မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီး ညီညာ ပျံ့နှံ့စေဖို့ ဒီနေ့ခေတ်မှာ မိတ်ကပ်ဘရပ်ရှ်တွေ၊ ဖော့တုံးပုံစံမျိုးစုံတွေ ပေါ်နေပါပြီ။ မျက်နှာပေါ်မှာ လိမ်းခြယ်တာဖြစ်လို့ သန့်ရှင်းဖို့ အရေးကြီးပါတယ်။ မိတ်ကပ်ဘရပ်ရှ်တွေဆိုရင် တစ်ပတ်တစ်ခါ မဆေးနိုင်ရင်တောင် နှစ်ပတ်တစ်ခါ ဆေးကြောသင့်ပါတယ်။ မိတ်ကပ်ဖော့တုံးတွေကိုဆိုရင် သုံးပြီးတိုင်း ဆေးကြောပေးမှ ဘက်တီးရီးယားတွေပေါက်ဖွားပြီး ဝက်ခြံထွက်တာကို မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
မိတ်ကပ်လိမ်းတဲ့ ဖော့တုံးတွေကို ဆေးကြောဖို့ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မိတ်ကပ်ဖော့တုံးကို ရေနွေးနဲ့ အရင်ဆေးပါ။ ဖော့တုံးကို ညစ်ညစ်ပြီး မိတ်ကပ်တွေ ထွက်နိုင်သလောက် ထွက်သွားအောင် လုပ်ပါ။
(၂) သံလွင်ဆီအနည်းငယ်ကို မိတ်ကပ်ဖော့တုံးထဲ အစက်ချပြီးထည့်ပါ။ မိတ်ကပ် အဆီတွေကို ဖယ်ရှားဖို့ သံလွင်ဆီက အကောင်းဆုံးဖြစ်ပါတယ်။
(၃) ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ ဆပ်ပြာရည်အနည်းငယ်ကို ဖော့တုံးထဲ ထပ်ထည့်ပါ။
(၄) ဖော့တုံးကို စတင်နှိပ်နယ်လို့ရပါပြီ။ ဒီမှာ မိတ်ကပ်အဆီတွေ ထွက်လာပါလိမ့်မယ်။ လိုအပ်သလို ဆပ်ပြာရည်ကို ထပ်ထည့်ပေးပါ။
(၅) ပြီးရင် ရေဘုံဘိုင်အောက်မှာ မိတ်ကပ်အဆီတွေ လုံးဝမရှိတော့တဲ့အထိ ဖော့တုံးကို ညစ်ညစ်ပြီး ရေဆေးချလိုက်ပါ။
(၆) လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တစ်သျှူးအရင်ခင်းပြီး မိတ်ကပ်ဖော့တုံးကို အခြောက်ခံပါ။
♥ Darliko ♥