Vitamin C နဲ့ D, Zinc, CoQ10 နှင့် ကိုဗစ်

အခုလို ကိုဗစ်ကူးစက်နှုန်းများပြားနေတဲ့ အချိန်မှာ နံမည်ကျော် အဆိုတော်ကြီးတစ်ဦးရဲ့ သမီးက Fb ပေါ်မှာ တင်ထားတဲ့ ဗီတာမင် C,D, Zinc နဲ့ CoQ10 မှီဝဲဖို့ ဗီဒီယို ဖိုင် က လူတွေအကြား ရေပန်းစားနေတာမို့ ဒီဆေးဝါးတွေက ဘာကြောင့် အကျိုးရှိတယ်ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

ကိုဗစ်နှင့် ဗီတာမင် C

ဗီတာမင် Cက ဓာတ်တိုးပစ္စည်းကြောင့် ဆဲလ်တွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ရောဂါပိုးတွေ သေစေဖို့ ခုခံအားစနစ်က အလုပ်လုပ်နေစဉ်မှာ ဓာတ်တိုးပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒီ ဗီတာမင် C က ရောဂါပိုးကို တိုက်ခိုက်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုကို တွန်းလှန်ပေးပါတယ်။

ဗီတာမင် C က သွေးဖြူဥ ပမာဏကိုလည်း မြင့်တက်စေနိုင်ပြီး ခုခံအားစနစ်ကို သန်မာစေ နိုင်ပါတယ်။

ဗီတာမင် C က အဆုတ်နဲ့ တစ်ခြားကိုယ်တွင်းအင်္ဂါတွေ ပျက်စီးစေနိုင်တဲ့ ရောင်ရမ်းမှု ဖြစ်စဉ်ကိုလည်း လျှော့ချပေးပါတယ်။

ခုခံအားစနစ်ကရောဂါပိုး ကိုတိုက် ထုတ်ဖို့ ဗီတာမင် C ကို ပိုမို လိုအပ်နေတဲ့ နာမကျန်းဖြစ်နေသူတွေမှာ ဗီတာမင် C ကချို့တဲ့ နေတတ်ပါတယ်။

ဗီတာမင် C ကိုသောက်သင့်တဲ့ ပမာဏ က တစ်နေ့ကို ၆၅- ၉၀မီလီဂရမ် ဖြစ်ပြီး လိုအပ်ရင် နေ့စဉ် ၂၀၀၀ မီလီဂရမ် အထိသောက်လို့ ရပါတယ်။

ရှောက်သီး၊ လိမ္မော်သီး၊ သံပုရာသီးလိုမျိုးအချဉ် အရသာရှိသစ်သီး ၊ မာလကာသီး၊ သင်္ဘောသီး၊ ငြုပ်ပွသီး လိုမျိုးအစားအစာတွေမှာလည်း ဗီတာမင် C ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

ကိုယ်တွင်းမှာ ဗီတာမင်C ပမာဏများလွန်းရင်တော့ ဝမ်းပျက်တာ၊ ပျို့အန်တာ၊ ရင်ပူတာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာနဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ကိုဗစ်နှင့် ဗီတာမင် D

ဗီတာမင် Dကခုခံအားစနစ်ကိုမြှင့်တင် ပေးနိုင်ပြီး ခုခံတိုက်ခိုက်အားတုံ့ပြန်မှုကိုအလွန်အကျွံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ခုခံအားတုံ့ပြန်မှု အလွန်အကျွံဖြစ်တာကို ဆိုင်တိုကိုင်းမုန်တိုင်း Cytokine stormလို့ခေါ်ပြီး သူ့ကြောင့် အဆုတ်က အလွန်အမင်းပျက်စီးကာ အသက်ရှူမရတဲ့ပြဿနာဖြစ်ပြီးသေဆုံးရတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကြောင့်အဆုတ်ပျက်စီးတာမဟုတ်ပါဘူး။

လေ့လာမှုအရဗီတာမင် Dကကိုဗစ် ကြောင့်ဖြစ်တဲ့သေဆုံးနှုန်းကိုထက်ဝက်ခန့်လျော့ချနိုင်ပြီး ကိုဗစ် ကြောင့်နောက်ဆက်တွဲဆိုးကျိုးမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်။

ဗိုက်တာမင် D သောက်သင့်တဲ့ပမာဏကို အကြံပြုထားတာက —
ကိုဗစ်ရောဂါကို ကာကွယ်ဖို့ ဗီတာမင် D3 10000 IUကိုတစ်နေ့တစ်လုံးနှုန်းနဲ့ ရက်သတ္တပတ်အနည်းငယ် သောက်ပြီးနောက် D3 5000IUကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။
ကိုဗစ်ရောဂါကူးစက်ထားလို့ ကုသမှု ခံယူနေရသူတွေအနေနဲ့ ဗီတာမင်D ကို ပမာဏပိုများများသောက်သင့်တယ်လို့အကြံပေးထားပါတယ်။
နေပူရှိန်ရတဲ့ ကျွန်မတို့နိုင်ငံသားတွေအနေနဲ့ မနက်စောစောထပြီး နေရောင်ကာလိမ်းဆေး SPF မလိမ်းထားပဲ နေ့စဉ် နေရောင်ခြည်ခံသူ၊ ကျောက်ကပ် ကျန်းမာရေးကောင်းပြီး အသက်ငယ်ရွယ်သူတွေက ဗီတာမင် D ပြည့်ဝကောင်းပြည့်ဝနိုင်ပါလိမ့်မယ်။
ကိုယ့်နိုင်ငံကအသက် ၆၀ ကျော်သူတွေကသွေးတွင်း ဗီတာမင် Dပမာဏကိုစစ်ဆေးကြည့်သူတော်တော်များများမှာလျော့ကျနေတယ်လို့သိရပါတယ်။နေ့စဉ် ဗီတာမင်D3 ကို 4000IUထိသောက်ရင်အန္တရာယ်ကင်းတယ်လို့တော့သိရပါတယ်။ ကျန်းမာရေးကောင်းသူတွေက D3 10000IU သောက်ရင်တောင် ဆိုးကျိုးမဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။

နေ့စဉ် 40000-60000IUကိုတစ်လလောက်သောက်မိရင်တော့ မိမိအတွက်အဆိပ်အတောက်ဖြစ်လာနိုင် ပါတယ်။

ကြက်ဥနဲ့ ငါးလိုမျိုးအစားအစာ နဲ့နေရောင်ခြည်ကရရှိတဲ့ဗီတာမင် D ကြောင့်အဆိပ်အတောက်မဖြစ်နိုင်ပါ။ ဆေးဝါးမှီဝဲတဲ့ပမာဏများလွန်းမှသာ ဆိုးကျိုးရရှိမှာပါ။မိမိမှာကျန်းမာရေးပြဿနာတွေရှိနေရင်တော့ ဗီတာမင် D ကိုမသောက်ခင်ဆရာဝန်နဲ့ အရင်တိုင်ပင် ပါ။

ကိုဗစ်နှင့် သွပ်ဓာတ်

ခန္ဓာကိုယ်ထဲမှ ဆဲလ်တွေက ဗိုင်းရပ်စ် နဲ့ ဘယ်တီးရီးယားတွေကို တိုက်ခိုက်နိုင်ဖို့ Zinc ခေါ် သွပ်ဓာတ်ကို လိုအပ်ပါတယ်။ ဒါ့အပြင်သွပ်ဓာတ်ဟာ အနာကျက်မြန်အောင်နဲ့ အနံ့ အရသာ ကောင်းမွန်အောင် လည်းကူညီပေးပါတယ်။

သွပ်ဓာတ်ကို နေ့စဉ်လိုအပ်တဲ့ပမာဏက အမျိုးသား ၁၁ မီလီဂရမ် ၊အမျိုးသမီး ၈ မီလီဂရမ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၂မီလီဂရမ်၊ ကလေး ၂- ၁၂ မီလီဂရမ် (အသက်အရွယ်နဲ့ ကျား/မ အလိုက် လိုအပ်ချက်ပမာဏ ကွဲပါတယ်။)

ဘယ်သူတွေကသွပ်ဓာတ်ချို့တဲ့နိုင်သလဲ။
ဝမ်းဗိုက်ဒါမှမဟုတ် အူ ကိုခွဲစိတ်ကုသမှုခံယူထားသူ၊ အရက်စွဲနေသူ၊ အူမကြီးရောဂါရှိသူ၊ မကြာခဏ ဝမ်းပျက်တတ်သူ နဲ့ သတ်သတ်လွတ် စားသုံးသူတွေမှာ သွပ်ဓာတ်ချို့တဲ့နိုင် ပါတယ်။

သွပ်ဓာတ်ကို ဘယ်ကနေရရှိနိုင်သလဲ။
အနီရောင်အသား၊ ကြက်ပေါင်သား၊ ကမာကောင်၊ ပန်းကဏန်း၊ သီဟိုလ်စေ့
လိုမျိုး အစားအစာတွေမှာ သွပ်ဓာတ်ပါဝင်ပါတယ်။
သွပ်ဓာတ်ကို အားဖြည့်ဆေး အနေနဲ့ လည်းမှီဝဲ နိုင်ပါတယ်။
သွပ်ဓာတ်ကို နေ့စဉ် ၄၀ မီလီဂရမ်ထက် ပိုပြီး မမှီဝဲသင့်ပါဘူး။

ကိုယ်တွင်း သွပ် ပမာဏ များလွန်းရင်။
ဝမ်းပျက်ဝမ်းလျောဖြစ်တာ၊ ဝမ်းဗိုက်အောင့်တာ၊ ခေါင်းကိုက်တာနဲ့ ပျို့အန်တာတွေဖြစ်တတ်ပါတယ်။
ဒါ့အပြင် သွပ်အားဖြည့်ဆေးကို ရေရှည် မှီဝဲ ခဲ့ရင် ကိုယ်တွင်းကခုခံအားစနစ် အတွက် အထူးလိုအပ်တဲ့ကော့ပါးဓာတ်တွေလျော့နည်းလာနိုင်ပါတယ်။ကော့ပါးလျော့နည်းတာကြောင့် ကိုယ်တွင်းက ကျန်းမာရေးကောင်းမွန်စေတဲ့အဆီ HDL လည်းလျော့နည်းနိုင်ပါတယ်။

သွပ်ဓာတ်က အခြားဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင် ။
သွပ်အားဖြည့်ဆေးက ပဠိဇီဝဆေးဝါးတွေရဲ့ အကျိုးအာနိသင်ကို လျော့နည်းစေနိုင်ပါတယ်။ သွပ်ကိုမှီဝဲထားသူတွေက ပန်နီဆလင်လိုမျိုးဆေးဝါးတွေသောက်ရရင် ခန္ဓာကိုယ်က ပင်နီ ဆလင်ဆေးဝါးကို စုပ်ယူနိုင်မှု လျော့ပါးသွားပါတယ်။

ကိုဗစ်နှင့် CoQ10

CoQ10 ဆိုတာက ကိုယ်တွင်းကဆဲလ်တွေ လုပ်ငန်းလုပ်နိုင်ဖို့ လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။သူက ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပြီး နှလုံးသွေးကြော ကျန်းမာဖို့လည်းကူညီပေးကာ သွေးဖိအားကို ပုံမှန် ဖြစ်အောင် ထိန်းသိမ်း ပေးပါတယ်။
အသက်ကြီးလာတာနဲ့ အမျှ ကိုယ်တွင်းက CoQ10 ပမာဏကလည်း ကျဆင်းလာပါတယ်။ နှလုံးသွေးကြောရောဂါနဲ့ သွေးတွင်းကိုလက်စတရောပမာဏ များတာကြောင့် Statin ဆေးဝါးမှီဝဲရသူတွေမှာလည်း CoQ10 ချို့တဲ့တတ်ပါတယ်။
လေ့လာမှုတွေအရ နှလုံးက ကိုဗစ်ကြောင့် အထိခိုက်ဆုံး ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ကိုဗစ်ပိုး ကူးစက်မှုခံရပြီး ရက်အနည်းငယ်အတွင်းမှာပဲ သိသာထင်ရှားတဲ့ လက္ခဏာ မပြပဲနဲ့တောင် နှလုံးပြဿနာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရောဂါက ပြန်လည်ကောင်းမွန်လာတဲ့ လူနာ ၇၈% က နှလုံးပြဿနာကြောင့် ဆေးရုံကို ပြန်လာပြရတယ်လို့လည်း ဒီလေ့လာမှုကတွေ့ရှိထားပါတယ်။
အသက်ရှုမဝတာ၊ နှလုံးကြွက်သားပျက်စီးတာ၊ နှလုံးသွေးကြော ပြဿနာဖြစ်တာတွေက အရင်က နှလုံးရောဂါ မရှိသူတွေမှာတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နှလုံးရောဂါအခံ ရှိသူတွေက ကိုဗစ် ကြောင့် အခြေအနေပိုမို ဆိုးရွားနိုင်ပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့် နှလုံးအလုပ် မလုပ်နိုင်တော့သလို အဆုတ်မှာ အရည်ဖိအားများလာတာ ဒါမှမဟုတ် နှလုံးကြွက်သားရောင်ရမ်းတာကြောင့် Heart failure ရရှိတာပါ။
အသက်ကြီးသူတွေက နဂို နှလုံးရောဂါအခံကြောင့်ဖြစ်ပြီး လူငယ်တွေက နှလုံးကြွက်သားရောင်ရမ်းတာကြောင့် ဖြစ်တာပါ။
CoQ10 က နှလုံးရောဂါကြောင့် သေဆုံးနှုန်းကို လျှော့ချပေးနိုင်ပါတယ်။

CoQ10ကို လိုအပ်တဲ့ ပမာဏ။
နေ့စဉ် ၁၀၀- ၂၀၀ မီလီဂရမ်လို အပ်ပါတယ်။ အသက်ကြီးသူတွေက ၁၂၀၀မီ လီဂရမ် အထိ မှီဝဲလို့ ရနိုင်တယ်လို့ ဆိုပေမယ့် ဆေးဝါး မမှီဝဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
တူနာ၊ ဆဲလ်မွန်နဲ့ ငါးသေတ္တာငါး၊ ဟင်းရွက်ဆီနဲ့ အသားတွေ စားသုံးတာကြောင့်လည်း CoQ10 ကို ရရှိနိုင်ပါတယ်။

ကျောက်ကပ်၊ အသည်းဒါမှမဟုတ် ဆီးချိုရောဂါ ရှိသူတွေက CoQ10ကို မမှီဝဲခင် ဆရာဝန်ရဲ့ အကြံဉာဏ်ကို ရယူရပါမယ်။ ဒီဆေးက သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကျဆင်း နိုင်လို့ပါ။ ၃၀၀ မီလီဂရမ်ထက် ပိုမိုပြီး သောက်မိရင် အသည်းအင်ဇိုင်း ထိခိုက်နိုင်ပါတယ်။

သွေးကျဲဆေး၊ သိုင်းရွိုက်ဆေးနဲ့ ကင်ဆာဆေး မှီဝဲနေရသူတွေကလည်း ဒီဆေးကို မမှီဝဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ မိမိကလေးကို မိခင်နို့တိုက်ကျွေးသူ တွေက CoQ10ဆေးဝါးကို မမှီဝဲ သင့်ပါ။

ဒေါက်တာခင်မိုးမိုး( Good Health journal)

Post Author: Good Health Journal