ကလေးတွေမသောက်သင့်တဲ့ ဆေးတွေ . . .

 

ဘယ်ဆေးမဆို မတိုက်ခင်မှာ ဆရာဝန်နဲ့အရင် တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။ အထူးသဖြင့် ခုမှ ပထမဆုံး ဆေးစတိုက်မှာဆိုရင်ပေါ့။ ငယ်ရွယ်တဲ့ ကလေးတွေမှာ လူကြီးတွေထက်ပိုပြီး ဆေးကနေ ရနိုင်တဲ့ ADR (Adverse Drug Reactions) ဘေးထွက်ဆိုးကျိုး များပါတယ်။

ဘယ်ဆေးတွေကိုရှောင်ရမလဲ

– အက်စပရင်လို အကိုက်အခဲ၊ ဖျားနာပျောက်ဆေးတွေကို အသက် ၁၂ နှစ် အောက် ကလေးတွေမှာ ကိုယ့်သဘောနဲ့ကိုယ် မတိုက်ပါနဲ့။ ရေးရောဂါစု (Reye’s Syndrome) လို့ ခေါ်တဲ့ ဦးနှောက်ရောင်ရမ်းတာနဲ့ အသည်းပျက်စီးတာ ဖြစ်စေနိုင်ပါတယ်။

– ကလေးအသက် သုံးလအောက်မှာ ပါရာစီတမော တိုက်လို့မရပါဘူး။ ကလေးအသက် ခြောက်လအောက်မှာလည်း အိုင်ဗျူပရိုဖန် တိုက်လို့မရပါဘူး။

– ချောင်းဆိုးပျောက်ဆေးတွေကို အသက် သုံးနှစ်အောက် ကလေးတွေမှာ တိုက်လို့မရပါဘူး။ လူကြီးတွေမှာ ဆေးအာနိသင်ရရှိပေမယ့် ကလေးတွေမှာ ဆေးအာနိသင်မပြတဲ့အပြင် အသက် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

– ကလေးတွေမှာ ခေါင်းမူးတာက ခဏလေးနဲ့ ပြန်ပျောက်သွားနိုင်ပါတယ်။ ကလေးက ခေါင်းမူးပြီးအန်မယ်၊ ရေဓာတ်ခန်းခြောက်တာ ဖြစ်လာတယ်ဆိုရင် ဆေးခန်း၊ ဆေးရုံကိုသွားပါ။ ဆေးကောင်တာမှာ ဝယ်လို့ရတဲ့ ခေါင်းမူး၊ ခေါင်းကိုက်ပျောက်ဆေးတွေ အလွယ်တကူ မတိုက်ပါနဲ့။

– လူကြီးသောက်တဲ့ဆေးတွေ ကလေးကိုတိုက်ရင် နည်းနည်းခွဲတိုက်တာ၊ ဖဲ့တိုက်တာတွေ မလုပ်ပါနဲ့။ ဆေးတွေက အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအစား၊ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကွဲသွားတာမို့ လွယ်လွယ်ကူကူ တိုက်လို့ မရပါဘူး။ အထူးသဖြင့် ကလေးတွေရဲ့ အသက်အလိုက်အတွက် သီးသန့်ထုတ်ထားတဲ့ ဆေးပမာဏမျိုး ဖြစ်ဖို့လိုပါတယ်။

– နောက်အရေးကြီးတဲ့အချက်က ဒိတ်လွန်သွားတဲ့ဆေး၊ အရောင်ပြောင်းသွားတဲ့ဆေးတွေကို ဘယ်တော့မှ ဘယ်သူ့ကိုမှ မတိုက်ပါနဲ့။ ရက်စွဲကို သေချာကြည့်ပြီး ဒိတ်လွန်တာနဲ့ လွှင့်ပြစ်လိုက်ပါ။

ဘာတွေသတိထားရမလဲ

– ဆေးသောက်ပြီးလို့ အန်တာ၊ အနီစက်၊ အဖုအပိမ့် ထွက်တာဖြစ်လာရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံကို တန်းသွားဖို့ ပြင်ရပါမယ်။
– ကလေးတွေနားမှာ ဆေးပုလင်းတွေ မထားဖို့လည်း သတိထားရပါမယ်။
– ကလေးနားမှာများ ဖွင့်လက်စ ဆေးပုလင်းကို တွေ့ခဲ့မယ်ဆိုရင်၊ ကလေး သောက်လိုက်လား၊ မသောက်ဘူးလား မသေချာရင် ဆရာဝန်ဆီသွားပြမှ စိတ်ချရမှာ ဖြစ်ပါတယ်။
– ဆေးပုလင်း၊ ဆေးကတ် အကုန်လုံးကို ကလေးတွေနဲ့ ဝေးတဲ့နေရာ၊ လက်လှမ်းမမှီတဲ့ နေရာတွေမှာ သေချာ သိမ်းဆည်းထားသင့်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *