ဘယ်လို ဒေါသမျိုးပဲဖြစ်ဖြစ် အချိန်ကာလ ကြာရှည်ပြီး နာတာရှည် ဖြစ်လာရင်တော့ နှလုံးမှ သွေး၊ အောက်ဆီဂျင်မရလို့ နှလုံးကြွက်သားတွေ သေဆုံးပျက်စီးတာနဲ့ ဦးနှောက်ကသွေးရရှိတာ နည်းစေလို့ ဦးနှောက်တစ်သျူးတွေ ရုတ်တရက် ပျက်ယွင်းတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေပြီး စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းတာတွေ ဖြစ်နိုင်တဲ့အပြင် လူ့သက်တမ်းကိုပါ တိုစေနိုင်ပါတယ်။
စိတ်တိုဒေါသ ထွက်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဒီလို အခိုက်အတန့်ကိုလည်း လူတိုင်း ကြုံတွေ့ဖူးကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ဖြစ်ဖြစ ထိခိုက်အနာတရ ဖြစ်တဲ့အခါ၊ ကြိုးစားထားတာတွေ အချည်းနှီး ဖြစ်သွားတဲ့အခါ၊ သစ္စာဖောက်ခံရတဲ့အခါ၊ ကျရှုံးတဲ့အခါ၊ မျှော်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ၊ ပျက်စီးဆုံးရှူံးမှုတွေ ကြုံရတဲ့အခါ၊ မနာလိုဝန်တိုဖြစ်တဲ့အခါ၊ စော်ကားမော်ကား ပြောဆိုခံရတဲ့အခါ၊ ကဲ့ရဲ့ပျက်ရယ်ပြုခံရတဲ့အခါ စတာတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။
ဒါပေမဲ့ ဒေါသဟာ ကျန်းမာရေးအတွက် အဆိပ်ဖြစ်စေနိုင်တာကို သတိပြုပြီး ဒေါသပြေလျော့သွားအောင် အောက်ပါနည်းလမ်း (၁၈) ချက်နဲ့ အရင် ကြိုးစားကြည့်ပါ။
(၁) စိတ်တိုလာပြီလို့ ခံစားမိတာနဲ့ အသက် ဝအောင်ရှူပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ပြေလျော့စေမယ့် စကားတိုလေးတွေကို အသက်ရှူသွင်း လုပ်နေတုန်းမှာ ထပ်ခါ တလဲလဲ ပြောပေးပါ။
(၂) နာရီကြည့်ပြီး အနည်းဆုံး ၂ မိနစ် လောက်နေပြီးမှ ဆုံးဖြတ်ပါ။
(၃) ဒေါသထွက်နေတုန်း စကားအမှားတွေ ပြောမိတတ်တဲ့အတွက် ပါးစပ်က ဘာစကားမှ မပြောမိခင်မှာ ပြောသင့် မသင့်ကို အရင်စဉ်းစားမိအောင် ကြိုးစားပါ။
(၄) အကောင်းဘက်ကနေ ဖြည့်တွေးပေးပါ။
(၅) ကိုယ်ချင်းစာစိတ် မွေးကြည့်ပါ။
(၆) ခွင့်လွှတ်ပေးနိုင်စွမ်းကို တတ်နိုင်သလောက် မွေးမြူပါ၊
(၇) စိတ်ငြိမ်သွားပြီဆိုရင် ကိုယ်ဘာကြောင့် ဒေါသထွက်ရတာလဲ ဆိုတာကို ပြန်လည်ဆန်းစစ်ပြီး ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။
(၈) သင်ယုံကြည်ရတဲ့ သူကို ဖွင့်ပြောတိုင်ပင်ပါ။
(၉) ဒီလို စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့နေရတာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိထားပါ၊
(၁၀) စိတ်တိုဒေါသ ထွက်နေတဲ့ ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်ကြည့်ပါ။
(၁၁) ရယ်စရာ ဟာသတွေနဲ့ စိတ်ကို ပြေလျော့အောင် ကြိုးစားကြည့်ပါ။
(၁၂) သီချင်းနားထောင်ပါ။
(၁၃) နာရီဝက်လောက် စက်ဘီး ပတ်စီးလိုက်ပါ။
(၁၄) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးပါက တင်းမာမှုတွေ ပြေလျော့ပြီး စိတ်ပျော်စေတဲ့ ဟော်မုန်းတွေ ထွက်လာမှာပါ၊
(၁၅) အိပ်ရေးဝအောင် အိပ်စက် အနားယူပါ။
(၁၆) ရက်တိုအားလက်ရက် ယူလိုက်ပါ။
(၁၇) စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာအရက်သေစာနဲ့စိတ်ကြွဆေးတွေ မသုံးပါနဲ့။
(၁၈) ဒေါသစိတ် ဖြစ်နေရတာ တန်ရဲ့လားလို့ စဉ်းစားပါ။
ထူးဒါလီကိုကို (MPharm)