ကျွန်မ . . . နှစ်သက်သော လက်သည်းနီဆိုးဆေးများ

နာမည်ကသာ လက်သည်းနီဆိုးဆေးပါ။ သူက ဒီနေ့ခေတ်မှာ အနီရောင်တစ်မျိုးတည်း မဟုတ်တော့ပါဘူး။ သင့်စိတ်ကူးထဲက အရောင်တွေအကုန် လက်သည်းဆိုးဆေးတွေ ရှိလာပါပြီ။ သင် အင်္ကျီ ဘာအရောင်ပဲဝတ်ဝတ် အင်္ကျီအရောင်နဲ့လိုက်ပြီးဆိုးဖို့ လက်သည်းဆိုးဆေးတွေ အရောင်စုံ ရရှိနိုင်ပါပြီ။ ဘီစီ ၃၀ဝ၀ လောက်က တရုတ်ပြည်မှာ လက်သည်းဆိုးဆေးတွေ စတင်အသုံးပြုလာတာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာဆို အထက်တန်းလွှာတွေကသာ လက်သည်းဆိုးဆေး အရောင်ရင့်တွေ ဆိုးခွင့်ရတာဖြစ်ပြီး သာမန်လူတွေက အရောင်ဖျော့တွေပဲ ဆိုးခွင့်ရခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ လက်သည်းဆိုးဆေးတွေကို လူတိုင်းအလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

ဈေးနှုန်းအရ ကြည့်မယ်ဆိုရင်လည်း သက်သက်သာသာ ရာဂဏန်းနဲ့ ဝယ်လို့ရတဲ့ လက်သည်းဆိုးဆေးတွေရှိသလို ထောင်ချီ၊ သောင်းချီနေတဲ့ လက်သည်း ဆိုးဆေးတွေလည်း ရှိပါတယ်။ ဈေးကြီးတိုင်းလည်း မကောင်းနိုင်သလို ဈေးသက်သာတိုင်းလည်း မကောင်းကြပါဘူး။ ကောင်းတာ၊ မကောင်းတာဆိုတာ အရောင်ထွက်လှတာ၊ မလှတာကို ပြောချင်တာ မဟုတ်သေးပါဘူး။ ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်၊ မပေးနိုင်ကို ပြောတာပါ။

လက်သည်းနီဆိုဆေးလေးက လက်သည်းခွံပေါ်ဆိုးတာပဲ၊ ဘာဖြစ်လို့လဲလို့ မေးကောင်းမေးချင်ပါလိမ့်မယ်။ ဒီတော့ လက်သည်း၊ ခြေသည်းတွေ အကြောင်းကနေစပြီး အတိုချုပ်ပြောပြချင်ပါတယ်။

 လက်သည်း၊ ခြေသည်းတွေဆိုတာ

လက်သည်း၊ ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်းတွေနဲ့ ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ လက်သည်းခွံကို Nail Plate လို့ခေါ်ပြီး လက်သည်းခွံအောက်က အသားကို Nail Bed လို့ ခေါ်ပါတယ်။ လက်သည်းခွံ စပြီးထွက်တဲ့ နေရာအောက်က အသားစပ်နေရာကို Matrix (မက်ထရစ်) လို့ ခေါ်ပါတယ်။ ဒီနေရာက အာရုံကြော၊ Lymph၊ သွေးကြောတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီ မက်ထရစ်ကနေ ဆဲလ်အသစ်ဖြစ်ပေါ်ပြီး လက်သည်းတွေ ရှည်လာစေတာပါ။ လက်သည်း၊ ခြေသည်း အရှည်နှုန်းက လူတစ်ယောက်ရဲ့ အသက်အရွယ်၊ အစာ အာဟာရ၊ မျိုးရိုးဗီဇတွေနဲ့ ဆက်စပ်နေပါတယ်။ များသောအားဖြင့် တစ်လကို သုံးမီလီမီတာ ရှည်ပါတယ်။

 လက်သည်းဆိုးဆေးတွေက ဘယ်လိုသက်ရောက်နိုင်လဲ

လက်သည်းခွံ၊ ခြေသည်းခွံတွေက စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒီကတစ်ဆင့် ဓာတုပစ္စည်းတွေက စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ထဲကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လက်သည်းအားဖြည့်ခရင်ခ်တွေ၊ လက်သည်း လိုးရှင်းတွေ ရှိလာတာပါ။ လက်သည်းဆိုးဆေးတွေထဲမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့အခါ လက်သည်းခွံတွေကနေ ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲထိ စိမ့်ဝင်သွားနိုင်ပါတယ်။ လက်သည်းနီဆိုး ဆေးထဲမှာ ထည့်သွင်းထုတ်လုပ်တတ်တဲ့ အန္တရာယ်ပြု ဓာတုပစ္စည်းတွေကတော့ ဒိုင်ဗျူတိုင်းသဲလိတ် (Dibutyl phthalate)၊ တောလူရင်း (Toluene)၊ ဖောမယ်လ်ဒီဟိုက် (Formaldehyde) တွေ ဖြစ်ပါတယ်။ ဒိုင်ဗျူတိုင်းသဲလိတ်က အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက် စေနိုင်ပြီး ဖော်မယ်လ်ဒီဟိုက်က ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။ တောလူရင်းက ထိတွေ့တာ ကြာတဲ့အခါ အရေပြား ယားယံတာဖြစ်ပြီး သူ့ကို ရှူမိရင် အာရုံကြောထိတာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အသက်ရှူလမ်းကြောင်း ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

 ဘယ်လိုသိနိုင်မလဲ

Toxin-free ဆိုပြီးတော့ တံဆိပ်ကပ်ထားတိုင်း တစ်ကယ် Toxin-free မဖြစ်နိုင်ပါဘူး။ သုတေသီတွေက စမ်းသပ်ခဲ့ရာမှာ အဆိပ်ကင်းတယ်ဆိုပြီး တံဆိပ်ကပ်ထားတဲ့ လက်သည်းဆိုးဆေးတွေထဲမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ ဝင်နေတာကို တွေ့ရှိခဲ့ပြီး အဆိပ်ကင်းတယ်ဆိုပြီး တံဆိပ်မကပ်ထားတဲ့ လက်သည်းနီဆိုးဆေးတွေဟာတော့ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပုလင်းခွံမှာ ရေးထားတာတွေက ယုံလို့မရနိုင်ပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးမှ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းနီဆိုးလိုက်လို့ သင့်လက်သည်းတွေက အရမ်းခြောက်ပြီး ကျိုးပဲ့တာ၊ အဖတ်တွေကွာတာဖြစ်ရင် လက်သည်းဆိုးဆေးတွေကို မဆိုးဘဲ ၁၀ ရက်လောက် ရပ်နားလိုက်ပါ။ နေ့စဉ်မှာ လက်သည်းကို လိုးရှင်းလိမ်းပေးတာ၊ ရေနွေးထဲမှာ ငါးမိနစ်လောက် စိမ်ပေးတာလုပ်ပါ။

 ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *