ဆံနွယ်တွေကပြောတဲ့ . . . သူတို့ အကြောင်း

ဆံကေသာဟာ လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ကျန်းမာရေးကို ထင်ဟပ်စေတဲ့ ဒုတိယမျက်နှာတစ်ခုလို့ ဆိုပါတယ်။ ဆံကေသာဟာ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်နေတယ်ဆိုရင် လူတစ်ယောက်ရဲ့ အလှတရားကို ပိုပြီး ပေါ်လွင်စေနိုင်ပါတယ်။ ဆံကေသာဟာ မွဲခြောက်ပြီး ပါးနေတဲ့အခါမှာတော့ နေမကောင်းဖူးလား၊ ကျန်းမာရေး မကောင်းဖူးလားဆိုပြီး ထင်တတ်ကြပါတယ်။ ဒါကြောင့် ဆံကေသာဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရောအတွက် အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍတစ်ခုမှာ အရေးပါနေပါတယ်။


ဆံကေသာဖြစ်စဉ်ဆိုတာ  ယေဘူယျအားဖြင့် ဦးရေပြားပေါ်က ဆံခြည်မျှင်တွေက တစ်နေ့ကို သုည ဒဿမ သုံး ကနေ သုည ဒဿမ လေး ထိရှည်ပါတယ်။ တစ်နှစ်ကိုဆိုရင် ခြောက်လက်မထိ ရှည်ပါတယ်။ ဆံကေသာ ဖြစ်စဉ်မှာ Antagen၊ Catagen နဲ့ Telogen ဆိုပြီး အဆင့် သုံးဆင့်ရှိပါတယ်။ ဆံခြည်မျှင်ဆိုတာ  သန္ဓေသားအရွယ် နှစ်ဆယ့်နှစ်ပတ်လောက်ကတည်းက ဆံကေသာပေါက်ဖို့ မွေးညင်းပေါက်တွေက စတင်ဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်။ ဆံခြည်မျှင်တွေကို ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆံခြည်မျှင်တစ်ချောင်းရဲ့ သက်တမ်းက နှစ်နှစ်ကနေ ခုနစ်နှစ်ထိ ရှိပါတယ်။ ဒီဆံခြည်မျှင်က ကျွတ်သွားပြီဆိုရင် မွေးညင်းပေါက်တွေကနေ ဆံခြည်မျှင်အသစ်တစ်ခု ထပ်ထွက်စေမှာ ဖြစ်ပါတယ်။

 အသက်ကြီးလာတဲ့အခါမှာတော့

ဆံကေသာအရောင်ဖျော့လာမယ်
ဒါက အသက်ကြီးလာပြီ ဆိုတာကို သိသာပေါ်လွင်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဆံကေသာရဲ့အရောင်က မယ်လနင်ဆိုတဲ့ ရောင်ခြယ်တွေပေါ် မူတည်ပြီး ကွဲပြားသွားတာ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ မွေးညင်းပေါက်တွေကနေ မယ်လနင် ထုတ်လုပ်မှု က လျော့ကျလာပါတယ်။ ဒီအခါမှာ ဆံကေသာအရောင်က မီးခိုးရောင်ဘက်ကို ပြောင်းလဲလာပြီး ဖြူလာတဲ့အထိ ဖြစ်လာပါတယ်။ များသောအားဖြင့် အသက်သုံးဆယ်ကနေစပြီးတော့ မွေးညင်းပေါက်တွေကနေ ဆံကေသာအတွက် မယ်လနင်ထုတ်လုပ်မှုက လျော့ကျလာပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဆံပင်ဖြူနှုန်းက မျိုးရိုးဗီဇပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။

 ဆံပင်အုံပါးလာမယ် 
လူတစ်ယောက်နဲ့ တစ်ယောက်မှာရှိတဲ့ ဆံခြည်မျှင်အရေအတွက်က မတူကြပါဘူး။ ဒါပေမဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ လူတိုင်းရဲ့ ဆံကေသာအုံက ပါးလာမှာ ဖြစ်ပါတယ်။ ဆံခြည်မျှင်တွေရဲ့ ပြန်ပေါက်နှုန်း၊ အရှည်နှုန်းကလည်း နှေးလာပါတယ်။ ဆံလုံးကလည်း သေးသွားပြီး ဦးရေပြားပေါ်က မွေးညင်းပေါက် အများစုကလည်း ဆံသားအသစ် ပြန်လည်ပေါက်ဖို့  မလုပ်ဆောင်နိုင်တော့ပါဘူး။

 ထိပ်ပြောင်လာမယ် 
အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ ဦးရေပြားရဲ့ ဆံစပ်ကနေ ‘က’ ပုံစံကနေ ‘ဂ’ ပုံစံ ဖြစ်သွားပြီး ဆံပင်ပြန်မပေါက်တဲ့အထိ ပါးသွားပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် အန်ဒရိုဂျင် ဟော်မုန်းတွေ လျော့နည်းလာတာက ဆံကေသာအုံ ပါးလာစေတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ဆံသားပါးလာတာက အမျိုးသားတွေမှာလို ဦးရေပြား ဆံစပ်ကနေ ပါးသွားတာမျိုးမဟုတ်ဘဲ ဦးရေပြား အလယ်ဦးခေါင်းပေါ်တစ်ဝိုက်မှာ မွေးညင်းပေါက်တွေက ဆံသားအသစ် မထုတ်နိုင်တော့တဲ့အတွက် သိသိသာသာ ဆံကေသာအုံ ပါးလာပါတယ်။

 ဆံကေသာကောင်းဖို့ ဘာတွေစားမလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ဆံကေသာကို သန်စွမ်းတောက်ပြောင်စေနိုင်ပါတယ်။ အာဟာရ ပြည့်ဝအောင် မစားဘူးဆိုရင် အကျိုးပေးက သင်ရဲ့ဆံကေသာမှာ ရောင်ပြန်ဟပ်နိုင်ပါတယ်။ ဆံကေသာအလှအတွက် အထောက်အကူပြုနိုင်တဲ့ စားစရာတွေကတော့ –

 အိုမီဂါသရီးဖက်တီးအက်ဆစ်
အိုမီဂါသရီး ဖက်တီးအက်ဆစ်က သင်ရဲ့ အရေပြား၊ ဆံကေသာနဲ့ လက်သည်းတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ နေ့စဉ် အိုမီဂါသရီး ဖက်တီးအက်ဆစ်ပါဝင်တဲ့ စားစရာတွေ စားပေးသင့်ပါတယ်။ အိုမီဂါသရီးဖက်တီး အက်ဆစ်က ဆောလ်မွန်၊ တူနာငါး၊ မက် ကရယ်ငါး၊ သစ်ကြားသီးစေ့၊ ဗာဒံသီးစေ့ နဲ့ Flaxseed Oil တွေမှာ ပါဝင်ပါတယ်။

 ဗီတာမင် ဘီ ၆
ဗီတာမင် ဘီ ၆ က ဦးရေပြားဆီကို အောက်ဆီဂျင် ရောက်ရှိစေပြီး  မွေးညင်းပေါက်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် ဘီ ၆ ကို နေကြာစေ့၊ ကြက် သား၊ တူနာငါး၊ ငှက်ပျောသီး၊ အာလူး၊ ကန်စွန်းဥ၊ ဟင်းနုနယ် တွေကနေ ရရှိနိုင်ပါတယ်။

 ဗီတာမင် ဘီ ၉ (ဖောလစ်အက် ဆစ်)
ဖောလစ်အက်ဆစ်က သင့်ခန္ဓာကိုယ်ရဲ့ ဒီအန်အေကို ပြန်လည်ပြုပြင်တဲ့အခါ အရေးပါပါတယ်။ ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေပြီး ကျန်းမာတဲ့ ဆံကေသာကို ရစေပါတယ်။ ဖောလစ်အက်ဆစ်ကိုရဖို့ လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အချဉ် ဓာတ်ပါတဲ့ အသီးအနှံ၊  ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ ပဲနီကလေး တွေကနေရနိုင်ပါတယ်။

 ဗီတာမင် ဘီ ၁၂ 
ဗီတာမင် ဘီ ၁၂ က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် ဆံကေသာကို သန်စွမ်းစေပါတယ်။ ဗီတာမင် ဘီ ၁၂ ကို ကြက်သား၊ ဘဲသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

 ဘိုင်အိုတင် 
ဘိုင်အိုတင်က ဖက်တီးအက်ဆစ် ထုတ်လုပ်မှုကို ကူညီပေးနိုင်တာကြောင့် ဦးရေပြားကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။ ဘိုင်အိုတင် ချို့တဲ့ရင် အရေပြားခြောက်တာ၊ အဖတ်တွေကွာတာ၊ ဆံသားကျွတ်ဆတ်တာတွေ ဖြစ်နိုင်ပါတယ်။ ဆံသားသန်စွမ်းဖို့ အားပေးတဲ့ ကီရာတင်ကိုလည်း ကူညီပေးပါတယ်။ ဘိုင်အိုတင်ပါတဲ့ စားစရာတွေကတော့ အစေ့အဆန်တွေ၊ ဥအမျိုးမျိုး၊ ဆောလ် မွန်၊ ဆာဒင်းငါး၊ နွားနို့၊ ချိစ်၊ ထောပတ်သီး၊ ရက်စ်ဘယ်ရီသီး၊ ပဲသီးတောင့်၊ ပဲပိစပ် စတာတွေ ဖြစ်ပါတယ်။

 ဇင့်
သင့်မှာ ဇင့်ဓာတ် ချို့တဲ့နေပြီဆိုရင် ဆံပင်တွေ အကျွတ်များလာပြီး အရောင်မွဲလာမှာ ဖြစ်ပါတယ်။ ဇင့် ကို ကြက်သား၊ ဘဲသား၊ ချိစ်၊ ပင်လယ်စာ၊ အစေ့အဆန်၊ ပဲသီးတောင့်၊ နေကြာစေ့၊ ဖရုံစေ့ စတာတွေကနေ ရရှိနိုင်ပါတယ်။

 မက်ဂနီဆီယမ်
မက်ဂနီဆီယမ် ချို့တဲ့တာက ဆံခြည်မျှင် အသစ်ဖြစ်ပေါ်တာ၊ ဆံပင်ကျွတ်တာတွေနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဆံသား ကောင်းမွန်စွာ ဖြစ်ပေါ်ဖို့ ဦးရေပြားပေါ်က မွေးညင်းပေါက်တွေက မက်ဂနီဆီယမ်ကို လိုအပ်ပါတယ်။ မက်ဂနီဆီယမ်ကို ရဖို့ ငှက်ပျောသီး၊ ထောပတ်သီး၊ သဖန်းသီး၊ ဟင်းနုနယ်၊ အနက်ရောင်ချော့ကလက်၊ ဗာဒံသီးစေ့၊ ဖရုံစေ့၊ သီဟိုဋ္ဌ်စေ့၊ နံနံပင်၊ ဆောလ်မွန်ငါး၊ ဒိန်ချဉ် တို့ကို စားပေးပါ။

 ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published.