Heart Attack မဖြစ်အောင် ဒီငါးသွယ်ကို ရှောင်

နှလုံးသွေးကြောတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပိတ်ဆို့နေရင်  Heart Attack ဖြစ်တယ်လို့ သိရပါတယ်။ ကိုလက်စထရောလိုမျိုး             ပစ္စည်းတွေကြောင့် နှလုံး သွေးကြောကျဉ်းမြောင်းမှုဖြစ်ပေါ်လာပြီး သွေးကြောပိတ်တဲ့အခြေအနေအထိ ဖြစ်လာကာ Heart Attack ရတာဖြစ်ပါတယ်။ နှလုံးကြွက်သားကို သွေးမရောက်တဲ့အခါမှာ လည်း နှလုံးတိုက်ခိုက်ခံရနိုင်ပါတယ်။ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ ကြောင့် နှလုံးသွေးကြော Spasm ရပြီး နှလုံးကြွက်သားထဲကို သွေးမရောက်ရှိနိုင် တော့တဲ့အတွက် နှလုံးတိုက်ခိုက်ခံရနိုင်ပါတယ်။ နှလုံးတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတာက အဖြစ်များတဲ့အခြေအနေတစ်ခုပါ။ နှလုံးတိုက်ခိုက်ခံရရင် ရုတ် တရက် ရင်ဘတ်မှာ စူးခနဲအောင့်တာ၊ လက်မောင်းတစ်လျှောက်နာကျင်တာလိုမျိုး ဝေဒနာတွေ ဖော်ပြသလို တချို့လူနာတွေမှာ ဘာလက္ခဏာမှ မပြဘဲ ရုတ်တရက်ကြီး Attack ရသွားတာတွေ ရှိပါတယ်။ ကံကောင်းတာက Heart Attack မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါနည်းလမ်း ငါးသွယ်ဟာ Heart Attack မဖြစ်အောင် ၈၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော အစားအစာစားခြင်း
အမျှင်ပါဝင်မှုများတဲ့အစားအစာ၊ ထပ်ပြန်ကြော်ဆီ ပါဝင်မှုနည်းတဲ့အစားအစာ၊ ဗီတာမင်နဲ့ သတ္တုဓာတ်လိုမျိုး အာဟာရဓာတ်တွေ အပြည့်အဝပါဝင်တဲ့အစားအစာတွေ စားသုံးတာက နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အထူး အကျိုးရှိပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ပါဝင်မှုများတဲ့အစားအစာ၊ အဆီ မပါဝင်တဲ့အသား၊ အစေ့အဆန်နဲ့ ထောပတ်သီးလိုမျိုး ကျန်းမာရေးကောင်းမွန်တဲ့အဆီ တွေကို စားသုံးမှုများပြီး ပြုပြင်ထားတဲ့အစားအစာတွေကို စားသုံးမှုနည်းတာက နှလုံးကျန်းမာရေးအတွက် ရေရှည်မှာ များစွာ အထောက်အကူပြုပါတယ်။

၂။ အရက်လျှော့သောက်ခြင်း
လေ့လာမှုအရ အရက်ကို အကန့်အသတ်နဲ့သာ သောက်သုံးသူတွေဟာ နှလုံး တိုက်ခိုက်ခံရနိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ အမျိုးသားတွေအနေနဲ့ တစ် နေ့ကို နှစ်ယူနစ်ထက်၊ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို တစ်ယူနစ်ထက် ပိုပြီး မသောက်သင့်ဘူးလို့ အမေရိကန်နှလုံးရောဂါအဖွဲ့က အကြံပေးထားပါတယ်။ အရက် တစ်ယူနစ်ဆိုတာက ဘီယာ ၁၂ အောင်စ၊ ဝိုင် ငါးအောင်စနဲ့ အရက်ပြင်း(ဗော်ကာ၊ ဝီစကီ) တစ်အောင်စခွဲကို ဆိုလိုတာပါ။ အရက်အလွန်အကျွံသောက်တာကြောင့် သွေးဖိအားနဲ့ သွေးတွင်းမကောင်းတဲ့အဆီတွေ မြင့်တက်လာတဲ့အပြင် ခန္ဓာကိုယ်အ တွင်း ကယ်လိုရီစုဆောင်းမှုများကာ အဝလွန်နိုင်ခြေ မြင့်မားနိုင်ပါတယ်။

၃။ ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်တာကြောင့် နာတာရှည်အဆုတ်ရောဂါနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အလွန်များသလို နှလုံးကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ နှလုံး ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆေးလိပ်ကို လုံးဝဖြတ်သင့်ပါတယ်။

၄။ ဝမ်းဗိုက်အဆီလျှော့ချခြင်း
ဝမ်းဗိုက်မှာ အဆီစုနေတာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ သိသိသာသာ မြင့်မား နိုင်ပါတယ်။ ဘီယာဗိုက်ခေါ်တဲ့ ဝမ်းဗိုက်အတွင်း အဆီစုနေတာက ဝမ်းဗိုက်အတွင်းမှာ ရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာပါ အဆီတွေစုဆောင်းနေတဲ့အဓိပ္ပာယ်သက်ရောက်ပြီး နှလုံးကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။ လေ့လာမှုအရ ခါးအတိုင်း အတာက ၉၅ စင်တီမီတာထက် လျော့နည်းမှသာ နှလုံးအတွက် အန္တရာယ်ကင်းမယ် လို့ သိရပါတယ်။

၅။ လှုပ်လှုပ်ရှားရှားနေခြင်း
မကြာခင်က ပြုလုပ်ထားတဲ့လေ့လာမှုအရ တစ်နေ့ကို မိနစ် ၄၀ ခန့် လမ်း လျှောက်တာ၊ စက်ဘီးစီးတာနဲ့ တစ်ပတ်ကို တစ်နာရီခန့် လေ့ကျင့်ခန်းပြုလုပ်တာက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ သိရပါတယ်။ လမ်းမြန်မြန် လျှောက်တာလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းတွေက နှလုံးခုန်နှုန်းကို မြန်ဆန်စေတဲ့ အတွက် အောက်ဆီဂျင်ကို ပုံမှန်ထက် ပိုမိုအသုံးပြုရပါတယ်။ လှုပ်ရှားမှုများများလုပ် လေလေ၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်လေလေပါ။
ဒီငါးသွယ်အပြင် စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သမျှ လျှော့ချရပါမယ်။ စိတ်ဖိစီး မှုကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ လေ့လာမှုအများအ ပြားအရ သိရပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် ဆေးလိပ်သောက်တာ၊ အရက် သောက်တာ ဒါမှမဟုတ် အစားကြူးတာလိုမျိုး မကောင်းတဲ့ အမူအကျင့်တွေ ပြုလုပ်မိ တတ်တာကြောင့်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်တာ၊ ယော ဂကျင့်စဉ်ပြုလုပ်တာ၊ ဝါသနာပါရာ အလုပ်တစ်မျိုးမျိုးကို ပြုလုပ်နေတာ၊ အရင်းနှီးဆုံး သူငယ်ချင်းမိသားစုဝင်တွေနဲ့ စကားပြောတာမျိုးတွေ ပြုလုပ်ပေးပါ။

Tips!
ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါကိုလည်း ထိန်းချုပ်ပါ။ အမေရိကန်နှလုံးကျန်းမာ ရေးအဖွဲ့ရဲ့ အဆိုအရ ဆီးချိုရောဂါရှိတဲ့ အသက် ၆၅ နှစ်အောက်ဝေဒနာရှင်တွေရဲ့ ၆၈ ရာခိုင်နှုန်းခန့်က နှလုံးရောဂါကြောင့် သေဆုံးကြတယ်လို့ သိရပါတယ်။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရောများတာ၊ အဝလွန်တာ၊ လှုပ်ရှားမှုနည်းတာ၊ ဆေး လိပ်သောက်တာတွေကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားသွားပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal