“လူ့သက်တမ်းကို ခြိမ်းခြောက်လာတဲ့လူနေမှုပုံစံ – ဒေါက်တာစိမ့်”

လူသားတွေမှာ ဖြစ်တဲ့ရောဂါတွေကို အုပ်စုခွဲလိုက်ရင် အဓိကအားဖြင့် နှစ်မျိုးပဲရှိပါတယ်။ အဲဒါကတော့ ကူးစက်ခြင်းကြောင့်ဖြစ်တဲ့ Communicable Disease နဲ့ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါ Non- Communicable Disease ဆိုတာပါပဲ။ Communicable Disease တွေက ဘီပိုး၊ စီပိုး၊ အိတ်ခ်ျအိုင်ဗွီ စတာတွေပါတာပေါ့။ Non-Communicable Disease မှာတော့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်တာ၊ စတာတွေ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာနှစ်စဉ်သေဆုံးနေတဲ့လူအရေအတွက်ကို စစ်တမ်းကောက်လိုက်တဲ့ အခါမှာ နှစ်တိုင်းနှစ်တိုင်း လူဦးနေရ သန်း ၄၀ ကျော်ဟာ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါတွေ Non-Communicable Disease ကြောင့် သေဆုံးနေရတာဖြစ်ပြီး ဒါဟာ ကမ္ဘာမှာသေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကို ကြည့်ရင် Non-Communicable Disease တွေဟာ လူသားတွေကို ခြောက်လှန့်နေတယ်ဆိုတာ အသိသာကြီးမို့ ကျွန်မတို့အနေနဲ့ အလေးနက်ထားပြီး ကာကွယ်ရေးတွေ၊ ကုသရေးတွေ လုပ်ဖို့လိုနေပါပြီ။

ဒါဆိုရင် ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ မေးစရာဖြစ်လာပါပြီ။ အဖြေကတော့ ရိုးစင်းပါတယ်။ ကျွန်မတို့တွေ နေထိုင်စားသောက်ပုံ (LifeStyle) တွေနည်းလမ်းမကျလို့၊ မမှန်ကန်လို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ပဲဖြစ်ပါတယ်။

 

ဘယ်လိုနေထိုင်မှုတွေပြောင်းလဲလာလဲ          

အစားအသောက်

ခေတ်ကြီးဟာတိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ စားသောက်နေထိုင်ပုံတွေကလည်း တဖြည်းဖြည်းပြောင်း လဲလာပါတယ်။ တစ်ခုထက်ပိုတဲ့အလုပ်တွေ၊ သင်တန်းတွေကိုတက်ရောက်လာတာကြောင့် အစားအသောက် အတွက် အချိန်ပေးပြင်ဆင်တာတွေနည်းပါးလာပြီး အလွယ်တကူဝယ်ယူစားသုံးလို့ရတဲ့ fast food ခေါ် အသင့် စား အစားစာတွေကို ပိုစားဖြစ်လာကြတယ်။ ဒါတွေဟာ အာဟာရမဖြစ်တဲ့အပြင် ကိုလက်စထရောတွေကိုပါ တက်စေပါတယ်။ ကြက်သားပြုတ်စားရင် ပရိုတင်းဓာတ်အပြည့်အဝရပေမာ့် ကြော်စားလိုက်ရင်တော့ နဂိုမူလထက် ကိုလက်စရော သုံးဆလောက်မြင့်တက်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီ fast food တွေဟာ အမှန်တကယ်ဗိုက်မပြည့်စေတဲ့အတွက် စားပြီးအနည်းငယ်ကြာတာနဲ့ ဗိုက်ပြန်ဆာလာပြီး နောက်ထပ်စားဖြစ်စေတာကြောင့် အဝလွန်တာတွေဖြစ်လာနိုင်ပါတယ်။ ပြင်ပမှာဝယ်စားတာတွေဟာ ဆားတွေ၊ အချိုမှုန့်တွေများစွာပါဝင်နေပြီး ဒီလိုဆားပါဝင်မှုများတဲ့အစားစာတွေကို စားသုံးတာကြောင့် သေဆုံးရသူဟာ နှစ်စဉ် ၄ ဒသမ ၁ သန်းရှိပါတယ်။

နောက်ပြီးတော့ အလုပ်တွေရှုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက်စာ မစားဖြစ်ကြတဲ့သူတွေ ကိုလည်း တွေ့ရတာများလာပါတယ်။ တကယ်တော့ မနက်စာက အရေးအကြီးဆုံးပါ။ လူ့ဦးနှောက်ဟာ ကာဗိုဟိုက်ဒရိတ်ကို လောင်စာအဖြစ်အသုံးပြုပြီးမှ အလုပ်လုပ်တာပါ။ ညဘက်အိပ်ချိန်တွေမှာဆို တခြားအစိတ် အပိုင်းတွေက နားရင်နားပေ မဲ့ ဦးနှောက်ကတော့ တောက်လျှောက်အလုပ်လုပ်နေတဲ့အတွက် မနက်ရောက် တဲ့အခါ သူ့ရဲ့လောင်စာက ကုန်လုနီး နည်းပါးနေပါပြီ။ ဒီအချိန်မှာ လိုအပ်တဲ့အာဟာရကို ပြန်မဖြည့်ပေးနိုင်ဘူး ဆိုရင် ဦးနှောက်ဟာ ပင်ပင်ပန်း ပန်းအလုပ်လုပ်ရပြီး ရေရှည်မှာ မှတ်ဥာဏ်တွေကိုလည်း ထိခိုက်လာ စေနိုင်ပါတယ်။ မနက် (၁၀) နာရီထက် နောက်ကျပြီး မနက်စာကို မစားသင့်ပါဘူး။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့အတွက် မနက်စာကို ပြည့် ပြည့်ဝဝစားပေးရပါမယ်။ မနက်စာမစားတဲ့အခါ ကျွန်မတို့ ခန္ဓာကိုယ်က ပင်ပင်ပန်းအလုပ်လုပ်ရတဲ့အတွက် ဖိစီးမှု (stress) ဖြစ်ပြီး corticosteroids ဆိုတဲ့ဟော်မုန်းထွက်ပါတယ်။ အဲဒီဟော်မုန်းဟာ အဆီတွေကို ဗိုက်မှာစုစေတာ (central deposition of fat) ကြောင့် ဗိုက်ပူအဆီထူပြီး ကိုယ်အလေးချိန်တက်လာပါတော့တယ်။

 

နေထိုင်မှု

ဒါ့အပြင် လူသားတွေဟာ ဥာဏအားကို အသုံးပြုပြီးရပ်တည်လာကြတာနဲ့အမျှ Sedentary Lifestyle ခေါ် လှုပ်ရှားမှုမရှိတဲ့ လူနေမှုပုံစံတွေကို အတွေ့ရများလာပါတယ်။ ကွန်ပြုတာ၊ စာရင်းဇယားတွေကို တနေကုန် လုပ်ကိုင်နေရပြီး အထပ်မြင့်တွေတက်တဲ့အခါမှာ လှေကားထက် ဓာတ်လှေကားကို အသုံးပြုလာကြပြီး ဟိုနားဒီနားသွားရင်တောင်မှ ကားနဲ့ပဲသွားလာတတ်ကြပါတော့တယ်။ ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက် ပုံနဲ့ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုဟာ သွေးတိုးစေတဲ့အပြင်၊ သွေးတွင်း သကြားဓာတ်၊ အဆီဓာတ်တွေကို မြင့်တက်စေပြီး အဝလွန်ရောဂါတွေဖြစ်လာပါတော့တယ်။ ဒါကြောင့် နှစ်စဉ် အသက် ၃၀ ကနေ ၆၉ နှစ်အတွင်း သေဆုံးသူတွေဟာ ၁၅ သန်းအထိရှိလာပြီး နှစ်စဉ်သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီလိုနေထိုင်မှုပုံစံတွေဟာ အရွယ်မတိုင်ခင် သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းအခြေခံပါပဲ။

လေ့လာမှုတွေအရ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်လုပ်သွားမယ် ဆိုရင် ၆ ပတ်အကြာမှာ နေရတာသိသိသာသာ လန်းဆန်းတက်ကြွနေတာကို ခံစားလာရမှာပါ။ ပုံမှန်လေ့ကျင့် ခန်းတွေလုပ်တာဟာ သက်လုံကောင်းစေတဲ့အပြင် နှလုံးနဲ့သွေးလှည့်အဖွဲ့ကို ကောင်းစွာလည်ပတ်စေတဲ့ အတွက် တစ်သျှူးတွေဆီ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်မှုကို ချောမွေ့လွယ်ကူစေ ပါတယ်။ လူကြီးတွေအနေနဲ့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့တင် လုံလောက် ပါတယ်။ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းကိုလည်း ကိုယ်ပင်ပန်းမှာစိုးတာနဲ့ လျော့လုပ်မယ်ဆိုရင် ကြာ လာတာနဲ့အမျှ နွမ်းနယ်တဲ့ခံစားချက်မျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်တွေ အများကြီးလုပ်ရမှ ပင်ပန်း တာမဟုတ်ပါဘူး။ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံကလည်း ကိုယ့်ရဲ့ စွမ်းအင်နဲ့ သက်လုံတွေကို ကျဆင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေပါတယ်။

 

အပြုအမူ

ဒီနေ့ခေတ် အတွေ့ရအများဆုံး လူနေမှုပုံစံကတော့ ကိုယ့်အိပ်ရာခေါင်းရင်းနားမှာ ဟန်းဖုန်းထားအိပ်ကြတာပါပဲ။ နှိုးစက်အဖြစ်သုံးဖို့ပဲဖြစ်ဖြစ်၊ ဖေ့ဘုတ်ကြည့်ရင်း အိပ်သွားတာဖြစ်ဖြစ် ကိုယ့်နားမှာ ဟန်းဖုန်းကို ထားမိတတ်ကြပါတယ်။ အတိအကျမဟုတ်ပေမယ့် ဖုန်းကထွက်တဲ့ Radiation တွေက ဦးနှောက်ကင်ဆာဖြစ်စေတယ်လို့ ဆိုပါတယ်။ ဖုန်းကို တခြားနေရာမှာ ထားပြီးအိပ်ရင်အိပ်၊ ဒါမှဟုတ်လည်း ၂၀ စင်တီမီတာလောက် အကွာထားရင်လည်း ဒီ Radition တွေကို ၉၈ ရာခိုင်နှုန်းလောက်အထိ လျော့ချနိုင်ပါတယ်။

နောက်တစ်ခု သိဖို့လိုတာက ကျွန်မတို့ခနာကိုယ်ဟာ နေ့အလင်းရောင်လျော့နည်းလာတာနဲ့အမျှ မယ်လတိုနင် (melatonin)  ဆိုတဲ့ ဟော်မုန်းထွက်လာပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ညအချိန်မှာ အိပ်ချင်ပြီး နေ့ဘက်မှာတော့ နိုးကြားနေရတာပါ။ ဒါကို natural circadian rhythm လို့ခေါ်ပါတယ်။ အိပ်ချိန်မှာ မီးတွေအကုန်ပိတ်လိုက် ပေမယ့် tablet, smartphone နဲ့ computer စခရင်က မီးရောင်တွေဟာ ဒီ rhythm ကို ကမောက်ကမ ဖြစ်စေပြီး ညအိပ်မပျေုာ်တာတွေ ဖြစ်စေပါတယ်။ ဖုန်းကထွက်တဲ့ blue light ဟာနေအလင်းရောင်နဲ့တူတာကြောင့်  ဖုန်းတွေကို အသုံးပြုနေတဲ့အခါ ကျွန်မတို့အမြင်လွှာက ဒီအလင်းရောင်ကို နေရောင်အဖြစ် ဦးနှောက်ကို မက်ဆေ့ခ်ျပို့လိုက်ပါတယ်။ ဒါကြောင့် မယ်လတိုနင်ဟော်မုန်းထွက်တာနည်းသွားပြီး ညဘက်အိပ်မပျော်တော့ပါဘူး။

ဒါကြောင့် မအိပ်ခင် ၂ နာရီအလိုကစပြီး ဖုန်းတွေ၊ tablet တွေ၊ ကွန်ပြုတာတွေအသုံးပြုတာ ကြိုတင်ရပ်ထားမယ်ဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်စေမှာပါ။ လုံးဝမလိုက်နာနိုင်လို့ ဖုန်းကြည့်ဖြစ်ခဲ့ရင် ဖုန်းနဲ့ အနည်းဆုံး ၁၄ လက်မလောက် အဝေးကနေ ကြည့်စေချင်ပါ တယ်။

 

နောက်ထပ်တွေ့ရတဲ့လူနေမှုပုံစံကတော့ အပြိုင်ဆိုင်တွေကြားထဲက Stressful Conditions ဆိုတဲ့ ဖိစီးမှုမျိုးစုံရှိတဲ့အနေထားမှာ ရှင်သန်လုပ်ကိုင်နေကြရတာပါ။ နေ့စဉ်နဲ့အမျှ သောကတွေ၊ ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေက နှလုံးရောဂါ၊ ပန်းနာရင်ကျပ်၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ ခေါင်းကိုက်ဝေဒနာ၊ စိတ်ကျရောဂါ၊ အစာအိမ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်း တွေဖြစ်စေပါတယ်။ ဒါတွေအားလုံးဟာ Non-communicable disease အောက်မှာပါဝင်တဲ့ရောဂါတွေပါပဲ။

ဒါ့အပြင် ဆေးရွက်ကြီးအငွေ့တွေကိုထိတွေ့ရှူရှိုက်နေရတာတွေကြောင့်လည်း နှစ်စဉ် ၇ ဒသမ ၂ သန်းသေဆုံးနေရဆဲပါပဲ။ အရက်သေစာကို အလွန်အကျွံသောက်သုံးလာသူတွေများလာပြီး ၃၀ ကျော် ၄၀ ကျော်အရွယ်မှာတင် အသည်းခြောက်၊ အသည်းရောဂါတွေဖြစ်ပြီး စောစီးစွာအသက်ဆုံးရှုံးကြရပါတယ်။

 

 

ကာကွယ်ရေး

ဒီလိုပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နည်းပညာတွေတိုးတက်လာပြီး လူ့သက်တမ်းတွေ၊ ပျော်ရွှင်ကျန်းမာမှုတွေ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း WHO က ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါတွေကို ကာကွယ်ရေးအသွင်နဲ့ ထိန်းသွားဖို့ စီမံနေတာဖြစ်ပါတယ်။ ဒီလို ကာကွယ်တဲ့အခါမှာလည်း ကျန်းမာရေးဝန်ဆောင်မှုတွေကို ထိရောက်စွာပေးနိုင်ဖို့ ကျန်းမာရေးရှုထောင့်တစ်ခု တည်းကနေတင်မဟုတ်ဘဲ လူသားတွေ ကျန်းမာရေးအသိရှိဖို့ ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဘက်ပေါင်းစုံကို မြှင့်တင်ပြီးလုပ်ဆောင်ပေးဖို့အရေးကြီးပါတယ်။

ဒါတွေကိုကာကွယ်ဖို့ ကျန်းမာဖို့အတွက်ဆိုရင်တော့ ကျွန်မတို့တွေ  comfort zone ထဲကနေ ရုန်းထွက်ဖို့လိုပါတယ်။

ဓာတ်လှေခါးနဲ့တက်မယ့်အစား လမ်းလျှောက်တက်ဖို့ ကြိုးစားပါ။ တစ်နေကုန် မလှုပ်မယှက်ထိုင်နေ မယ့်အစား လုပ်ငန်းခွင်မဝင်ခင် မနက်အစောဖြစ်စေ၊ အလုပ်ကအပြန်ဖြစ်စေ workout တစ်ခု (gym ဖြစ်ဖြစ်၊ အပြေးလေ့ကျင့်ခန်းဖြစ်ဖြစ်) ပုံမှန်လုပ်ပါ။ ကိုယ်ကြိုက်တဲ့ အချို၊ အဆိမ့်၊ အဆီတွေစားသလို ကိုယ်မကြိုက်ပေ မယ့် ကိုယ့်ကျန်းမာရေးအတွက်ကောင်းတဲ့ အသီးအရွက်နဲ့ လတ်ဆတ်သန့်ရှင်းတဲ့အစားစာတွေလည်း စားဖို့ မမေ့ပါနဲ့။

ဒီလို comfort zone ထဲက မရုန်းထွက်ဖြစ်ကြတဲ့အတွက် Non-communicable disease မှာအပါအဝင်ဖြစ်တဲ့ နှလုံးရောဂါကြောင့် နှစ်စဉ် ၁၇ ဒသမ ၇ သန်းနဲ့ ကင်ဆာရောဂါကြောင့် နှစ်စဉ် ၈ ဒသမ ၈ သန်း သေဆုံးနေကြရပါတယ်။ လူတွေဖန်တီးထားတဲ့နည်းပညာ တွေနဲ့ လူတွေကိုယ်တိုင်ရဲ့ ကျန်းမာသက်ရှည်ခြင်းကို အခြိမ်းခြောက်ခံနေရပြီဆိုတာ သတိထားပြီး ပြန်လည်ပြုပြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ ရှိ၊ မရှိ ပုံမှန်စစ် ဆေးပြီး လိုအပ်ရင် ကုသမှုတွေကို  စောစောစီးစီးခံယူပါ။ ဒီလို Regular Screening (ပုံမှန်စစ်ဆေးသွားတာ) ဟာ ရောဂါထိန်းချုပ်ရေးမှာ အင်မတန်ထိရောက်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

 

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *