N1 က ၂၀ဝ၉ မှာ တစ်ခေါက် ထပ်ခေါင်းထောင်လာသည်။ Swine-Origin ခေါ် ဝက်အမျိုးအစားတုပ်ကွေးက လူကိုပျံ့လာတာဟု ယူဆသည်။ လူ တစ်သောင်းကျော်သေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Pandemic ခေါ် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါအဆင့် အဖြစ် ကြေငြာခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်မှာပြီးသွားသည်။ သာမန်ရာသီတုပ်ကွေး အဖြစ်သို့ ပြန်လည်ကျဆင်းသွားသည်။
ဆိုလိုတာက ပြင်းထန်တုပ်ကွေး မဟုတ်တော့ သာမန်တုပ်ကွေးဖြစ်သွားသည်။ ၂၀ဝ၉ မှာ ပြင်းထန်သွားရသည့် အကြောင်းရင်းက လေးမျိုးပေါင်းသွားတာဖြစ်သည်။ မြောက်အမေရိကဝက်တုပ်ကွေး၊ မြောက်အမေရိကငှက်တုပ်ကွေး၊ လူတုပ်ကွေးနှင့် အာရှနှင့် ဥရောပ ဝက်တုပ်ကွေးတို့ပေါင်းသွားတာဖြစ်သည်။
၂၀၁၁ ကနေစပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကတော့ အဲသည့် H1N1 ကို သတိကြီးကြီးနှင့် စောင့်ကြည့်နေခဲ့သည်။
၂၀၁၁ မှာ အမေရိကန်ပြည်ထောင် စု၊ ၂၀၁၃ မှာ ဗင်နီဇွဲလား၊ ၂၀၁၄ မှာ တက္ကဆက်၊ ကနေဒါ၊ မက္ကဆီကို၊ စပိန်၊ ၂၀၁၅ မှာ အိန္ဒိယ၊ ၂၀၁၇ မှာ မော်လဒိုက် စသည်ဖြင့် H1N1 ပြန့်ပွားမှုတွေက ဆက်တော့ ဖြစ်နေကြလား သေသူတွေ လည်းရှိသည်။ ၂၀ဝ၉ အခြေအနေမျိုး တော့မဖြစ်သေး။ ကိုယ်ဝန်သည်တွေကတော့ တခြားလူတွေထက် ထိခိုက်သေကျေနှုန်းပိုများသည်။ ကာကွယ်ဆေးထိုး ထားဖို့ကောင်းသည်။ ၂၀၁၀ နောက်ပိုင်း ရာသီတုပ်ကွေးကာကွယ်ဆေးအားလုံး မှာ H1N1 က ပါပြီးသား။
လက်ရှိမြန်မာနိုင်ငံအခြေအနေက H1N1 ကပ်ရောဂါအသွင်ဖြစ်နေပြီဟု ပြောလို့မရသေး။ မဖြစ်အောင်တော့ ကာကွယ်မှုတွေ စလုပ်နေကြပြီဖြစ်သည်။ ကာကွယ်ဆေးက အလုံအလောက်ရဖို့ မလွယ်သေးတော့ လက်ခဏခဏ ဆေးတာ၊ မျက်နှာဖုံးစွပ်တာ၊ လူထူထူကို တတ်နိုင်သမျှ ရှောင်တာ၊ ဒါတွေပဲ အဓိကထားလုပ်ရဦးမည်ဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းတွေကတော့ ရှောင်လွှဲ၍မရ။ ၂၀၁၀ ကပ်ဘေးအတွင်း ကတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပို့ပေးခဲ့သေးသည်ပြောသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ ထိုးရသည်ဟုမကြားမိ။ ယခုလည်း ထိုးပေးနိုင်ဖို့မလွယ်။ ကျွန်တော်ကတော့ ရာသီတိုင်း ထိုးထားနေကျမို့ ထိုးပြီးဖြစ်သည်။ ကိုယ့်အစီအစဉ်နှင့် ကိုယ်ပါ။ ဒါလည်း အသွင်ပြောင်းတုပ်ကွေးနှင့် တွေ့လျှင်တော့ ကာကွယ်မှာမဟုတ်။
H1N1 ဘေးကင်းဝေးကြပါစေ။
ဆန္ဒမွန်ဖြင့် #ဒေါက်တာရဲ