ငြင်းဆန်ခြင်း အနုပညာကနေ ဘယ်လိုကောင်းကျိုးတွေ ရရှိစေသလဲ

မိမိနဲ့ ခင်မင်ရင်းနှီးသူ၊ ဆွေမျိုးတော်စပ်သူတွေ အကူအညီတောင်းတဲ့အခါမှာ အကူအညီမပေးနိုင်လို့ ငြင်းဆန်ရမှာ ၀န်လေးနေပါသလား။ ငြင်းဆန်လိုက်တာကြောင့် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်သလဲဆိုတာကို လေ့လာကြည့်ပါ။

ကျွန်မတို့ပတ်ဝန်းကျင်က ချစ်ခင်ရ သူတွေ၊ ရင်းနှီးခင်မင်ရသူတွေ၊ ဆွေမျိုး တွေက အကူအညီတောင်းတဲ့အခါတိုင်း မှာ အားလုံးကို ကူညီချင်တဲ့စိတ်တစ်ခုနဲ့ လက်ခံပြီး Yes ပြောတတ်တဲ့အကျင့်က အလွယ်တကူ ကူညီပေးနိုင်တဲ့အခါမျိုးမှာ ဘာပြဿနာမှ မရှိပေမယ့် ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ စီးပွားရေး၊ အိမ်ထောင်ရေးကိစ္စတွေက ရှိနေပြီး၊ ကူညီရမယ့် ကိစ္စကလည်း အလွယ်တကူ မဖြစ်နိုင်ဘူးဆိုရင် အကူအညီပေးပေ မယ့် စိတ်ပင်ပန်းမှုကို ခံစားရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အရာရာကို လက်ခံပြီး ကူညီပေးတတ်သူဖြစ်တိုင်းလည်း ကျန်း မာရေးအတွက် ကောင်းကျိုးမရရှိစေတာ ပဲဖြစ်ပါတယ်။ တချို့ကိစ္စတွေက မမှန် ဘူးဆိုတာ သိရက်နဲ့ လူမှုရေးအရ “ဟုတ်ကဲ့” ပြောလိုက်ရတာတွေကြောင့် လည်း သင့်ကိုယ်သင် အပြစ်ရှိတယ်လို့ ခံစားမိစေပါတယ်။

ငြင်းဆန်တယ်ဆိုတာ

ငြင်းဆန်တာက တစ်နည်းအားဖြင့် “No” လို့ ပြောတာပါပဲ။ ဒါကို အနုပညာ တစ်ရပ်လို့ ဘာကြောင့် တင်စားရလဲဆို ရင် ငြင်းဆန်တဲ့အခါ ညင်သာဖို့၊ ပညာ ပါဖို့ လိုပါတယ်။ တူးတူးခါးခါး ငြင်းဆန် တာကြောင့် ကိုယ်ဘာမှ မလုပ်ရပါဘဲ ကိုယ့်ကို ရန်သူတစ်ယောက်အဖြစ် တောင် သတ်မှတ်သွားနိုင်လို့ပါ။ အမြဲ တမ်းလည်း ဟုတ်တယ်၊ မှန်တယ်၊ ကောင်းတယ်လို့ ပြောနေလို့မှ မဖြစ်တာ။ ဒါပေမယ့်လည်း ငြင်းဆန်တဲ့အခါမျိုးမှာ တစ်ဖက်သား နားလည်အောင် ရှင်းပြ တတ်ဖို့လည်း လိုပါတယ်။ မဖြစ်နိုင်တာ တွေကို မနိုင်ဝန်မထမ်းဘဲ ငြင်းဆန်ခြင်း အနုပညာကို အောင်မြင်စွာ အသုံးချနိုင် မယ်ဆိုရင်တော့ အောက်ပါကောင်းကျိုး တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်

ချိုချိုသာသာနဲ့ခိုင်းတာဖြစ်စေ၊ အ မိန့်ပေးပြီး စေခိုင်းတာဖြစ်စေ လက်ခံပြီး ကိုယ်က လုပ်ပေးမယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦးကြားက လူမှုဆက်ဆံရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့် တစ် ကြိမ်၊ နှစ်ကြိမ်ထက် ပိုလာရင်တော့ သည်းမခံနိုင်တာမျိုးတွေ ဖြစ်လာတတ် ပါတယ်။ ဒါကို မငြင်းဆန်ဘဲ ထပ်ခါထပ် ခါ ပြုလုပ်ပေးမယ်ဆိုရင် ၀န်ထုပ်ဝန်ပိုး လိုဖြစ်လာပြီး စိတ်ကျရောဂါဖြစ်ပွားနိုင် ခြေကို များစေပါတယ်။ ဒီလိုအခြေအနေ မှာ ငြင်းဆန်ခြင်းအနုပညာကို အကောင်း ဆုံး အသုံးချလိုက်ပါတော့။

ကိုယ်ရေးကိုယ်တာအတွက် အချိန်ပိုရစေတယ်

လူမှုပေါင်းသင်းဆက်ဆံရေးမှာ အ များက ဖိတ်ကြားတဲ့ ပွဲလမ်းသဘင်တွေနဲ့ မဖြစ်မနေ သွားသင့်တဲ့ လူမှုရေးကိစ္စတွေ များစွာရှိပါတယ်။ မဖြစ်မနေကိစ္စရပ်တွေ ကို ရှောင်လွှဲလို့ မသင့်ပေမယ့် တချို့ကိစ္စ တွေက မသွားလည်း လူမှုဆက်ဆံရေးကို မထိခိုက်နိုင်တာမျိုးတွေ ရှိပါတယ်။ တချို့ကို ငြင်းလိုက်ပါ။ ဒီလိုငြင်းလိုက်တာ ကြောင့် သင့်အတွက် ကိုယ်ပိုင်အချိန် တွေ ပိုထွက်လာပါတယ်။ အဲဒီအချိန်တွေ ကို အလုပ်အတွက်၊ မိသားစုအတွက်၊ ၀ါသနာပါရာ တစ်ခုခုအတွက် အချိန်ပို ပေးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေတယ်

အမြဲတမ်း လိုက်လျောတတ်သူကို လူတွေက အထင်မကြီးတတ်ပါဘူး။ “ရပါတယ်၊ အေးဆေးပါကွာ” ဆိုပြီး လူ တွေက ခပ်ပေါ့ပေါ့ သဘောထားသူတွေ ထဲမှာ ငြင်းဆန်ခြင်းအနုပညာကို ပိုင်ပိုင် နိုင်နိုင် အသုံးချတတ်သူတွေ မပါဝင်ပါ ဘူး။ ဘယ်အရာကိုမှ လွယ်လွယ်ကူကူ လက်ခံပြီး Yes မလုပ်တာကြောင့် သင် ကနားလည်က ခက်သူအဖြစ် လူတွေရဲ့ ပိုမိုအလေးပေးမှုကို ရရှိနိုင်သလို သင့် ကိုယ်သင်လည်း ယုံကြည်မှု ပိုစေပါ တယ်။

ကျန်းမာတဲ့လူနေမှုဘ၀ကို ရရှိစေတယ်

ဒီနေ့ခေတ်မှာ အလုပ်အကိုင်တွေ ကိုယ်စီနဲ့မို့ အားလပ်ချိန်ဆိုတာ အလွန်ပဲ နည်းပါတယ်။ အလုပ်တွေနဲ့ အမြဲရှုပ်နေ တာကြောင့် ကိုယ့်အတွက် တစ်ကိုယ်ရေ အချိန်ပေးနိုင်မှု၊ မိသားစုအတွက် အချိန် ပေးနိုင်မှုလည်း အလွန်နည်းသွားပါတယ်။ အပန်းဖြေအနားယူဖို့ အချိန်မပေးနိုင်သ လို၊ ကျန်းမာရေးအတွက်လည်း လေ့ကျင့် ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဖြစ်ရပါတယ်။ ဒီလိုသာဆိုရင် မကျန်းမာတဲ့ဘ၀ကို ဦး တည်နေပါပြီ။ အလုပ်ထဲက အပေါင်းအ သင်းတွေနဲ့ သွားလာချိန်တွေကို လျှော့ နိုင်ဖို့ ငြင်းဆန်ခြင်း အနုပညာကို အသုံး ပြုပါ။ ဒါဆိုရင် သင့်အတွက် အချိန်တွေ ပိုထွက် လာပါလိမ့်မယ်။ အချိန်တွေ သာမကဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်၊ အနေအထိုင်တွေကိုပါ လျှော့ချပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိုလာတဲ့အချိန်တွေမှာ ကျန်းမာရေး အတွက် လမ်းလျှောက်တာ၊ မိသားစုကို အချိန်ပေး စောင့်ရှောက်တာတွေ ပြုလုပ်ပါ။

အစာမကြေတာ မဖြစ်အောင် ကာကွယ်နိုင်တယ်

စိတ်ဖိစီးမှုက အစာခြေစနစ်အပေါ် သက်ရောက်မှုရှိပါတယ်။ တချို့အရာတွေ ကို သင်က လက်မခံချင်ဘဲ လူမှုရေးအရ လက်ခံပြီး လုပ်ပေးရတယ်ဆိုရင် သင့်ကို စိတ်ဖိစီးမှုများစေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင်ရဲ့အစာခြေစနစ် လည်း ပုံမမှန်ဖြစ်ကာ ပျို့အန်တာ၊ ၀မ်း ချုပ်တာ ဒါမှမဟုတ် ၀မ်းသွားတာ ဖြစ်စေ ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အူမကြီး မှာ ပုံမမှန်ဓာတ်ပြုမှုတွေဖြစ်အောင် လှုံ့ ဆော်တာကြောင့် ၀မ်းချုပ်တာ ဒါမှမဟုတ် ၀မ်းသွားတာ ဖြစ်စေပါတယ်။ ဒီလိုမ ဟုတ်ဘဲ သင်က ငြင်းဆန်လိုက်မယ်ဆို ရင် စိတ်ဖိစီးမှုတွေ မဖြစ်တော့လို့ အစာ အိမ်နဲ့ အူလမ်းကြောင်းဝေဒနာဖြစ်တဲ့ ပျို့အန်ချင်တာ၊ ၀မ်းသွားတာ ၀မ်းချုပ် တာတွေလည်း မဖြစ်တော့ပါဘူး။

သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

လေ့လာမှုများစွာအရ စိတ်ဖိစီးမှု များတဲ့သူတွေက သွေးတိုးရောဂါဖြစ်နိုင် ခြေ များတယ်ဆိုတာ တွေ့ရှိထားပါတယ်။ ကိုယ်မလုပ်နိုင်တဲ့၊ မတတ်နိုင်တဲ့ ကိစ္စရပ် တွေကို လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်လို့ ကတိပေးပြီး မလုပ်နိုင်ခဲ့ရင် စိတ်ဖိစီးမှုကို ပိုများစေပါတယ်။ မလုပ်နိုင်ရင် မလုပ်နိုင် ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြတတ် ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဟန် ဆောင်ဖုံးကွယ်နေမယ်ဆိုရင် စိတ်ဖိစီးမှု များစေပြီး အဲဒီကနေ နှလုံးနဲ့သွေးကြော ရောဂါ၊ လေဖြတ်တာတွေ ဖြစ်ပွားစေပါ တယ်။ သွေးတိုးရောဂါမဖြစ်အောင် စိတ် ဖိစီးမှုကို လျှော့ချဖို့ဆိုရင် မလုပ်နိုင်တာ တွေကို ငြင်းဆန်လိုက်ပါ။

နာတာရှည်ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်ပေးတယ်

ခေါင်းကိုက်တာက ရုပ်ပိုင်းဆိုင်ရာ ဓာတ်ပြုမှုကြောင့်ပါ။ ဥပမာပြောရရင် သွေးထဲမှာ သကြားဓာတ် ရုတ်တရက် အ ပြောင်းအလဲဖြစ်တဲ့အခါမှာ ခေါင်းကိုက် တတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာ လည်း ခေါင်းကိုက်တာကို ခံစားရနိုင်ပါ တယ်။ စိတ်ဖိစီးမှုတွေ များတဲ့အခါ အာရုံ ကြောစနစ်ကို လှုံ့ဆော်တာကြောင့် နဖူး တစ်ဝိုက်နဲ့ ဇက်ကြောတွေမှာ ဖိအားများ တာ ဒါမှမဟုတ် တင်းတာတွေ ဖြစ်ပြီး ခေါင်းကိုက်တာ ခံစားရတာဖြစ်ပါတယ်။ တစ်ခုကိစ္စတွေကို ငြင်းဆန်ပြီး စိတ်ဖိစီးမှု ကို လျှော့ချနိုင်မယ်ဆိုရင် နာတာရှည် ခေါင်းကိုက်တာလည်း အလိုလို ပျောက် သွားပါလိမ့်မယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်

တချို့ကိစ္စတွေမှာ ငြင်းဆန်ခြင်း အနုပညာကို အသုံးချမယ်ဆိုရင် စိတ်ဖိ စီးမှုတွေကင်းလို့ ညဘက်မှာလည်း နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ည တိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး လုံ လောက်တဲ့ အိပ်စက်ချိန်ရတာကြောင့် ခန္ဓာကိုယ် တွင်း ကျန်းမာရေးသာမကဘဲ အရေပြား ကျန်းမာရေးကိုပါ ကောင်းမွန် လို့ ကြည်လင်တောက်ပတဲ့အသား အရေကို ပိုင်ဆိုင်စေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ စွမ်းအားကိုလည်း ပိုမိုအသုံး ချနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ ငြင်းဆန်မလဲ

ငြင်းဆန်ရတာက လက်ခံရတာ လောက် ပြောဖို့မလွယ်ပါဘူး။ ဘယ်လို အခါမှာ ငြင်းဆန်ရမလဲဆိုတာကတော့ အကြောင်းအရာကို ပြန်စဉ်းစားသုံးသပ် ကြည့်ဖို့ လိုပါတယ်။ ဖိတ်ခေါ်တာ၊ ကမ်း လှမ်းတာ၊ အမိန့်ပေးတာ စတဲ့အကြောင်း အရာတွေအပေါ်မှာ ဘယ်လိုဝေခွဲဆုံး ဖြတ်ရမလဲဆိုတာ လွယ်တော့ မလွယ် ကူပါဘူး။

နောင်တရစေတာမျိုး မဖြစ်သင့်ပါ

ကိုယ်ငြင်းဆန်လိုက်တာကြောင့် တစ်ဖက်သား ဒုက္ခရောက်ရတာမျိုးလည်း ဖြစ်လို့ မရပါဘူး။ ဒီလိုအခြေအနေမျိုးကို ငြင်းလိုက်မိတယ်ဆိုရင် သင်လည်း နောင်တရလို့ ဆုံးမှာ မဟုတ်ပါဘူး။

တစ်ဖက်သားကို မထိခိုက်စေသင့်ပါ

ငြင်းဆန်လိုက်တဲ့အကြောင်းအရာ က ရိုးရိုးရှင်းရှင်းပဲ၊ ကိုယ်ငြင်းလိုက်လို့ လည်း တစ်ဖက်သားအနေနဲ့ ဘယ်လို ထိ ခိုက်နစ်နာမှုမျိုးမှ ဖြစ်မသွားနိုင်ဘူးဆိုရင် တောင် ညင်ညင်သာသာနဲ့ အကြောင်းပြ ချက်တစ်ခုခုပြကာ ငြင်းဆန်ဖို့ လိုပါ တယ်။
တစ်ကိုယ်ကောင်းဆန်တဲ့ ငြင်းဆန် မှုမျိုးက သင့်အတွက်လည်း မကောင်းသ လို တစ်ဖက်သားကလည်း သင့်အပေါ်မှာ အထင်အမြင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် ငြင်းဆန်လိုက်တဲ့ကိစ္စရပ်က သူတစ်ပါးကို မထိခိုက်နိုင်သလို ကိုယ့်အ တွက်လည်း ကောင်းကျိုးဖြစ်စေတာမျိုးပဲ ဖြစ်သင့်ပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *