“ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးရမှာ ကြောက်နေပြီလား – ဒေါက်တာစိမ့်”

ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေးကို ထိုးကြဖို့အတွက် ရေးခဲ့ပေမယ့် ဒီကာကွယ် ဆေးကိုထိုးအပြီးမှာ ရှမ်းပြည်နယ် ပင်လောင်းမြို့မှာရှိတဲ့ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦး ၁၅-၁၁-၂၀၁၇နဲ့ ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ်က ခုနစ် နှစ်အရွယ် ကလေးတစ်ဦး (၂၀-၁၁-၂၀၁၇)အသက်ဆုံးရှုံးတယ်ဆိုတဲ့ သတင်း တွေနဲ့အတူ ဒါဟာ ကာကွယ်ဆေးကြောင့်ဆိုတဲ့ ကောလာဟလတွေ ပျံ့ထားတယ်ဆိုတော့ ကာကွယ်ဆေးဆက်မထိုးရဲဘဲ ဖြစ်နေကြ မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးလို့ ဘေးထွက်ဆိုးကျိုးခံစားရမှာနဲ့ ကာ ကွယ်ဆေးမထိုးလို့ ဦးနှောက်ရောင်ရောဂါကြောင့် ရေရှည် မသန်စွမ်းဖြစ်မှာ၊ အသက် ဆုံးရှုံးမှာ ဘယ်သင်းကပိုလဲဆိုတာ သိရှိနား လည်ထားဖို့ လိုပါတယ်။ ဒါမှလည်း မိဘတွေ အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ပေးလို့ ရမှာပါ။

 

ကမ်္ဘာနဲ့ချီပြီး ပြောရရင်တော့ နှစ်စဉ် ၆၈၀၀၀ လောက်ဟာ ဂျပန်ဦးနှောက်ရောင် ရောဂါကိုခံစားနေရပြီး မြန်မာနိုင်ငံမှာဆိုရင် နှစ်စဉ် လူပေါင်း ၃၀၀၀ ကနေ ၆၀၀၀ အထိ ရောဂါဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ လက်တွေ့မှာတော့ ဒီထက်တောင်ပို များနိုင်ပါသေးတယ်။ ရှေ့အပတ်ကဖော်ပြ ထားသလိုပါပဲ။ ရောဂါလက်္ခဏာဟာသိပ်ပြ လေ့မရှိဘဲ သိသာထင်ရှားလာခဲ့ရင်လည်း ၃၀ရာခိုင်နှုန်းလောက်က အသက်သေဆုံးရပါ တယ်။ အသက်မသေဘဲရှင်ကျန်ရစ်ခဲ့ရင် လည်း နာတာရှည်ကိုယ်လက်အင်္ဂါ မသန်စွမ်း တာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉဏ်ပိုင်း ဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပြီး ကလေးမှာလူ ဖြစ်ရှုံးပါလိမ့်မယ်။

 

မြန်မာနိုင်ငံမှာ ဦးနှောက်အမြှေးပါး ရောင်ရောဂါဖြစ်ပွားတာတွေရဲ့ သုံးပုံတစ်ပုံ ဟာ ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ဖြစ် ပါတယ်။ အသက် ငါးနှစ်အောက်ကလေးတွေ သေဆုံးရခြင်းရဲ့တတိယမြောက်အများဆုံး အကြောင်းရင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၅နှစ်အောက်ကလေးတွေ မသန်စွမ်းရခြင်း ရဲ့အဓိကအကြောင်းရင်းတရားခံလည်း ဖြစ် ပါတယ်။ ဒါကြောင့် အင်မတန်ကြောက်ဖို့ ကောင်းတဲ့ရောဂါလို့ ပြောကြတာပါ။ ကျွန်မ တို့ မြန်မာနိုင်ငံမှာနိုင်ငံအနှံ့အပြားဘယ် ဒေ သမှာမဆို ဖြစ်ပွားနိုင်ခြေရှိပြီး အချိန်ကာလနဲ့ ပြောရမယ်ဆိုရင် မေလကနေ အောက်တို ဘာအတွင်း တွေ့ရတတ်ပေမယ့် တစ်နှစ် ပတ်လုံးဖြစ်ပွားနေတာကိုလည်း မြင်ရပါ တယ်။ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တော့ outbreak ဖြစ်ခဲ့ဖူးပြီး တခြားတိုင်းနဲ့ ပြည်နယ်ဒေသတွေမှာလည်း လူနဲ့တိရစ္ဆာန် တွေကို စစ်ဆေးတဲ့အခါ ဒီပိုးကိုတွေ့ခဲ့ရပါ တယ်။

 

ဒီလောက်ဆိုရင်တော့ ကာကွယ်ဆေး ထိုးဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ နား လည်လောက်မယ်ထင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ကိုယ့် ကလေးမှာ တစ်စုံတစ်ခုကိုထိခိုက်သွားမှာ ကြောက်နေကြဦးမယ်ဆိုတာလည်း ခန့်မှန်းမိ ပါတယ်။ ဒီတော့ ကာကွယ်ဆေးရဲ့သဘာဝ အကြောင်းအရင်ပြောပြပါမယ်။ ဒီကာကွယ် ဆေးက ဗိုင်းရပ်စ်ပိုးကို ဓာတ်ခွဲခန်းထဲမှာ ဓာ တုပစ်္စည်းနဲ့သတ်ကပြီးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Protamine Sulfate ဓာတ်ဖြစ် ပြီး Gelatin, Gentamycin, Human Serum Albumin, Sucrose, Cadamide စတာတွေပါဝင်ပါတယ်။ သူသည် Dose နှစ်ခါထိုးရတယ်။ ပထမတစ်ကြိမ်ထိုးအပြီး ၂၈ ရက်အကြာမှာ Booster ထပ်ထိုးရပါတယ်။ တချို့ကလည်း အပြင်ဆေးခန်းမှာနှစ်ကြိမ် တိတိထိုးပြီးပြီမို့ အခုထပ်ထိုးဖို့လိုဦးမလား မေးရင် ထိုးပြီးတဲ့နှစ်ကြိမ်နဲ့တင်လုံလောက် တာမို့ ထပ်မထိုးရင်လည်းရပါတယ်။ ထပ်ထိုး ထားရင်တော့ ပို safe ဖြစ်တယ်လို့ပဲဆိုရ မယ်။

ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်လေးတွေကတော့

၁။ ဘယ်လိုလူတွေထိုးရမလဲ။

၂။ ဘယ်လိုလူတွေကမထိုးရဘူးလဲ။

၃။ ဆေးမထိုးခင်နဲ့ ဆေးထိုးအပြီးဘာ တွေလုပ်သင့်လဲ။

၎။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

၅။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြေက ဘယ်လောက်ရှိလဲဆိုတာ တွေပါပဲ။

 

၁။ ဘယ်လိုလူတွေ ထိုးရမလဲ။

အခု ကျွန်မတို့ဆီမှာ ကလေးတွေကို ထိုးပေးနေတဲ့ အသက်အပိုင်းအခြားတွေက တော့ ကိုးလကနေ ၁၅နှစ်ကလေးတွေပါ။ လူကြီးတွေမှာဆိုရင်တော့ endemic လို့ ခေါ်တဲ့ဦးနှောက်ရောင်ရောဂါဖြစ်ပွားတဲ့ အရပ်ဒေသတွေမှာနေထိုင်သူတွေ၊ ဒီအရပ် ဒေသတွေကို တစ်လထက်ပိုပြီးခရီးထွက်နေ ထိုင်မယ့်သူတွေ၊ တောင်တက်ခရီး၊ တော လမ်းခရီးတွေသွားမယ့်သူတွေစတဲ့ခြင်နဲ့ထိ တွေ့နိုင်ခြေရှိတဲ့သူတွေကတော့ ထိုးထား သင့်ပါတယ်။ ရက်တိုခရီးသွာတာလောက် ကတော့ ကာကွယ်ဆေးထိုးဖို့မလိုပါဘူး။

 

၂။  ဘယ်လိုလူတွေကမထိုးရဘူးလဲ။

အခုထိုးပေးတဲ့ SA 14-14-2 Vaccine ကိုအရင်တစ်ကြိမ်ထိုးခဲ့တုန်းက ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ခဲ့ဖူးသူတွေ၊ ကာကွယ် ဆေးမှာပါဝင်တဲ့ Gelatin, Gentamycin, Human Serum Albumin, Sucrose, Cadamide  တွေနဲ့ဓာတ်မတည့် တဲ့သူတွေ (Protamine Sulfate ဖြစ်ပေမယ့် Sulphur Allergy ရှိတဲ့သူတွေထိုးလို့ရပါတယ်။ နောက်ပြီးတော့ ဖျားနေတဲ့ကလေးတွေ၊ လတ်တလောကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေ၊ တီဘီရောဂါဖြစ်နေပြီးဆေးမ သောက်တဲ့ကလေးတွေ၊ တီဘီရောဂါဖြစ်ပြီး ဆေးသောက်ပေမယ့် နှစ်လမကျော်သေးတဲ့ ကလေးတွေ၊ နားအလယ်ခန်းရောင်ရမ်းနေ တဲ့ကလေးတွေ၊ Prednisolone, CHydrocortisone စတဲ့ steroid ဆေးတွေ သောက်နေ ထိုးနေရတဲ့ကလေးတွေ၊ ရောဂါကြောင့်ဖြစ် စေ၊ ဆေးကြောင့်ဖြစ်စေ၊ မွေးရာပါဖြစ်စေ ကိုယ်ခံအားကျဆင်းနေသူတွေ၊ AIDS ရော ဂါဖြစ်နေသည့်အပြင် ရောဂါလက္ခဏာတွေပါ ခံစားနေရတဲ့ကလေးတွေ (AIDS ဖြစ်ပြီး ရောဂါလက္ခဏာမပေါ်သေးရင်တော့ ထိုးပေး လို့ရပါတယ်)၊ ဆေးသောက်ပေမယ့် အတက် ရောဂါခဏခဏဖောက်လာတတ်တဲ့ကလေး တွေ (အတက်ရောဂါကို ဆေးနဲ့ထိန်းထားနိုင် ရင်တော့ ထိုးပေးလို့ရပါတယ်)၊ နာတာရှည် ရောဂါဝေဒနာဖြစ်နေတဲ့ကလေးတွေဆိုရင် တော့ ရက်ရွှေ့ဆိုင်းပြီးမှ ဆရာဝန်နဲ့တိုင်ပင် ပြီး ဆေးထိုးဖို့စီစဉ်ရပါမယ်။

ဒါကြောင့် ကိုယ့် ကလေးမှာ ဒီအချက်တစ်ခုခုနဲ့ငြိနေရင် ဆရာဝန်ကို ကြိုတင်အကြောင်းကြားထား သင့်ပါတယ်။ ကလေးကိုဆေးမထိုးခင်မှာ အစာအာဟာရသေချာကျွေးထားဖို့ လိုပါ တယ်။ ဆေးထိုးပြီးရင်လည်း ထိုးပြီးပြီးချင်း ချက်ချင်းမထသွားသေးဘဲ ၁၅မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်နေ၊ လှဲနေပြီးမှထပါ။ Delayed Hypersensitivity ခေါ်တဲ့ နည်း နည်းကြာမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေ ပေါ်လာတာမျိုးဖြစ်မှာစိုးလို့ နာရီဝက်လောက် ကတော့ အိမ်မပြန်သေးဘဲ ခဏစောင့်ကြည့် စေချင်ပါတယ်။ ကလေးကို ဂက်စ်မပါတဲ့ အချိုရည်အေးအေးလေးဖြစ်ဖြစ် တိုက်ထား ပါ။ ဆေးထိုးပြီးလို့ မူးဝေလာမယ်။ အမြင် တွေဝါးလာတယ်။ နားတွေအူလာမယ်ဆို ချက်ချင်းအကြောင်းကြားပါ။

 

၎။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

ခံစားရနိုင်ခြေဘယ်လောက်ရှိလဲ။ ဒီဆေးကိုစထုတ်တဲ့ ၁၉၉၀ ပြည့်နှစ်လောက် ကတော့ ဓာတ်မတည့်တာတွေဖြစ်ခဲ့သေး တယ်။ ဒါပေမဲ့ ဒါကလည်း တစ်သောင်းမှာ လေးယောက်၊ ရှစ်ယောက်လောက်ပါပဲ။ အဲဒီ နောက်ပိုင်းသိပ်မတွေ့ရပါဘူး။

ဆေးထိုးပြီးလို့ကြုံရတာတွေကတော့ အပျော့စား လက္ခဏာတွေမှာ

– ထိုးတဲ့လက်မောင်းမှာနာမယ်။ အထိ မခံနိုင်ဘူး။ ဖောင်းလာမယ်။ ရောင်လာမယ်။ ဒါကလေးယောက်မှာ တစ်ယောက်လောက်ပဲ ကြုံရတတ်တာပါ။

– အဖျားကြီးတတ်တာကတော့ ကလေးတွေမှာ ပိုတွေ့ရပါတယ်။

– ခေါင်းကိုက်တာ၊ ကိုယ်လက်တွေနာ တာကတော့ လူကြီးတွေမှာပိုအဖြစ်များ တယ်။ ပြင်းပြင်းထန်ထန်လက်္ခဏာတွေက တော့ အင်မတန်ရှားပါတယ်။ ဖြစ်တောင့်ဖြစ် ခဲကြုံခဲ့ရင်လည်း လူအယောက်တစ်သန်းမှာ တစ်ယောက်တောင်မရှိပါဘူး။ ဆေးထိုးအပြီး မိနစ်ပိုင်း၊ နာရီပိုင်းလေးအတွင်းမှာပဲဖြစ် တာပါ။

 

ကျွန်မတို့ဆီမှာ ၁၅-၁၁-၂၀၁၇ရက်က စပြီး ကာကွယ်ဆေးထိုးပေးခဲ့ရာမှာ ငါးသန်း ကျော်ကိုထိုးပေးပြီးဖြစ်လို့ အဲဒီငါးသိန်းထဲမှာ မှ ကာကွယ်ဆေးထိုးပြီးနောက်ဆက်တွဲ ပြင်း ထန်လက်္ခဏာခံစားရတဲ့ကလေးသုံးရှိခဲ့ပါ တယ်။ အဲဒီသုံးယောက်ထဲက နှစ်ယောက်က တော့ ကနဦးပြုစုကုသနည်းနဲ့ ပကတိပြန် ကောင်းသွားပါတယ်။ ရှမ်းပြည်နယ်၊ ပင် လောင်းမြို့က ၁၃နှစ်အရွယ်ကလေးရယ်၊ နောက်ထပ်တစ်ယောက် ထပ်ကြုံလာရတာ ကတော့ ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ်က ခုနစ်အရွယ်ကလေးငယ်ရယ်က တော့ သေဆုံးခဲ့ရတယ်ပြောပါတယ်။ ဒါပေမဲ့ ဒီကလေးငယ်လေးတွေ သေဆုံးရတဲ့အ ကြောင်းရင်း cause of death ကိုတော့ စစ် ဆေးဆဲဖြစ်တာကြောင့် ကာကွယ်ဆေး ကြောင့်ဟုတ်၊ မဟုတ်ဆိုတာကို တထစ်ချ ပြောလို့မရသေးပါဘူး။

 

ဂျပန်နိုင်ငံမှာဆိုရင် ၁၆-၁၁-၂၀၁၇ ရက်အထိ စုစုပေါင်း ၃ ဒသမ ၅သန်းကျော် ကို ထိုးပေးခဲ့ပြီးပြင်းထန်တဲ့နောက်ဆက်တွဲ လက်္ခဏာတွေကိုတော့ ကလေးတစ်ယောက် မှာမှ မတွေ့ရသေးပါဘူး။ ဒါတွေကိုကြည့်ရင် ဒီကာကွယ်ဆေးကြောင့်ဖြစ်ရတယ်ဆိုတဲ့ risk ဟာ အင်မတန်ရှားပါးတယ်လို့ဆိုရပါ မယ်။ ဒီကာကွယ်ဆေးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက Chadu Institite of Biological Products Co.,Ltd. ကထုတ်ပြီး WHO Prequalified Vaccine ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့က အရည်အသွေးကိုအသိအမှတ်ပြုထား ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ကတည်း ကစတင်အသုံးပြုခဲ့ပြီး ထိုင်း၊ နီပေါ၊ သီရိ လင်္ကာ၊ အိန်္ဒိယ၊ မြောက်/တောင်ကိုရီးယား၊ လာအို၊ ကမေ်္ဘာဒီးယား၊ မလေးရှားနဲ့ ဗီယက် နမ်နိုင်ငံတွေအပါအ၀င် ထိုးနှံသုံးစွဲနေပါ တယ်။ လူဦးရေ သန်း ၄၀၀ကျော်ကိုထိုးပေး ပြီးဖြစ်ပြီး အလွန်ဘေးကင်းတဲ့ကာကွယ်ဆေး ဖြစ်ပါတယ်။

ကလေးမိဘတွေအနေနဲ့မှားနိုင်တာ တစ်ခုကတော့ ကလေး နှစ်လ၊ လေးလ၊ ခြောက်လမှာထိုးပေးတဲ့ ငါးမျိုးစပ်ကာကွယ် ဆေး မှာပြင်းထန်အဆုတ်ရောင်ကာကွယ် ဆေး၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးတွေ ဖြစ်ပေမယ့် ဂျပန်ဦးနှောက်ရောင်ပိုးကြောင့် ဖြစ်တဲ့ ရောဂါကိုတော့မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ဂျပန်ဦးနှောက်အမြှေးရောင် ရော ဂါကာကွယ်ဆေးကို ထပ်ထိုးပေးဖို့လိုကိုလို အပ်ပါတယ်။ နိုဝင်ဘာ ၁၅ရက်ကနေ ၂၃ ရက်အထိကတော့ ငါးနှစ်ကနေ ၁၅နှစ်က လေးတွေ၊ ဒီဇင်ဘာ ၁၁ရက်ကနေ ၂၀ရက် အထိကတော့ ကိုးလကနေ ငါးနှစ်အထိက လေးတွေအပြင် ရှေ့အသုတ်မှာမထိုးဖြစ် လိုက်တဲ့ကလေးတွေကိုပါ ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပါတယ်။

လှည်းနေ၊ လှေအောင်း မြင်းဇောင်းမ ကျန်ထိုးပေးမှာဖြစ်တာကြောင့် ကိုယ့်ဆီဖိတ် စာမရသေးရင် နီးစပ်ရာကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးရုံးတွေမှာ ဒေသန္တရကျန်းမာရေး ဌာနတွေမှာသွားမေးပါ။ စုံစမ်းပါ။ ခရီးထွက် နေရင်လည်း ရောက်တဲ့အရပ်ဒေသမှာ ပြော ပြီးထိုးလို့ရပါတယ်။ ဒီဂျပန်ဦးနှောက်ရောင်ရောဂါဟာ ၂၀၁၇ခုနှစ်အတွင်းမှာတင် ဖြစ်ပွားသူ ၁၅၁ဦးရှိပြီး ၁၃ဦးသေဆုံးခဲ့ပါ တယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာ ဒီရောဂါဖြစ် ပွားမှုအများဆုံး ၂၄နိုင်ငံထဲမှာပါဝင်နေတာ ကြောင့် ကာကွယ်ဆေးထိုးထားဖို့ကသိပ် အရေးကြီးပါတယ်။ ဒီကာကွယ်ဆေးဟာ အပြင်ဆေးခန်းတွေမှာထိုးရင် ၅၀၀၀၀ ကျပ် ကနေ ၈၀၀၀၀ကျပ်အထိကျသင့်တာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ယူနီ ဆက်၊ Gavi, WHO ရဲ့ပူးပေါင်းထည့်ဝင် ငွေနဲ့ အခမဲ့ထိုးပေးမှာဖြစ်တာမို့ မပျက်မ ကွက်ထိုးစေချင်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အမှန်တကယ်ချစ်တယ် ဆိုရင် ကလေးလူဖြစ်မဆုံးဖို့အတွက် အသိမလွဲမှားစေချင်ပါဘူး။ ဂျပန်နိုင်ငံအပါ အ၀င်နိုင်ငံအတော်များများမှာ ဒီကာကွယ် ဆေးကြောင့်ရယ်၊ Hygiene တွေကောင်း လာတာရယ်၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာရယ်ကြောင့် ဂျပန်ဦးနှောက် ရောဂါကို မတွေ့ရသလောက်ဖြစ်နေပါပြီ။ ကျွန်မနိုင်ငံလည်း အဲဒီလိုဖြစ်ဖို့အတွက် နိုင်ငံ့ရင်သွေးလေးတွေ ကျန်းမာသန်စွမ်းရေး ကိုဦးတည်ပြီး ကာကွယ်ဆေးမဖြစ်မနေထိုး ဖို့ သံသယကင်းကင်း၊ စိုးရိမ်စိတ်ရှင်းရှင်းဆုံး ဖြတ်စေချင်ပါတယ်။

မေတ္တာဖြင့်

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *