နာတာရှည်ရောဂါ မဖြစ်အောင် ဒီ ငါးသွယ် ကိုဆောင်

ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ဘဝပုံစံ အတိုင်းနေထိုင်တာက သွေးတွင်းကိုလက်စတရောပမာဏမြင့်တက်တာ ဒါမှမဟုတ် သွေးတွင်းသကြားပမာဏ များတာကြောင့် ဖြစ်တဲ့ ကိုယ်တွင်းပျက်စီးမှုကို နှေးကွေးစေတာ ဒါမှမဟုတ် ပြန်လည်ကောင်းမွန်တာတောင် ဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ၊ အဝလွန်တာ၊ ကင်ဆာရောဂါ၊နာတာရှည်အဆုတ် အားနည်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စတရောများတာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် အောက်ဖော်ပြပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် မှု ပုံစံ ကိုလိုက်နာရပါမယ်။

ဒီနာတာရှည်ရောဂါ ဖြစ်တာရဲ့ ၈၀% က ဘဝနေထိုင်မှုပုံစံကြောင့်ပါ။

#ဟင်းသီးဟင်းရွက်များများစားပါ
ဟင်းသီးဟင်းရွက်ကို အသားပေးပြီး ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံးတာက ဆီးချို၊နှလုံးရောဂါနဲ့ ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ဆန်လုံးညို ဒါမှမဟုတ် အညိုရောင်ပေါင်မုန့်၊ ငါး၊ သံလွင်ဆီနဲ့ အခွံမာသီး တွေပါဝင်တဲ့ မြေထဲပင်လယ် အစားအသောက်ကို စားသုံးတာက နှလုံးသွေးကြောရောဂါနဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေလျော့ကျနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
တစ်ခြားလေ့လာမှုအရလည်း သတ်သတ်လွတ်စားသုံးတာက အစားအစာကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောပိတ်ရောဂါ အပါအဝင် နာတာရှည်ရောဂါတွေတောင် ပြန်လည် ကောင်းမွန် နိုင်တယ်လို့ သိရပါတယ်။

#ကာယလှုပ်ရှားမှုပြုလုပ်ပါ
လှုပ်လှုပ်ရှားရှား နေတာက ကိုယ်တွင်းကစနစ်အားလုံးအတွက် အကျိုးရှိပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၁ နာရီ ခွဲလောက် လမ်းမြန်မြန်လျှောက်တာလိုမျိုး လှုပ်ရှားမှုတွေပြုလုပ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ တစ်ကြိမ် ၁၀ မိနစ်လောက် နဲ့တစ်နေ့ နှစ်ကြိမ်လမ်းလျှောက်ပြီးနောက် တစ်ဖြည်းဖြည်းနဲ့ခပ်မြန်မြန် လျှောက်နိုင်အောင် လေ့ကျင့်ပါ။
ကိုဗစ်ကာလမှာ တိုက်ခန်းထဲမှာပဲ နေရလို့ လမ်းထွက်မလျှောက် နိုင်ရင် ကာယလေ့ကျင့်ခန်း တစ်မျိုးမျိုး ပြုလုပ်ပါ။

#အိပ်ရေးဝအောင်အိပ်ပါ
ညစဉ် ၇-၉ နာရီခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်
– အိပ်ချိန်နဲ့ နိုးချိန်ကို နေ့တိုင်းတူညီအောင်ထားပါ။ ရုံးမတက်ရလို့ နောက်ကြမှထတာ၊ ရုပ်ရှင်ဇတ်လမ်းတွဲက ကောင်းခန်းရောက်နေလို့ နောက်ကြမှ အိပ်ရာဝင်တာမျိုး မပြုလုပ်ပါနဲ့။
– နေ့ခင်းပိုင်း မှာ လှုပ်လှုပ်ရှားရှားနေပါ။
– ကဖင်းနဲ့ အရက်လျော့သောက်ပါ။
– အိပ်ရာ မဝင်ခင် တစ်နာရီ အလိုမှာ ဖုန်း မကြည့်ပါနဲ့။
– သင့်အိပ်ခန်းက မှောင်ပြီး အေးနေကာ သက်တောင့်သက်သာ ရှိရပါမယ်။

#စိတ်ဖိစီးမှုကိုလျော့ချပါ
ဖိစီးမှုများတာကြောင့် ကိုယ်တွင်းခုခံစွမ်းအား လျော့ကျသွား နိုင်ပါတယ်။
ဖိစီးမှုကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းဖို့ အသိရှိတာ၊ တရားထိုင်တာနဲ့ ကျေးဇူးတင်တာ မျိုးတွေကို ပြုလုပ်ပါ။

အသိရှိတာ ဆိုတာက သင်ခုလုပ်နေတာတွေ၊ သင့်မှာ ဖြစ်နေတာတွေအားလုံးကို သင့်စိတ်ကသိနေရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်းပြုလုပ်ပါ။
– ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာ သင် အသက်ရှူတဲ့ အခါမှာ သင့်ဝမ်းဗိုက် ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်တာ၊ နှာသီးဝက လေ အဝင်အထွက် စတဲ့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပါ။ပုံမှန်အတိုင်း အသက်ရှူနေရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ၅ မိနစ်နဲ့ စတင်အကျင့်လုပ်ပြီး မိနစ်၂၀ ခန့် အထိ ပြုလုပ်ပါ။
– သင့် တစ်နေ့တာလုံးရဲ့ လှုပ်ရှားမှု ကို အာရုံ စိုက်ပါ။ ဥပမာ သွားတိုက်နေရင် သွားတိုက်နေတာကို သိနေဖို့ ( ပိုသတိထားမိအောင် သင်မသန်တဲ့ ဘက်ကလက်နဲ့ သွားတိုက်ပါ)၊ အမှိုက်ပစ်တာ၊ ပန်းကန်ဆေးတာ ဒါမှအဟုတ် မီးပွိုင့် စိမ်းဖို့ စောင့်နေစဉ်မှာ အသက်ရှူတာအပေါ် အာရုံစိုက်တာ မျိုးကို ပြုလုပ်ပါ။

တရားထိုင်တာက အသိရှိတာနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တစ်ခါမှ တရား မထိုင်ဘူးသူတွေက ၄ x၄ အသက်ရှူနည်းနဲ့ စတင်လေ့ကျင့်ပါ။
– ဆိတ်ငြိမ်တဲ့နေရာမှာ ကိုယ်ကို ဖြေလျော့ပြီး မတ်မတ်ထိုင်ပါ။
– အဆုတ်ထဲကလေတွေ အကုန်ထွက် သွားတယ်လို့ သတိမှတ်ပြီး ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။
– စိတ်ထဲက တစ်ကနေ လေးအထိမှတ်ပြီး နှာခေါင်းကတစ်ဆင့် လေရှူသွင်းပါ။ ဒီလေတွေက အဆုတ်နဲ့ အစာအိမ်ဆီ အပြည့်ရောက်သွားတယ်လို့ မြင်ကြည့်ပါ။
– တစ်မှ လေးအထိမှတ်ပြီး အသက်အောင့်ထားပါ။
– တစ်မှ လေးအထိ ပြန်မှတ်ပြီး အသက်ရှူထုတ်ပါ။
– တစ်မှလေး အထိမှတ်ပြီး အသက် ပြန်အောင့်ပါ။
– အစကနေ ပြန်လုပ်ပါ။
– ၄ x ၄ မလုပ်နိုင်ရင် ၃ x ၃ နဲ့ ပြုလုပ်နိုင်ပါတယ်။
– တစ်ကြိမ်ကို ၅ မိနစ်နဲ့ စတင်ပြုလုပ်ပြီး တစ်နေ့ကို မိနစ် ၂၀ လောက် ရအောင် ပြုလုပ်ပါ။

ကျေးဇူးတင်တတ်တာကလည်း စိတ်ဖိစီးမှုကို လျော့ကျနိုင်တဲ့ နည်းလမ်းတစ်ခုပါ။အခုလို ကိုဗစ်ကာလမှာ အားတက်သရော အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတသမားတွေ၊ အလှူပေးနေတဲ့ ပုဂ္ဂိုလ်တွေ အစရှိတဲ့ ကျေးဇူးတင်ထိုက်သူတွေအားလုံးကို ကျေးဇူးတင်ပါ။ သာဓုခေါ်ပါ။

#မိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆက်အသွယ်ပြုလုပ်ပါ
ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရလို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဝေးနေပြီလို့ မထင်လိုက်ပါနဲ့ ။ လူတိုင်းမှာ လက်ကိုင်ဖုန်းတွေ ရှိကြပါတယ်။ ဖုန်းနဲ့စကားပြောတာ၊ chatting လုပ်တာ နဲ့ video call ခေါ်တာတွေ ပြုလုပ်နေရင် အဆက်အသွယ် ပြတ်မှာ မဟုတ်တော့ပါဘူး။

အားလုံးကျန်းမာချမ်းသာကြပြီး ကိုဗစ်အန္တရာယ် မှ ကင်းလွတ်နိုင်ကြပါစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal