Honey Oatmeal Handmade Soap

ဒီတစ်ပတ်မှာတော့ အုတ်စပါးပျားရည်ဆပ်ပြာလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဒီဆပ်ပြာမှာပါဝင်တဲ့ ပစ္စည်းတွေကိုက အရေပြားကျန်းမာရေးကို များစွာ အထောက်အပံ့ပေးနိုင်ပါတယ်။ အုတ်စပါးဟာ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တာကြောင့် ဆောင်းတွင်း အသားပပ်တာတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ ဒါ့အပြင် အရေပြားခြောက်သွေ့သူတွေမှာ ဖြစ်တတ်တဲ့ ယားယံမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အုတ်စပါးဟာ သင့်အရေပြားရဲ့ pH ကို ထိန်းညှိပေးတဲ့အပြင် အညစ်အကြေး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်မှာ သဘာဝအစိုဓာတ်ထိန်းပစ္စည်းပါဝင်တာကြောင့် natural moisturizer လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်မှာ ၀က်ခြံကို ဖယ်ရှားပေးတာ၊ အရွယ်တင်နုပျိုစေတာ၊ အရေပြား ကျန်းမာရေးကောင်းမွန်စေတာ၊ အမာရွတ်တွေကို မှေးမှိန်စေတာနဲ့ နေလောင်ဒဏ်ကို ကာကွယ်ပေးတာ စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ဒါကြောင့် ဒီလိုကျန်းမာရေးကျေးဇူးအများကြီးရှိတဲ့ အုတ်စပါးပျားရည်ဆပ်ပြာကို အိမ်မှာပဲ ကိုယ်တိုင် လုပ်ကြည့်ရအောင်နော်။
..

လိုအပ်တဲ့ပစ္စည်း

(ဆပ်ပြာခဲ နှစ်ခဲစာအတွက်)


♦ ပျားရည် စားပွဲဇွန်း နှစ်ဇွန်း
♦ အုတ်စပါး စားပွဲဇွန်း သုံးဇွန်း
♦ Goats Milk Soap (Suspension Formula) နှစ်ပေါင်ပါ တစ်ဘူး (City Mart များတွင် ရရှိနိုင်)
♦ Soap Colorants (ဆပ်ပြာအရောင်ဆီ)
♦ Measuring Cup
♦ ဓား
♦ ပလတ်စတစ်ဇွန်း
♦ ဆပ်ပြာပြုလုပ်မယ့် ပုံစံခွက် Mold
..

ပြုလုပ်နည်း

ပထမအဆင့်


♦ စားပွဲဇွန်းနှစ်ဇွန်းစာ အုတ်စပါးကို ကြိတ်စက်နဲ့ မှုန့်ညက်နေအောင် ကြိတ်ပါ။

ဒုတိယအဆင့်


♦ Goats Milk Soap ဘူးထဲက တစ်ဝက် (တစ်ပေါင်စာ)ကို ဓားနဲ့ အတုံးလေးတွေ လှီးပြီး Measuring Cup ထဲမှာထည့်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၃၀ ခန့် အပူပေးပါ။ နောက်ထပ် စက္ကန့် ၃၀ ထပ်အပူပေးပြီး အရည်ပျော်အောင် ပြုလုပ်ပါ။ အပူချိန် အရမ်းမမြင့်ပါစေနဲ့။ အမြှုပ်တွေ ထွက်လာနိုင်တာကြောင့် ဂရုတစိုက် စောင့်ကြည့်နေပါ။ အရည်ပျော်လာတဲ့ ဆပ်ပြာတွေကို ပလတ်စတစ်ဇွန်းနဲ့ ကောင်းမွန်စွာ မွှေပေးပါ။

တတိယအဆင့်


♦ အဲဒီအရည်ပျော်အောင် ပြုလုပ်ထားတဲ့ ဆပ်ပြာရည်ထဲ ခုနက အမှုန့်ကြိတ်ထားတဲ့ အုတ်စပါးမှုန့်နဲ့ ပျားရည် စားပွဲဇွန်း နှစ်ဇွန်းစာကို ထည့်ပြီး သမအောင် မွှေပေးပါ။ မွှေနေစဉ်မှာ ဆပ်ပြာအရောင်ဆီ အ၀ါ ခြောက်စက်၊ အနီ နှစ်စက်ကို ထည့်ကာ အမြှုပ်ထလာတဲ့အထိ မွှေပေးပါ။

စတုတ္ထအဆင့်


♦  လှလှပပဆပ်ပြာခဲလေးတွေ ရရှိစေဖို့ ဆပ်ပြာပြုလုပ်မယ့် ပုံစံခွက် mold နှစ်ခွက်ထဲ အုတ်စပါး စားပွဲဇွန်းတစ်ဝက်စာစီ ဖြန့်ထည့်ပါ။  ပြီးရင် ခုနက ပြုလုပ်ထားတဲ့ ပျော်ရည်ကို mold နှစ်ခုထဲ တစ်ဝက်စီ ခွဲထည့်လိုက်ပါ။ mold ကို ဆပ်ပြာရည်တွေ ထည့်ပြီးတဲ့အချိန်မှာ လုံးဝမရွှေပါနဲ့။ မထည့်ခင်ကတည်းက ရွှေ့ချင်တဲ့နေရာကို တစ်ခါတည်း ရွှေ့ထားပါ။ အဲဒီ mold ထဲက ဆပ်ပြာတွေ ခဲသွားစေဖို့ အေးမြတဲ့နေရာမှာ နာရီပေါင်းများစွာ ထားပါ။

ပဉ္စမအဆင့်


♦ mold ထဲက ဆပ်ပြာတွေ ခဲသွားပြီဆိုရင်တော့ အပြင်ကို ထုတ်လိုက်ပါ။ သင်ပြုလုပ်ထားတဲ့ ဆပ်ပြာခဲကို သူငယ်ချင်း၊ မိသားစုဝင်တွေကို လက်ဆောင်ပေးချင်တယ်ဆိုရင် ဒီလိုစက္ကူလေးနဲ့ပတ်ပြီး ပိုးကြိုးလေးချည်လို့လည်း ပေးလို့ရပါပြီ။

♥  ဆူးမြာ  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *