ငိုလိုက်မှ ပျောက်ကင်းနိုင်သော ကျန်းမာရေးပြဿနာများ

လေ့လာမှုအများအပြားအရ အမေရိကန်မှ အမျိုးသမီးတွေက တစ်လကို ၃ ဒသမ ၅ ကြိမ်ခန့် ငိုကြပြီး အမျိုးသားတွေက တစ်လကို ၁ ဒသမ ၉ ကြိမ် ငိုတယ်လို့ သိရပါတယ်။ ငိုတာက စိတ်ဓာတ်ပျော့ညံ့တယ်လို့ လူအများက သတ်မှတ်ကြပေမယ့် ဝမ်းနည်းတဲ့အခါမှာ မျက်ရည်ကို အောင့်မထားဘဲ ငိုသာငိုချလိုက်ပါလို့ ကျွမ်းကျင်သူ တွေက အကြံပေးထားပါတယ်။ ငိုတာက သင်ထင်ထားတာထက် ကျန်းမာရေးအတွက် အောက်ပါ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းနိုင်ခြင်း
စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ငိုချလိုက်တာက စိတ်ဖြေလျှော့မှုရရှိနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။ ငိုတာက အာရုံကြောစနစ်ရဲ့ မသိစိတ်ကို လှုံ့ဆော်မှုပေးတာကြောင့် ဦးနှောက်ကို အေးချမ်းမှုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။

သွေးဖိအားကျဆင်းနိုင်ခြင်း
သွေးဖိအားမြင့်တက်တာ၊ သွေးတိုးရောဂါကြောင့် လေဖြတ်တာ၊ နှလုံးတိုက်ခိုက် ခံရတာ၊ နှလုံးအလုပ်မလုပ်တာနဲ့ ကျောက်ကပ်ပျက်စီးတာလိုမျိုး ဆိုးရွားတဲ့ကျန်းမာ ရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ငိုတာကြောင့် သွေး ဖိအားကို ကျဆင်းနိုင်ရုံသာမက သွေးဖိအားပုံမှန်ဖြစ်အောင်လည်း ကူညီနိုင်တယ်လို့ သိရပါတယ်။

အဆိပ်အတောက်များဖယ်ထုတ်ပစ်နိုင်ခြင်း
ငိုတာကြောင့် ကျလာတဲ့မျက်ရည်ထဲမှာ ဖုန်မှုန့်တွေ၊ ဆေးလိပ်ငွေ့တွေ၊ မျက်ချေး တွေ ပါဝင်သွားပါတယ်။ ဒါ့အပြင် ငိုလိုက်တဲ့အခါမှာ မျက်ရည်တွေက စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်ထဲမှာ စုစည်းနေတဲ့အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါ တယ်။ ဒီလိုအဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်း ကော်တီ စောပမာဏလျော့ကျသွားပြီး စိတ်လက်ပေါ့ပါးသွားနိုင်ပါတယ်။

စိတ်ခံစားမှုအပြောင်းအလဲကို ဖယ်ရှားနိုင်ခြင်း
သင့်အနေနဲ့ ဒေါသဖြစ်လိုက်၊ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေတာက စိတ်ခံစားချက်အပြောင်းအလဲဖြစ်တာကြောင့်ပါ။ စိတ်ခံစားမှုတွေ ပြောင်းလဲရတဲ့အကြောင်းရင်းတစ်ခုက ခန္ဓာကိုယ်အတွင်း မဂ္ဂနိစ်တွေ စုဆောင်းမှု များနေတာကြောင့်ပါ။ ငိုချလိုက်တဲ့အခါမှာ ကိုယ်ထဲမှာ ပိုလျှံနေတဲ့ မဂ္ဂနိစ်တွေက မျက်ရည်နဲ့အတူ ထွက်ကျသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က တည်ငြိမ်အေးချမ်း သွားပြီး အာရုံစူးစိုက်မှုကောင်းမွန်သွားနိုင်ပါတယ်။

နာကျင်မှုပျောက်ကင်းနိုင်ခြင်း
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နာကျင်လွန်းတဲ့အခါမှာ မျက်ရည်တွေက အလိုအလျောက် ထွက်ကျလာတတ်ပါတယ်။ ခန္ဓာကိုယ်က နာကျင်မှုကို သဘာဝနည်းလမ်းအတိုင်း လျှော့ချပေးလိုက်တာပါ။ သုတေသီတွေကတော့ စိတ်ခံစားမှုကြောင့် ကျလာတဲ့ မျက်ရည်တွေကြောင့် ခန္ဓာကိုယ်တွင်း အောက်ဆီတိုစင်နဲ့ အင်ဒိုဖင်တွေထွက်ရှိလာ တယ်လို့ဆိုပါတယ်။ ဒီဓာတုပစ္စည်းတွေက လူရဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး နာကျင်မှုဝေဒနာကို သက်သာနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal