COVID နှင့်ခွဲခြားဆက်ဆံမှုများ

ကိုဗစ်အကြောင်းကိုတော့ အထွေ အထူး မိတ်ဆက်မပြောတော့ပါဘူး။ အား လုံးလည်း သိနေကြပြီ။ အတော်လေး လည်း ပြဿနာပေးတဲ့ ဗိုင်းရပ်စ်ဖြစ်ပါ တယ်။ ခုဆိုကျန်းမာရေးတင်မက လူတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးတွေကိုပါ ထိခိုက်လာပါပြီ။
ဒီပိုးကအသစ်ဖြစ်တယ်။ တခြားသူ မပြောနဲ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း တောင် မျက်စိတွေလည်လို့။ လူတွေ လည်း အတော်လေး စိုးရိမ်ထိတ်လန့်ကြ တယ်။ ကမ္ဘာပေါ်က တိုးတက်လှပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ကူးစက်မှုနှုန်း တွေမြင့်၊ သေဆုံးသူတွေ များနဲ့ ဖြစ်ခဲ့တာကိုး။
ဒီဆောင်းပါးမှာ ရေးချင်တာကတော့ ကိုဗစ်ပိုးကူးစက်ခံရသူတွေကို ခွဲခြား ဆက်ဆံနေကြတဲ့ကိစ္စပဲ။ လူမှုကွန်ရက် မှာဆိုလည်း အဲဒီလိုပိုးရှိတဲ့သူကိုအပြစ်တင်တာတွေ မြင်နေ၊ တွေ့နေရတယ်။ တစ်ယောက်ယောက်ကိုများ လာခေါ်ပြီ ဆို ရပ်ကွက်ထဲမှာရုတ်ရုတ်သဲသဲ။ ဓာတ် ပုံရိုက်တဲ့သူကရိုက်။ ဖေ့စ်ဘွတ်ပေါ် တင် တဲ့သူကတင်။ အဲ့ဒီတော့ ဘာဖြစ်လာလဲ ဆိုရင် လူတွေက ထုတ်ပြောရမှာကြောက် လာတယ်။ ကုသမှု ခံယူရမှာ ဝန်လေးလာ တယ်။ ပိုးတွေ့တဲ့သူတွေဆိုလည်း စိတ် ပိုင်းဆိုင်ရာမှာ အများကြီးပဲ ထိခိုက်ခံစား ရလိမ့်မယ်။
ဒါဖြင့် ဆက်စဉ်းစားကြည့်မယ်။ ဘာလို့ အဲဒီလိုတွေ လုပ်နေကြတာလဲ။
တကယ်တော့ ခွဲခြားဆက်ဆံတယ် ဆိုတာကအဓိကအားဖြင့် အကြောက် လွန်ခြင်းကနေလာတယ်။ ဒီပိုးဝင်သွားရင် ငါတို့တော့ ဘာဖြစ်ပြီ၊ ညာဖြစ်ပြီဆိုတဲ့ စိတ်ပေါ့။ စဉ်းစားကြည့်။ ပိုးကလည်း အသစ်။ (တုပ်ကွေးဆို ဖြစ်နေကျမို့ ဘယ် သူမှ စိတ်မပူတော့ဘူး။ အထူးတဆန်း မဖြစ်တော့ဘူး။)အဲဒီအပြင် သေဆုံးတဲ့ အထိပါ ဖြစ်နိုင်သေးတယ်။ ဒီတော့ ကြောက်ကြတာပေါ့။
ဒီနေရာမှာရှင်းပြချင်တာက ကိုဗစ် ကိုခပ်ပေါ့ပေါ့ သဘောထားဖို့မဟုတ်ဘူး။ သူနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မှန် မှန်ကန်ကန် သိထားဖို့ဖြစ်ပါတယ်။ သေ ဆုံးမှုနှုန်းက ၄ ရာခိုင်နှုန်းရှိတယ်။ များ သောအားဖြင့်က ကိုယ်ခံအားကောင်း အောင်လုပ်ထားရင် နည်းနည်းလောက် ဖျားပြီး ပြန်ကောင်းသွားကြတယ်။ ဒါ အကောင်းမြင်တာမဟုတ်သလို၊ ပေါ့ အောင်လို့ ပြောနေတာလည်း မဟုတ် ဘူး။ အချက်အလက်တွေအရပြောတာ။ ကူးစက်သူ ဘယ်နှယောက်ရှိပြီဆိုပေမယ့် အများစုက လက္ခဏာမပြင်းထန်ဘူး။ နောက်ပြီးကိုယ့်အနေနဲ့ Mask တပ်ထား မယ်၊ ခပ်ခွာခွာနေမယ်၊ လူစုလူဝေးရှောင် မယ်၊ လက်ဆေးမယ်ဆို အတော်လေးအ ကာအကွယ် ဖြစ်နိုင်တဲ့ကိစ္စ။ အဲဒါတွေကျ မလုပ်ဘဲ ပိုးတွေ့သူကိုပဲ ခုလိုတွေ ဆက် ဆံနေမယ်ဆိုသူတို့လည်း စိတ်ပိုင်းဆိုင် ရာအရထိခိုက်မယ်။ ထုတ်မပြောဘဲနေ လာကြရင် ပိုးတွေလည်း ပိုပျံ့သွားလိမ့်မယ်။
နောက်တစ်ချက်က တစ်ခုခုဆို တစ်တိုက်လုံး Lockdown ချပစ်တဲ့ ကိစ္စ။ အဲဒါကဘာနဲ့ အလားသဏ္ဌန် တူလဲဆိုရင် အတူနေ မိသားစုဝင်ထဲကHIV ပိုးရှိသူကို တစ်ဝိုင်းတည်း ထမင်း အတူစားရင်၊ ရေချိုးခန်းအတူတူသုံးရင် ပိုးကူးမယ်ဆိုတဲ့စိတ်နဲ့ အိမ်ပေါ်က နှင်ချ လိုက်တာမျိုးပဲ။ မလိုအပ်ဘဲလုပ်တယ်လို့ ဆိုလိုချင်တာ။ ဒီခေတ် လူနေမှုပုံစံတွေ အရ တစ်တိုက်တည်းနေပေမယ့် တစ် ယောက်နဲ့ တစ်ယောက်ကတွေ့ကြတာ မဟုတ်ဘူး။ ဓာတ်လှေကားခလုတ်တို့၊ သော့ခလောက်တို့ ကိုင်မိနိုင်တယ်ဆိုရင် တောင် လက်ဆေးကြတာပဲ။ အဲဒီလို လက်ဆေးရင် အကာအကွယ်ဖြစ်တယ် လို့ပဲ ပြောထားကြတာမဟုတ်ဘူးလား။
အဲဒီလိုတွေ လုပ်တော့ လူတွေက ပိုကြောက်လာကြတယ်။ ဟိုတစ်ရက်က လည်း ဖေ့စ်ဘွတ်မှာ ဆရာဝန်တစ်ယောက် တင်ထားတာတွေ့တယ်။ သူတစ်ရက် ဆေးရုံကနေအိမ်ပြန်လာတော့ သူတို့ တိုက် အောက်ဆုံးထပ်ကဆိုင်ပိုင်ရှင် အဒေါ်ကြီးက သူ့ကိုအိမ်ပြောင်းနေဖို့ လာပြောတယ်ဆိုတဲ့အကြောင်း။ တွေး ကြည့်ရင် အတော်လေးစိတ်မကောင်း စရာကောင်းတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်၊ ဆရာမတွေဆိုတာ ရှေ့တန်း တိုက်စစ်မှူးအနေနဲ့ ကိုဗစ်ရန်ကိုတွန်း လှန်ပေးနေသူတွေမို့လား။ ခုလိုပေါ်ပေါ် တင်တင်ကြီးအိမ်ပါ ပြောင်းခိုင်းတယ်ဆို တော့ စိတ်တိုစရာလည်းကောင်းတယ်။
ဒါပေမဲ့ တစ်ဖက်ကတွေးကြည့်တော့ လည်း ဒီဆရာဝန်သာ Positive ဖြစ်ရင် တစ်တိုက်လုံး Lockdown ချခံရမယ် ဆိုတာကြီးက ရှိနေပြန်တာကိုး။Lockdown ဆိုတာက အပြောသာလွယ်တာ။ တကယ့်တကယ်ကျ အိမ်ထဲ ၁၄ ရက် နေဖို့ဆိုတာ မလွယ်လှဘူး။ အဲဒီအပြင် ဘာမှလည်း ပြင်ဆင်ချိန်မရဘဲ ဖြစ်သွား မှာလေ။ အလုပ်တွေ အကိုင်တွေ ပျက်မှာ လည်းစိုးကြတာပေါ့။ အဲဒီလိုကနေမှတစ် ဆင့် ခွဲခြားဆက်ဆံတာ၊ အပြစ်တင်တာ တွေ ဖြစ်လာကြတော့တာလို့ မြင်မိပါတယ်။
အရင်ကတော့ Facility Quarantine ဝင်ရင် ၂၁ ရက်ဆိုလို့ Lockdown ကလည်း ၂၁ ရက်။ အခု Facility Quarantine က ၁၄ ရက် ဖြစ် သွားပေမဲ့လည်း တချို့နေရာတွေမှာခုချိန် ထိ ၂၁ ရက် ချနေတုန်းလို့ သိရတယ်။ ဘာပဲပြောပြော ၂၁ ရက်ထက်စာရင်တော့ တစ်ပတ်လောက် လျော့သွားလည်း ပို အဆင်ပြေတာပေါ့။
ကိုဗစ်ကို ဘယ်သူမှတော့ ကူးစက်ခံ ချင်မှာမဟုတ်ပါဘူး။ ကိုယ့်ကြောင့် မိ သားစုဝင်တွေ Facility Quarantine ဝင်ရတာ၊ ကျန်တဲ့အိမ်တွေပါ Lock-down မိကုန်တာတွေ ဘယ်သူမှ ဖြစ်စေ ချင်မယ် မထင်ပါဘူး။ သူများကိုလက်ညှိုး ထိုးနေတဲ့ ကိုယ်ကိုယ်တိုင်လည်း ကူးချင် ကူးသွားနိုင်တာပဲ။ ဒါကြောင့် ပိုးကူးစက် ခံရသူတွေကို ဖေးဖေးမမနဲ့ ဆက်ဆံပေး ဖို့၊ ခွဲခြားမဆက်ဆံကြဖို့ လိုပါတယ်။ ဒီအတွက် ပိုးနဲ့ပတ်သက်ပြီး အကြောက် မလွန်ပါနဲ့။ ကြောက်သင့်သလောက်ပဲ ကြောက်ပါ။ ကာကွယ်ဖို့ လုပ်သင့်လုပ် ထိုက်တာတွေကို တိတိကျကျ လုပ်ပါ။
တကယ်တော့ ခွဲခြားဆက်ဆံမှုဆိုတာပိုးကူးစက်ခံထားသူတွေကိုတင် ထိခိုက်တာမဟုတ်ဘဲ ခွဲခြားဆက်ဆံနေ တဲ့သူတွေကိုပါ သွယ်ဝိုက်သောအားဖြင့် ပြဿနာပေးလာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးတော့ ဒီကိုဗစ်ကိစ္စက ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ နိုင်ငံရေး၊ ဘာသာရေး ယုံကြည်ချက်မရွေး လူတိုင်းကို ပြဿနာ ပေးနေတာမို့ တစ်ယောက်ကိုတစ် ယောက် အပြန်အလှန် ဖေးမရင်း ညီညီ ညွတ်ညွတ်နဲ့ ကျော်ဖြတ်ကြပါစို့လို့လည်း တိုက်တွန်းချင်ပါတယ်။

ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal