ပွန်းပဲ့ ၊ပြတ်ရှဒဏ်ရာ ပြုစုနည်း မှန်ကန်ပါရဲ့လား။

ကိုဗစ်ကြောင့် အိမ်မှာပဲနေရတဲ့ ကာလမှာ မတော်တဆ လိမ့်ကျတာကြောင့် ပွန်းပဲ့ဒဏ်ရာ ဒါမှမဟုတ် လက်ဓါးထိ တာလိုမျိုး ဖြစ်ခဲ့ရင် ဆေးရုံ ဆေးခန်းသွားဖို့ အခက်အခဲရှိနိုင်တာမို့ မိမိအိမ် မှာပဲ ရှေးဦးသူနာပြုလုပ်ရာမှာ ဖြစ်တော့မှာမို့ မိမိပြုလုပ်တဲ့ နည်းလမ်းက မှန်ကန်မှု ရှိ မရှိ သိနိုင်အောင် ဖော်ပြ လိုက်ပါတယ်။

၁။ အနာကို အရက်ပြန် ဒါမှမဟုတ် ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်နဲ့ မဆေးကြောရပါ။
ဒဏ်ရာကို ပိုးသန့်စင်အောင် အရက်ပြန် ဒါမှမဟုတ် ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် နဲ့ ဆေးကြောတာမျိုး ပြုလုပ်တာက ဒဏ်ရာကတစ်သျှူးပျက်စီးနိုင်ပြီး အနာကျက်နှေး နိုင်ပါတယ်။ ဒဏ်ရာကို သန့်စင်ဖို့ ရေဘုံဘိုင် က ကျဆင်းလာတဲ့ ရေနဲ့ ဆေးကြောပါ။ဒဏ်ရာက သဲ၊ ဖုန်နဲ့ ပိုးတွေ ကင်းစင်အောင် ရေနဲ့ အနည်းဆုံး ၅ မိနစ်ခန့် ဆေးကြောရပါမယ်။
ဒဏ်ရာက နက်ပြီး ကြီးလို့ ဆက်တိုက် သွေးထွက်နေရင်တော့ အရေးပေါ်ဌာန ကို သွားပြပါ။

၂ ။ အနာက အစိုဓာတ်ရှိနေရပါမယ်။
အနာက စွတ်စိုမှု ရှိမှသာ အနာကျက် မြန်ပြီး အနာနဲ့ ပတ်တီးက အရမ်းကပ် မနေတော့ မှာပါ။ အနာထဲပိုး မဝင်အောင် အနာကို ရေနဲ့သေချာသန့်စင်ပြီး Tetra မျက်စဉ်းညှစ်ဆေးလိုမျိုး antibiotic cream တစ်မျိုးမျိုးကို ပါးပါးလေး လိမ်းထားပေးပါ။

၃ ။ အနာကို ဖုံးအုပ်ထားပါ။
အနာကို ပတ်တီးဒါမှမဟုတ် ပလပ်စတာနဲ့ ဖုံးအုပ်ထားရပါမယ်။ ဒါမှ ဖုန်၊ သဲနဲ့ ပိုးမွှားတွေ မဝင်နိုင်တော့တဲ့ အပြင် အဝတ်နဲ့ ပွတ်တိုက်မှုလည်း မဖြစ်နိုင်တော့တဲ့ အတွက် အနာကျက် မြန်နိုင်ပါတယ်။ ပတ်တီးနဲ့ မဖုံးအုပ်ခင် အနာကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပါ။

၄ ။ ပလပ်စတာကို ဖြည်းဖြည်းသာခွာပါ။
အနာပေါ်က ပလပ်စတာကို ခပ်ဆတ်ဆတ်လေးဆွဲခွာရင် အနာဖေး ဖတ်ပါကွာ သွားနိုင်တာကြောင့် အနာပြန်ပွင့် သွားပါလိမ့်မယ်။ အနာနဲ့ ပတ်တီးက ကပ်နေလို့ ခွာရခက်ခဲနေရင် အနာဖေး ပျော့ပြောင်းသွားအောင် ရေနွေးနဲ့ ဆွတ်ပေးပါ။

၅ ။ ရေနွေးပူလောင်ဒဏ်ရာပေါ် ထောပတ် မလိမ်းပါနဲ့။
ရေနွေးပူလောင်တဲ့ ဒဏ်ရာပေါ် ထောပတ်လိမ်း ဒါမှမဟုတ် ရေခဲတုံး ကပ်တာက ဒဏ်ရာက တစ်သျှူး ပိုပြီး ပျက်စီးနိုင်ပါတယ်။ အပူလောင် ဒဏ်ရာကို ဘုံဘိုင်ခေါင်းက ကျဆင်းလာတဲ့ ရေနဲ့ နာကျင်တာ သက်သာတဲ့အချိန်ထိ ဆေးကြောရပါမယ်။ အပူလောင်ဒဏ်ကြောင့် ဖြစ်လာတဲ့ အရည်ကြည်ဖုတွေ အကာအကွယ် ရအောင် ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ ဖုံးအုပ်ထားပါ။ ဖြစ်နိုင်ရင် Sofra-tulle ( ပိုးသေဆေး အဆီပါသောgauze ) နဲ့ ဖုံးအုပ်ပါ။

ဒေါက်တာခင်မိုးမိုး

 

Post Author: Good Health Journal