ကြက်ဥကို ဘာကြောင့် စားသင့်ပါသလဲ

ကြက်ဥမှာ ပါဝင်တဲ့ အာဟာရအပေါ် နားလည်မှု လွဲမှားခဲ့လို့ တစ်ချိန်က ပစ်ပယ်ခံခဲ့ရတဲ့ ကြက်ဥဟာ စျေးချိုပြီး အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်တာကြောင့် ခုချိန်မှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လို့နေပါပြီး။ ဒါ့အပြင် တစ်လုံးကို ကယ်လိုရီ ၇၀ သာရှိတဲ့ ကြက်ဥက သင့်အတွက် အောက်ပါ ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။
၁ ။ သူက စျေးအသက်သာဆုံးဖြစ်တဲ့ ပရိုတင်းပါ။
တစ်လုံးကို ကျပ် ၁၀၀ နဲ့ ၁၅၀ လောက်သာပေးရတဲ့ ကြက်ဥမှာ အဆင့်မြင့် ပရိုတင်း ခြောက် ဂရမ် တောင်ပါဝင်ပါတယ်။ ဒါက အသားစားတာကြောင့်ရရှိနိုင်မယ့် ခန္ဓာကိုယ်က လိုအပ်တဲ့ အမိုင်နိုအက်စစ် အကုန်လုံး ပါဝင်သွားပါတယ်။ ပရိုတင်းက အာဟာရအားလုံး အတွက် စိတ်ကျေနပ်မှု အရရှိဆုံးအစားအစာပါ။ ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းထက်ဝက်က သူ့အနှစ်ထဲမှာပါ။ဒါ့ကြောင့် ကြက်ဥစားတဲ့ အခါမှာ အကာသာမက အနှစ်ကိုပါ စားသုံးရပါမယ်။

၂ ။ သူက အဆာခံပါတယ်။
နံနက်စာ အဖြစ် ကြက်ဥကို စားသုံးသူတွေက ပေါင်မုန့် ၊ကိတ်မုန့် စားသုံးသူတွေထက် အဆာ ပိုခံနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။ ကြက်ဥစားထားသူတွေရဲ့ သွေးထဲမှာ ဆာလောင်မှုဟော်မုန်းတွေလျော့နည်းသွားတာကြောင့် နေ့လယ်စာကို အချိန် နောက်ကျမှ စားတဲ့ အထိ အဆာခံနိုင် သလို စားသုံးတဲ့ ပမာဏလည်းလျော့နည်းသွားနိုင်ပါတယ်။

၃ ။ အလင်းရောင်ဒဏ်မှ မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။
ကြက်ဥ မှာ များစွာပါဝင်တဲ့ လူတင်ဟာ အမြင်အာရုံ ဆုံးရှုံးမှုဖြစ်စေတဲ့ မက်ကူလာ ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်က စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာ ကနေ ရရှိတဲ့ အပြာရောင်အလင်းတန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် မျက်လုံးပျက်စီးမှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ လူတင်က ကြက်ဥ အနှစ်ထဲမှာပါဝင်တာပါ။ အကာမှာ မပါဝင်ပါဘူး။

၄။ သင်ထင်ထားသလို သွေးကြောပိတ်ဆို့ မှု မဖြစ်နိုင်ပါဘူး။
အရင်တုန်းကတော့ ကြက်ဥစားသုံးရင် သွေးထဲက ကိုလက်စတရော ပမာဏ မြင့်တက်လာပြီး နှလုံးရောဂါ ရရှိလိမ့် မယ်လို့ ထင်မှတ်ထားကြပါတယ်။ အခုအခါမှာတော့ ကြက်ဥနဲ့ ပင်လယ်စာလိုမျိုး အစားအစာတွေက ရရှိတဲ့ ကိုလက်စတရောတွေက ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန် အာဟာရဌာနရဲ့ နောက်ဆုံး ညွှန်ကြားချက်အရ ကိုလက်စတရောကို တစ်နေ့ ၃၀၀ မီလီဂရမ်စားသုံး နိုင်တယ်လို့ သိရပါတယ်။

၅ ။ ကြွက်သားထု အားကောင်းနိုင်ပါတယ်။
ကျွန်မတို့က အသက် ၃၀ အရွယ်က စတင်ပြီး ကြွက်သားထု ဆုံးရှုံးလာပါတယ်။ဆယ်စုနှစ် တစ်စုအတွက် ငါး ရာခိုင်နှုန်းစီ ဆုံးရှုံးသွားပါတယ်။ ကြွက်သားဆုံးရှုံးသွားတာကြောင့် အားလျော့သွားပြီး ကြံ့ကြံ့ခိုင်မှု ကျဆင်းလာတဲ့ အတွက် လိမ့်ကျနိုင်ခြေ မြင့်မားသွားပါတယ်။ ကြွက်သားသန်မာအောင် လေ့ကျင့်ခန်း ပြုလုပ် ပေးနိုင်သလို ပရိုတင်းကို လုံလုံလောက်လောက်စားဖို့ ကလည်း အရေးကြီးပါတယ်။ ကြက်ဥမှာ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးနိုင်မယ့် အဆင့်မြင့် ပရိုတင်းတွေ ပါဝင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal