Inflammation Fighting Bath Salts

(ရောင်ရမ်းမှုလျော့ကျစေမယ့် ရေချိုးဆားပြုလုပ်နည်း)
………………..

ရေချိုးတဲ့အခါမှာ ရေနွေးစိမ်ပြီး ချိုးပေးတာက စိတ်ဖိစီးမှုတွေလျော့ကျစေဖို့ ကူညီပေးပါတယ်။ ဒီလိုရေနွေးစိမ်ပြီး ချိုးချိန်မှာ အခုဖော်ပြပေးမယ့် Inflammatory Salt ကို ထည့်ပြီး ချိုးလိုက်ရင်တော့ တကယ့်ကို ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့စေတဲ့အတွက် စိတ်လက်ကြည်လင်လန်းဆန်းစေနိုင်ပါလိမ့်မယ်။ ဒီထဲမှာ ထည့်ရတဲ့ ပါဝင်ပစ္စည်းတွေကလည်း သင့်အရေပြားကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

ပင်လယ်ဆားကြမ်းဟာ ၀က်ခြံလျော့ကျစေနိုင်တာ၊ အသားအရေထိန်းညှိပေးတာ၊ ကြေးချွတ်သန့်စင်ပေးတာ၊ ဆိုရီယေးစစ်နဲ့ နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေတာ၊ အရေးကြောင်းလျော့ပါးစေတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဆယ်လူလိုက်တွေကို ဖယ်ရှားပေးတာ၊ အရေပြားကို နူးညံ့ချောမွေ့စေတာ၊ ခြေဖနောင့်ကွဲတာတွေကို ကောင်းမွန်စေတာ၊ လက်သည်းခြေသည်းတွေကို တောက်ပြောင်စေတာနဲ့ ချွေးပေါက်တွေကို သန့်စင်ပေးတာလိုမျိုး ကောင်းကျိုးများစွာ ရှိပါတယ်။ ဒါ့အပြင် လက်ချားဟာလည်း အရေပြားကို ကြေးချွတ်သန့်စင်ပေးပါတယ်။

မုန့်ဖုတ်ဆော်ဒါက အသားအရေကို အစိုဓာတ်ထိန်းပေးပြီး လင်းလက်တောက်ပစေတာ၊ နေလောင်ဒဏ်ရာနဲ့ ကြွက်သားနာကျင်တာကို သက်သာစေပါတယ်။

လိုအပ်တာတွေက ..


♦ မုန့်ဖုတ်ဆော်ဒါ – ၁၇၀ ဂရမ်
♦ လက်ချား – ၁၁၃ ဂရမ်
♦ ပင်လယ်ဆား – ၅၇ ဂရမ်
♦ Bergamot Essential Oil ခေါ် ရှောက်ဘီလူးရနံ့ဆီ – ၁၂ စက်ခန့်
♦ စပါးလင်ရနံ့ဆီ – ၁၅ စက်ခန့်
♦ စပါးလင်ပင်ခြောက် – စားပွဲဇွန်း တစ်ဇွန်း

ပြုလုပ်နည်း


♦ ပန်းကန်လုံးတစ်ခုထဲ မုန့်ဖုန့်ဆော်ဒါထည့်ပါ။
♦ အဲဒီထဲကို ပင်လယ်ဆားနဲ့ လက်ချားရောထည့်ကာ နှံ့စပ်သွားအောင် မွှေပါ။
♦ ပြီးရင် အဲဒီထဲကို စပါးလင်ပင်ခြောက်ကို ထည့်မွှေပြီး အပေါ်ကနေ ပင်လယ်ဆားတစ်ထပ် ထပ်ထည့်ပါ။
♦ Bergamot Essential Oil နဲ့  စပါးလင်ရနံ့ဆီကို ထပ်ပေါင်းထည့်ပြီး အတူတကွ blend လုပ်ပါ။
♦ သင်ရောနှောထားတာတွေ ရနံ့သင်းပျံ့လာတဲ့အထိ ထိထိမိမိမွှေပေးပါ။ အခုဆိုရင် Inflammation Fighting Bath Salts ကို ရရှိပါပြီ။
♦ ဖန်ပုလင်းတစ်လုံးထဲကို သင် အခုပြုလုပ်ထားတဲ့ ရေချိုးဆားကို ထည့်ပြီး အဖုံးလုံလုံပိတ်ကာ သိမ်းဆည်းပါ။ တခြားပုလင်းတွေနဲ့ ရောကုန်မှာ စိုးလို့ ပုလင်းမှာ နာမည်တပ်ချင်ရင်တော့ နှစ်သက်ရာအရောင်စက္ကူငယ်တစ်ခုမှာ Inflammation Fighting Bath Salts လို့ ရေးကာ ကော်နဲ့ ကပ်ပေးလိုက်ပါ။

Tips!
♦ သင်ရေနွေးစိမ်မယ့် ရေချိုးကန်ထဲကို ရေချိုးဆား စားပွဲဇွန်း နှစ်ဇွန်းစာထည့်ပါ။ စားပွဲဇွန်း နှစ်ဇွန်းစာအပြင် ပိုမသုံးမိပါစေနဲ့။
♦ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ဒီဆားကို အသုံးပြုပြီး ရေနွေးစိမ်ပေးနိုင်ပါတယ်။
ဒီလိုအသုံးပြုတာကြောင့် ကြွက်သားနာကျင်နေတာတွေ သက်သာစေပြီး စိတ်အပန်းပြေကာ လန်းဆန်းစေပါလိမ့်မယ်။

♥  ဆူးမြာ  ♥

(Good Health Journal 682)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *