Narcissistic Personality Disorder
NPD ကို အလွယ်ဆုံး အဓိပ္ပါယ် ဖွင့်ရမယ်ဆိုရင် empathy ဆိုတဲ့ မျှဝေခံစားမှု လုံးဝမရှိဘဲ ဟိတ်ဟန်များပြီး လူတကာရဲ့ အာရုံစိုက်မှု၊ အလေးပေးမှုကို အလွန်အမင်းလိုလားတဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ disorder တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ character မှာ မောက်မာတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ အာဏာသုံးတာ၊ ခြယ်လှယ်တာတွေက လုပ်ရိုးလုပ်စဉ်တွေပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ကိုယ်တည်း အောင်မြင်ဖို့သာလျှင်အရေးကြီးတယ်လို့ ခံယူထားကြသူများလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်တတ်သူတွေဟာ ငယ်စဉ် early adulthood မှာကလည်းက သူတို့ရဲ့ အမူအကျင့်တွေ ပေါ်လာမှာဖြစ်ပြီး ဒီဗီဇတွေက တဖြည်းဖြည်းပေါ်လာမှာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ဆက်ဆံတဲ့အခါ၊ Relationship ထားတဲ့ အခါတွေမှာ သူတို့ရဲ့ စိတ်ထားကပိုပြီး သိသာ ပေါ်လွင်လာစေပါတယ်။
NPD ရှိသူတွေဟာ တခြားလူတွေထက် သူတို့ဟာ ပိုသာတယ်၊ ပိုထူးခြားတယ်လို့ ခံယူထားတတ်ပြီး သူတို့ရဲ့ Self-esteem ကို ပိုတိုးစေတဲ့ မြောက်ပင့်ပြောဆိုတတ်သူတွေနဲ့ ပေါင်းသင်းလေ့ရှိပါတယ်။ သူတို့ကို တခြားလူတွေအထင်ကြီးတာကို အလွန်တရာနှစ်သက်သူတွေလည်း ဖြစ်ပါတယ်။ အပြစ်ရှာဝေဖန်ခံရတာသော်လည်းကောင်း ရှုံးနိမ့်တာသော်လည်းကောင်း ခံရရင် သူတို့အတွက် နေရအရမ်းခက်ခဲပြီး tolerate မလုပ်နိုင်ကြပါဘူး။ ငြင်းပယ်ခံရတာ၊ ဝေဖန်ခံရတာကို သူတို့ကို နှိမ့်ချတယ်လို့ ယူဆပြီး အပြင်းအထန် ခံစားရသူများလည်း ဖြစ်ပါတယ်။
NPD လက္ခဏာများ
– ကိုယ့်အတွက်ကိုယ်ပဲ အရေးကြီးဆုံးလို့ သတ်မှတ်ထားတာ (Exaggerates own importance)
– အောင်မြင်မှု၊ ကျော်ကြားမှု၊ အလှအပ၊ ထက်မြတ်မှု၊ အချစ် စတာတွေနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား စိတ်ကူးယဉ်တတ်တာ
– သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ထူးခြားတယ်လို့ ထင်မှတ်ထားပြီး ထူးခြားတဲ့သူအချင်းချင်းကပဲ သူ့ကို နားလည်ပေးနိုင်တယ်လို့ ခံယူထားတာ
– တခြားလူတွေဆီက အဆက်မပြတ် အာရုံစိုက်မှုနဲ့ အထင်ကြီးမှုကို လိုချင်တာ
– အကျိုးအကြောင်းမသင့်လျော်တဲ့ မျှော်မှန်းချက်တွေ အားကြီးတာ
– သူရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ တခြားလူတွေကို အသုံးချဖို့ ဝန်မလေးတာ
– တခြားလူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုတာ၊ မျှဝေခံစားစိတ်မရှိတာ
– တခြားလူတွေအပေါ် မနာလိုစိတ်ရှိနေပြီးတော့ တခြားလူတွေက သူ့ကို မနာလို ဖြစ်နေတယ်လို့ ထင်တာ
– မောက်မာပြီး ဟိတ်ဟန်ကြီးတဲ့ အသွင်၊ စရိုက်ရှိတာ
ဘာကြောင့်ဖြစ်တာလဲ
Narcissistic Personality Disorder ရှိတဲ့ လူတွေရဲ့ ၅၀ – ၇၅ ရာခိုင် နှုန်းက အမျိုးသားတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာမသိပေမယ့် မျိုးရိုးဗီဇ၊ မွေးဖွားခဲ့တဲ့ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ ငယ်စဉ်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ သက်ဆိုင်နေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
ကုသနိုင်လား
NPD ရှိသူတွေကို ကုသဖို့ဆိုတာ မလွယ်ကူတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့လည်း Narcissistic Personality Disorder ရှိနေတယ်ဆိုတာကို လက်ခံဖို့ ငြင်းဆန် မှာပါ။ အဓိကအနေနဲ့ ထောက်ထား ကြင်နာသနားစိတ် ဖြစ်ပေါ်ဖို့ လိုပါတယ်။ ဒီမှာတော့ NPD ကို ရောဂါတစ်ခု အနေနဲ့ သတ်မှတ်ပြီး ကုသတာတွေ မရှိသေးပါဘူး။ NPD ကို ကုသဖို့ Mentalization-based therapy, Transference-focused psychotherapy, Schema-focused psychotherapy ကုထုံးတွေကို အသုံးပြုနိုင်ပါတယ်။
♥ ထူးဒါလီကိုကို (MPharm) ♥